အားလုံးနှစ်သစ်ကူးမှာ ပျော်ရွှင်နိုင်ပါစေ

၂၀၁၃-ခု၊ မေလအတွက် (၇)ရက်သားသမီး ကံကြမ္မာဟောစာတမ်း

တနင်္ဂနွေသားသမီးများအတွက်
အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း ပြောင်းရွှေ့ရခြင်း လုပ်ရတတ်သည်။ အိမ်သစ်ဆောက်လျှင် ကောင်းအချိန် ဖြစ်သည်။ လုပ်ငန်းအသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်သစ်များ။ ပေါ်လာလိမ့်မည်။ လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်းရခြင်း နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတတ်သည်။ အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတတ်သော ကာလဖြစ်သည်။ ဇာတာရှင်သည် ယောက်ျားဖြစ်ပါက အိမ်ထောက်ကျလျှင် ကောင်းပါသည်။ မင်္ဂလာဆောင်လျှင် စည်ကားသော မင်္ဂလာဆောင်ဖြစ်မည်။ အိမ်ထောင်ပရိဘောဂ အိမ်သုံးပစ္စည်း ၀င်တတ်သည်။ သူခိုး၊ မျက်စေ့ အကျခံရတတ်သော ကာလဖြစ်၍ သူခိုး အခိုးခံရတတ်ကြောင်း သတိပြုပါလေ။ ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။ ဘုရားဖူးခရီး သွားရတတ်သည်။ ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။ ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတတ်သည်။ အိမ်သို့ အတောင်ပါသော သတ္တ၀ါများ ၀င်လာ တတ်သည်။ ၀င်လျှင် နိမိတ်ကောင်းသည်။ သွပ် သံ သစ် စသော သောကြာနံပစ္စည်းများ ၀င်လာတတ်သည်။ အထူးသတိပြုရန် မိတ်ဆွေရင်း လုပ်ဖော်ကိုင်ဘက်တို့က ဒုက္ခပေးတတ်သည်။ မြေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ မြေအ ၀င်မခံရပါ။ မြေ၀င်လျှင် ကြာသပတေးနံ ထုတ်ပစ်ပါ။ ပညာရေးနှင့် ပတ်သက်သောပစ္စည်း လှူဒါန်းပါ။ ရွှေနှင့် အဖိုးတန် ရတနာပစ္စည်းများ ၀င်လာမည် ဘုရာဆင်းတုတော် စွယ်တော် ရဟန္တာပုံတော်များ ကြွလာတတ်သည်။ လက်ဝတ်ရတနာများ ကျောက်ပြုတ်ထွက်ခြင်း ပျောက်ခြင်း၊ ဖြစ်တတ်သည်။ အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင် ကြီးစွာကြုံမည်။ အတိုက်အခံမှန်သမျှ အနိုင်ရမည်။ မိသားစု အကြီးအကဲ လုပ်ငန်းအကြီးအကဲ တို့ကြောင့် စိတ်ညစ်ရတတ်သည်။ အထူးသဖြင့် ဖခင် ကျန်းမာရေး ညံ့တတ်သည်။ ထီပေါက်သကဲ့သို့ ငွေများဝင်တတ်သည်။ ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက် ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ အုန်းထမင်း၊ အုန်းနို့နှင့်ချက်ထား သော ဘဲသားဟင်းကို ဘုန်းကြီးလှူပါ၊ တံခွန်းကုက္ကား မလေးပွား ဂြိုလ်တိုင်သက်စေ့လှူပါ

တနင်္လာသားသမီးများအတွက်
အလှူအတန်းကိစ္စများ မုချလုပ်ရမည်။ ငွေအစုလိုက် အပုံလိုက် ၀င်လာလိမ့်မည်။ မိမိ၏ အလုပ်မှလည်းကောင်း၊ ထီပေါက်၍လည်းကောင်း ၀င်လာတတ်သည်။ ဤကာလမျိုးး၌ သာမန်အခြေအနေမျိုးမှနေ၍ စီးပွားအရှိန်အဟုန် နှင့်တက်ကာ လက်ရှိအခြေအနေထက် အဆပေါင်းများ စီးပွားတက်လိမ့်မည်။ မိမိလုပ်ငန်းများကို အင်နှင့် အားနှင့် တိုးချဲ့လုပ်ကိုင်သင့်သော်လည်း ဖြတ်လမ်းမလိုက်ရန် သတိပေးလိုပါ သည်။ မိမိအား ပြဿနာလုပ်နေသူများ ရှိလျှင် အဆင်ပြေသွားမည်။ မသင့်မြတ်သူများနှင့် ပြန်လည်သင့်မြတ်သွားမည်။ အဖိုးတန်ကျောက် မျက်ရတနာများ ၀င်မည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးအတွက် သောကရောက်ရသော ကာလဖြစ်သည်။ အထက်လူကြီး၊ မိသားစု ကြီးကဲသူများကြောင့် စိတ်ညစ်ရမည်။ အတူနေမိသားစုထဲမှ အကြီးအကဲ အဘိုး အဘွားများအရေးဖြစ်တတ်သည်။ တခြားပို့ထားပါ။ လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော ကိစ္စများ အကျိုးပေး အောင်မြင်မည်။ ခရီးများမကြာခဏ ထွက်ရတတ်သည်။ ထိုခရီးများသည်လည်း အကျိုးပေး အောင်မြင်လိမ့်မည်။ ၀န်ထမ်းဆိုလျှင် ရာထူးတက်ခြင်းအခြေအနေ မြင်တတ်ခြင်း ကြုံရလိမ့်မည်။ ပညာရေးကိစ္စများ သင်တန်းကိစ္စများကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ ရွှေထွက်ခြင်း၊ ရွှေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ အင်္ဂါနံ စိန်၊ စက်ပစ္စည်း ထွက်တတ်သည်။ ရွှေထည်ဝယ်လျှင် အသစ်များသာ ၀ယ်သင့်သည် အပျက် အဟောင်း မ၀ယ်သင့်ပါ။ အထူးသတိပြုရန် အောက်လက်ငယ်သား သားသမီး ထွက်သွားခြင်း၊ ၎င်းတို့အတွက် သောကရောက်ရခြင်းများ ကြုံ ရတတ်သည်။ ဆီးရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးခြင်း၊ အစားမှားခြင်း၊ ဆေးမှားခြင်းများ ကြုံရတတ်သည်။ စာရွက်စာတမ်း စာချုပ်ကိစ္စ များအတွက်စိတ်ညစ်ရခြင်း၊ ပစ်စာ တိုင်စာ ရောက်ခြင်းများ ကြုံရတတ်သည်။ ဆွေမျိုးသားချင်းများကို ကောင်းစွာ အကူအညီ ပေးနိုင်လိမ့် မည်။ လက်ရှိအလုပ်အကိုင်ကို စိတ်မ၀င်စားခြင်း၊ အလုပ်ပြောင်းလိုစိတ်များ ကြုံလာတတ်သည်။ အိမ်ဝယ်နိုင်သော် လည်း အိမ်အနားအဆာ မလွတ်၊ အိမ်ဧည့်သည်မပြတ်၊ အိမ်ဆောက်လျှင် တန်းလန်းဖြစ်တတ်သည်။ ခိုင်မာသော စီးပွားရေးလုပ်ငန်းများ တည်ဆောက်ထားပါ။ ရရှိသော အကြွေးများကို ယခုကာလတွင် ကြိုတင်စုဆောင်းထားပါ။ သို့မဟုတ်ပါက ဆုံးတတ်သည်။ ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ ထီးဖြူအသေးသက်စေံနှင့် ထီးဖြူအကြီး တစ်လက်ကို မွေးနေ့နက်တွင် ဘုရားလှူပါ။ အမွှေးနဲ့သာနှင့် ဘုရားအားရေသပ္ပာယ်ပါ။

အင်္ဂါသားသမီးများအတွက်
ဘုရားဆင်တုတော်၊ ပုံတော်၊ ရဟန္တာပုံတော်များ ကြွလာတတ်သည်။ မထင်မှတ်သော ခရီးများ မရည်ရွက်သော ခရီးများသွားရတတ်သည်။ သူတစ်ပါးကိစ္စအတွက် ခရီးသွားရတတ်သည်။ လူမျိုးခြားက ကူညီခြင်း၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သောကိစ္စများ အောင်မြင်ခြင်းများကြုံမည်။ နာမည်ဂုဏ်သတင်း တိုးတက်ခြင်း ဘုန်တန်ခိုး တိုးတက်ခြင်းများ ကြုံရမည်။ မနာလိုသူလည်း ပေါ်လိမ့်မည်။ မိမိထက်မြင့်သူနိမ့်သူ နှစ်ဦးလုံးက ဒုက္ခပေးလာတတ် သောအချိန် ဖြစ်ပါသည်။ လုပ်ဖော်ကိုင်ဘက်များ အောင်မြင်တော့မလိုလိုနှင့် အခက် အခဲကြီးစွာ ကြုံတတ်သည်။ အလုပ်တွင် အပျက်စီးအဆုံးရှုံး အလေအလွင့်များနေလိမ့်မည်။ ငွေပျောက်ခြင်း ကြွေးတင်ခြင်း ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ ကြီးကဲသူ အထက်လူကြီးများကြောင့် စိတ်ညစ်ရတတ်သည်။ အလှူပွဲ မင်္ဂလာပွဲ အစီစဉ်များ အထစ်အငေါ့ကြုံခြင်း ရက်ရွှေ့ခြင်းများ ကြုံရတတ်သည်။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ရေးအဆင်မပြေ ဖြစ်နေမည်။ လက်ရှိအလုပ်အကိုင် ပြောင်းချင်စိတ်ပေါ်လာမည်။ ပြောင်းလျှင် ပိုဆိုးသွားတတ်သည်။ အထူးသတိပြုရန် ။ အစာအဆိပ်ဖြစ်ခြင်း၊ ခြေထောက် ခါး၊ သွား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ ဤလအတွင်း အမှုအခင်း မဖြစ်စေရန် အထူးဂရုစိုက်ပါ။ ဖြစ်လျှင် မပြီးနိုင်ဘဲ ဖြစ်နေတတ် သည်။ ငွေနှင့်လိုက်လျှင် ရှုံးသွားတတ်ပါသည်။ ပစ္စည်း မဌားရမ်းပါနှင့် ဆုံးလိမ့်မည်။ ဤကာလအတွင်း မည်သည့်အခက်အခဲနှင့် ကြုံသည် ဖြစ်စေ အားကိုး မရှာနှင့်။ ဒုက္ခပေးမည့်သူများသာ ပေါ်လာတတ်သည်။ အောက်လက်ငယ်သား ထွက်သွားခြင်း၊ ကျန်းမာရေးညံ့ခြင်း ကြုံရ တတ်သည်။ ထီကံကောင်းသော ကာလဖြစ်ပါသည်။ ပညာအသစ်တစ်ခု ရတတ်သည်။ အိမ်ထောင်ဘက် ကျန်းမာရေး ညံ့လိမ့်မည်။ ခါး အောက်ပိုင်း ဒုက္ခပေးတတ်သည်။ ဆေးရုံ၊ ဆေးခန်းသို့သွားရတတ်သည်။ ကျောဒုက္ခပြေးခြင်း၊ ကျော၌ရောဂါရခြင်း ဖြစ်မည်။ အိမ်ပြင်၊ အိမ် ဆောင်၊ အိမ်ပြောင်း မပြုပါနှင့်။ အာမခံမလုပ်ပါနှင့်။ စပ်တူအရောင်းဝယ် အကြီးအကျယ် မလုပ်ပါနှင့်။ ဤကာလအတွင်းကောင်းကျိုးချမ်း သာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်လေ။ နေ့စဉ်ခန္ဓာကိုယ် သန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေး လုပ်ပါ။ သောက်ရေအိုး ကိုယ်တိုင် ရေထည့်ပါ။ တစ်ပတ်တစ်ကြိမ်အဓိဋ္ဌာန်ဝင်ပါ။

ဗုဒ္ဓဟူးသားသမီးများအတွက်
အလုပ်နေရာ အိမ်နေရာအသစ်ရခြင်း၊ နေရာထိုင်ခင်း မွမ်းမံပြင်ဆင်ရခြင်း ပြောင်းရွှေ့ရခြင်းများ ကြုံတတ်သည်။ ခရီးတိုး ခရီးရှည်များ သွားနေရလိမ့်မည်။ ထိုခရီးသည်များသည်လည်း သင့်အတွက် ကျိုးထူးစေပါလိမ့်မည်။ မထင်မှတ်ဘဲ ပညာတစ်ခုသင်ကြားရခြင်း သင်တန်းတစ်ခု တက်ရခြင်းများ ပြုလုပ်ရတတ်ပါသည်။ မရည်ရွယ်ဘဲ မြေ၀င်တတ်သည်။ ဤလအတွင်း အစစအရာရာသတိကြီးစွာထား ရန် လိုပါသည်။ မိမိအပေါ် မကောင်းကြံခြင်း မကောင်းပြောခြင်းများ ခံရတတ်သည်။ အလုပ်အကိုင်၌ ထိုခိုက်တတ်သည်။ ပြဿနာကြီးစွာ ဖြေရှင်းရတတ်သည်။ ရုံးပြင်ကန္နာ၊ အမှုအခင်းများနှင့် ပတ်သက်ရတတ်သည်။ မိမိနှင့်တကွ မိသားစုပါကျန်းမာရေး ညံ့တတ်သည်။ ဆေးရုံ၊ ဆေးခန်းအထိ ရောက်ရတတ်သည်။ မီး၊ လျှပ်စစ် ဒုက္ခပေးတတ်သည်။ အထူးသတိပြုပါ။ လူမျိုးခြား ဒုက္ခပေးတတ်သည်။ သားသမီး လက်အောက်ငယ်သားအတွက် စိတ်ညစ်စရာကြုံမည်။ စက်ပစ္စည်း ဒုက္ခပေးတတ် သည်။ ရွှေနှင့် ရတနာပစ္စည်းများ ထွက်ခြင်း၊ ပေါင်နှံရခြင်းများ ကြုံရတတ်သည်။ ငွေဒလဟောထွက်ခြင်း၊ ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ မထင်မှတ်သော ဆွေမျိုးသားချင်းက အကူအညီကောင်း ပေးလိမ့်မည်။ ဌာနဆိုင်ရာ အကြီးအကဲ၊ ဆွေမျိုးအကြီးအကဲတို့က အကူအညီအကောင်း ပေးလာလိမ့်မည်။ အထူးသတိပြုရန် ကျန်းမာရေးညံ့သော သက်ကြီးရွယ်အိုများ အိမ်သို့ လာရောက်တည်းခိုလျှင် ဆုံးပါးသွားတတ်သည်။ ခြေထောက် တွင်အန္တရာယ်ဖြစ်တတ်သည်။ လုပ်ငန်းအသစ်၊ အစီအစဉ်သစ်များ ပေါ်ပေါက်လာတတ်သည်။ ယခင်နှစ်များက ကျန်ခဲ့သော ရွှေ၊ငွေ၊ရတနာများ ယခုနှစ်ထဲတွင် ကုန်ဆုံးသွားတတ်သည်။ လောကဓံတရား၏ မတရားညှဉ်းပမ်းမှုကို ခံရပြီး မမျှော်လင့်ဘဲ သံဝေဂတရား ရလိမ့်မည်။ အစစ်အဆေး အမေးအမြန်း ခံရတတ်သည်။ ကိုယ်ခန္ဒာ အစိတ်အပိုင်း တစ်ခုခု ထိခိုက်တတ်သည်။ ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ ထီးနီသက်စေ့လှူပါ။ ဆေးဝါးဓာတ်စာလှူပါ။

ကြာသပတေးသားသမီးများအတွက်
ဤလအတွင်း စိန်ထည်ပစ္စည်းများ စက်ပစ္စည်းများ ၀င်လိမ့်မည်။ လုပ်ငန်းသစ်လုပ်ရန် အကြံအစည်ကောင်းများ အဆက် အဆက်သွက်ကောင်းများ ပေါ်လာလိမ့်မည်။ သို့သော် ဤကာလအတွင်း ပစ္စည်များကို ထုခွဲရောင်းချ၍ လုပ်ငန်းအသစ် ကြီးကြီးမားမား စရန် မကောင်းသေးပါ။ ဤကာလအတွင်း ထီမထိုးသင်ပါ။ ထီပေါက်လျှင် မိသားစုအတွင်း ကျန်းမာရေး ဆိုးဆိုးဝါးဝါး ညံ့သွားတတ်သည်။ မသွားချင်သော ခရီးများ စိတ်ညစ်စရာခရီးများ သွားရတတ်သည်။ အထက်လူကြီး ဆွေမျိုးအကြီးအကဲတို့က မိမိအပေါ် အထင်လွဲတတ်သည်။ သားသမီးများ ကျန်းမာရေး ညံ့တတ်သည်။ ရွှေထွက်မည်။ ရွှေဝယ်မိပါက ၀ယ်သူ၏ ဇနီး-ခင်ပွန်းထွက်လိမ့်မည်။ ခြေ၊ လက်၊ မျက်ခြင်း၊ ခါးနားခြင်းများ ဖြစ်တတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လာလိမ့်မည်။ လုပ်လျှင် အောင်မြင်မည်။ အထူးသတိပြုရန် ငွေလူလိမ်ခံရမည်။ ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်သည်။ မိတ်ဆွေအပေါင်းအသင်း များနှင့် မမျှော်လင့်ဘဲ လမ်းခွဲရတတ်သည်။ သားသမီးရှိက အိမ်မှ ထွက်သွားလိမ့်မည်။ ဒီကာလမှာ ကိုယ်ဝန်ဆောင် မိန်းမတွေ အထူးသတိပြုပါ။ မွေးလျှင် အခက်အခဲတွေ့နိုင်သည်။ သူ့သဘော သူဆောင် ရလာသောငွေနှင့် လိုက်လျောညီထွေဖြစ်အောင် နေပါ။ ဘာမှလုပ်စရာ မရှိပါက ထိုင်နေပါ။ ဥာဏ်ကို ဥာဏ်သုံးလုပ်မှ ဒုက္ခတွေ့တတ်သည်။ အမှု မဖြေရှင်းရပါ။ တတ်နိုင်သလောက် အချိန်ဆွဲပါ။ မဖြစ်မနေ ပြဿနာမှုတွေ ရှင်းရမယ်ဆိုလျှင် အရှုံးပေးလိုက်ပါ။ ငွေဝင်လာလျှင် မြေ၀ယ်ထားပါ။ အိမ်ကြီးကြီးကျယ်ကျယ် မဆောက်ပါနှင့် ဤကာအတွင်း ကောင်းကျိုးချမ်းသားများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ အိမ်ကဘုရားတွင် ကောဖီ (၁)ခွက်နှင့် ကိတ်မုန့်(၁) ချပ် ကပ်လှူလိုက်ပါ။

သောကြာသားသမီးများအတွက်
ဤလအတွင်း၌ သင်သည် အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။ ယခုကာလတွင် အိမ်ထောင်ပြုပါက တည်မြဲသော အိမ်ထောင်မဖြစ်နိုင်၊ အိမ်ထောပြုလျှင် သားသမီး ပါလာတတ်သည်။ လုပ်ငန်းသစ်များ စတင်ရတတ်သည်။ ထိုလုပ်ငန်းများသည်လည်း လွန်စွာကျိုးပေး အောင်မြင်မည်။ အလှူအတန်းပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။ အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်သည်။ ရွှေဝင်မည်။ ရတနာပစ္စည်းများ ၀င်မည်။ ဘုရားဆင်းတုတော်၊ ပုံတော်များ ကြွလာမည်။ သင့်အတွက် အလွန်ကောင်းသောနိမိတ် ဖြစ်ပါသည် ဤကာလအတွင်း၌ စီးပွားအလွန်ကောင်းသကဲ့သို့ ကိုယ်ကျင့်တရား အထူးအရေးကြီးသော အချိန်ဖြစ်ပါသည်။ အမှုအခင်ဖြစ်နေသူကို ငွေမချေးပါနှင့်၊ အာမခံ မလိုက်ပါနှင့်၊ သတိပြု၍ ရှောင်ကြဉ်ပါ။ ပတ္တမြား မြ ထွက်တတ်သည်။ အထူးသတိပြုရန် အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဘက်နှင့် အဆင်မပြေ ကြီးစွာဖြစ်တတ်သည်။သွပ်၊ သံ၊ သစ်တစ်ပတ်ရစ်ပစ္စည်းလက်မခံပါနှင့်၊ အောက်လက်ငယ်သား ဒုက္ခပေးတတ်သည်။ နာရေးကိစ္စကို အကြောင်းပြ၍ ခရီးသွားရတတ်သည်။ ဆရာသမားကဲသို့သော ပုဂ္ဂိုလ်များနှင့် အဆင်မပြေ ဖြစ်မည်။ လုပ်ဖော်ကိုင်လက်များ မိတ်ဆွေများနှင့် အဆင်မပြေ လမ်းခွဲ ရတတ်သည်။ ယခုကာလတွင် အိမ်ဆောက်လျှင် မကောင်းပါ အစားမှား ဆေးမှားဖြစ်ခြင်း သွားဒုက္ခပေး ခြင်းများ ကြုံရမည်။ မြေကိစ္စ အမွေနှစ်ကိစ္စများကြုံရတတ်သည်။ ငွေရှာရ လွယ်ကူပေမယ့် စုဆောင်း၍ မရ၊။ ငွေဝင်လျှင် ကိုင်မထားရ၊ ရွှေဝယ်ထားပါ။ ဤကာလတွင် ကိုယ်စိတ်နှုတ်သုံးပါးကို မဖောက်မပြန် တည်တည် ကြည်ကြည် ထိန်းသိမ်းနိုင်သူတွေ တန်ဖိုးကြီးမားသော ဘ၀သို့ ရောက်နိုင်သည်။ မထိန်းသိမ်းနိုင်သူ အဖို့ ရေနှင့်ထိသော ရွှံ့နွံဘ၀ ရောက်နိုင်သည်။ ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ၊ သက်သာပြေပျောက်စေရန် အောက်ပါယတြာ များကို ဂရုစိုက်ပြုလုပ်ပါလေ ။ ယပ်ဖြူ သက်စေ့လှူပါ။ ဘုရားရင်ဘတ်တော် ရွှေချပါ၊ ရေသက်စေ့ကပ်လှူပါ။


စနေသားသမီးများအတွက်
ယခုလသည် မိဘကို ကောင်းစွာပြုစုစောင့်ရှောက်နိုင်မည့်အချိန် ဖြစ်သည်။ စီးပွားသိသိသာသာ တက်မည်။ သိကြားမ လိုက်သကဲ့ သို့ လက်ရှိအခြေအနေထက် များစွာမြင့်တက်သွားလိမ့်မည်။ လုပ်ငန်းများ သိသိသာသာ အောင်မြင်မူရမည်။ လုပ်ငန်သစ်များ စတင်ပြု လုပ်နိုင်သော ကာလ၊ လုပ်ငန်းဟောင်းများ ပြန်ပေါ်တတ်သည်။ ဘုရားဖူးခရီးများ စိတ်ချမ်းသာစရာခရီးများ ပြည်တွင်းပြည်ပခရီးများ သွားတတ်သည်။ ၀န်ထမ်းဖြစ်လျှင် ရာထူးတက်ခြင်း အခြေအနေ အဆင့်အတန်း မြင့်တက်ခြင်းများကြုံမည်။ သင်တန်းတစ်ခု တက်ရခြင်း ပညာကောင်း ရခြင်းများ ကြုံမည်။ မိတ်ဆွေကောင်း ဆရာကောင်များ တွေ့မည်။ အဖိုးတန်စက်ပစ္စည်များဝင်မည်။ မြေကိစ္စ၊ အမွေကိစ္စများ အဆင်ပြေမည်။ ငွေရှာရလွယ်ခြင်း ငွေအ၀င်အထွက် ကြမ်းခြင်းများ ကြုံလိမ့်မည်။ ရပ်ဝေးမှစာများ အဆက်အသွယ်များ ရလာမည်။ ရန်များခြင်း စကားများဖြေရှင်းရခြင်း ရင်နှီးသူများ လုပ်ဖော်ကိုင်ဘက်များနှင့် အဆင်မပြေလမ်းခွဲရခြင်းများ ကြုံမည်။ အထူးသတိပြုရန် အလုပ်တွင် အတိုက်အခံ အနည်းငယ်ကြုံရတတ်သည်။ အမှုအခင်း ရုံပြင်ကန္နားနှင့် ပတ်သက်ရတတ်သည်။ စိုးရိမ်စရာ မရှိပါ။ အကြီးအကဲ ကောင်းရနိုင်၏။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဖက် စိတ်ညစ်ရတတ်သည်။ ဆွေမျိုးသားချင်းများ ကျန်းမာရေး အသည်းအသန် ဖြစ်တတ်သည်။ လာမည့် မွေးလ မွေးရက်အထိ အသုဘပို့ခြင်း မပြုပါနှင့် အထူးသတိပြုပါ။ နှလုံးနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း။ လေနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း ဒူး နား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လိမ့်မည်။ လုပ်လျှင်အောင်မြင်မည်။ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ ၀န်ထမ်းဖြစ်စေ ကြီးပွားတိုးတက်အောင်မြင်မည့်ကလာ ဖြစ်ပါသည်။ ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါ ယတြာများ ကို ဂရုစိုက်ပြုလုပ်ပါလေ။ ဘုရားဖူးခရီးသွားပါ၊ ခရီးစရိတ်ပြတ်နေသူကို ငွေလှူပါ၊ မွေးနေ့တိုင်း အိပ်ရာရွှေ့ ပြောင်း၍အိပ်ပါ။

ထိုင်းနိုင်ငံ မဟာချိုင်က ၉၆၉ တရားပွဲ

အခု တရားပွဲ စတင်နေပါပြီ

















ဘ၀ဆိုတာ အသက်ရှုရပ်သွားတဲ့နေ့အထိ မျှော်လင့်ချက်ထားလို့ ရတယ်

တစ်နေ့သ၌ ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းသို့ အသက်အရွယ်အားဖြင့် ၃၀ ကျော်လောက်ရှိပြီဖြစ်သော အမျိုးသမီး တစ်ဦး ရောက်ရှိလာလေ၏။ ၎င်းအမျိုးသမီး၏ ခန္ဓာကိုယ်သည် အရိုးပေါ် အရေတင်နေ၏။ အသားအရည်များ ခမ်းချောက်နေ၏။ သူမကို ကြည့်ရသည်မှာ အင်မတန် အားနည်းနေသော ပုံစံမျိုးဖြစ်နေ၏။ လေတိုက်လျှင် လဲကျတော့မည့် အတိုင်း ဖြစ်နေ၏။ ထိုအမျိုးသမီးသည် ကျွန်ုပ်အခန်း တံခါးဘောင်ကို အသာ အားပြုကိုင်ထားရင်း အလွန်အင်မတန် တိုးလျ အားနည်းနေသော လေသံမျိုးဖြင့် ၀င်မယ်နော် ဆရာဟု ပြောလေ၏။ ကျွန်ုပ်လည်း ၎င်းအမျိုးသမီး၏ ပိန်းခြုံးချိနဲ့နေသော ခန္ဓာကိုယ်နှင့် ကတုန်ကရင် ဖြစ်နေသော လမ်းလျှောက်နေသော အမူအရာ အင်မတန် တိုးတိတ်သော လေသံတို့ကို အံသြစွာ ကြည့်နေရင်း အော်... ဟုတ်ကဲ့... ၀င်ပါဗျာ ၀င်ပါဟု ပြန်လည် ပြောဆိုနှုတ်ဆက်လိုက်မိ၏။

ထိုအမျိုးသမီးသည် ကျွန်ုပ်အခန်းထဲတွင် ရောက်လျှင်ရောက်ခြင်း ဘုရားစင်ဘက်သို့ မျက်နှာမူ၍ ထိုင်လိုက်၏။ ထို့နောက် ဘုရားကန်တော့၏။ ထို့နောက် ကျွန်ုပ်ဘက်သို့ လှည့်လိုက်ကာ ဆရာ ဟု သူမ၏ အရောင်အဆင်း ကင်းမဲ့နေသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်ရင်း လှမ်းခေါ်လိုက်လေ၏။ ကျွန်ုပ်လည်း ဗျာ... ပြောပါဗျာ။ ကျွန်တော် ဘာကူညီပေးရမလဲဟု ပြန်လည် နှုတ်ဆက်လိုက်၏။ ထိုအချိန်တွင် အရောင်အဆင်း ကင်းမဲ့နေသော သူမ၏ မျက်လုံး ခပ်မွဲမွဲများမှ မျက်ရည်များ တလိမ့်ချင်း စီးကျလာလေ၏။ ကျွန်ုပ်လည်း ရုတ်တရက်မို့ အံသြမှင်သက် သွားမိလေ၏။ ၎င်းအမျိုးသမီးက

ဆရာရယ်..။ ကျွန်မကို မမှတ်တော့ဘူးလားဟင်..။ ကျွန်မ မြတ်မြတ်လေ ဆရာဟု ပြောသောကြောင့် ကျွန်ုပ်လည်း လွန်စွာ အံသြမိသွားလေကာ ဗျာ.. မြတ်မြတ် ဟုတ်လား။ ခင်ဗျားက မြတ်မြတ်လားဟု ယောင်ယမ်းပြီး ရုတ်တရက် ပြန်မေးမိလိုက်ကာ ပြီးတော့မှ စိတ်ထဲတွင် အားနာမိသလို ဖြစ်မိသွားတော့၏။ ထိုနောက် ၎င်းအမျိုးသမီးအား သေသေချာချာ ကြည့်လိုက်မိရာ လွန်ခဲသော နှစ်နှစ်ခန့်က ကျွန်ုပ်ထံတွင် ဗေဒင်လက္ခဏာ မကြာခန လာမေးခဲ့ဘူးသော မြတ်မြတ်ဆိုသော ရန်ကုန်သူ အမျိုးသမီး ဖြစ်နေသည်ကို အံသြစရာ ကောင်းစွာဖြင့် ပြန်လည် မှတ်မိတော့၏။ ကျွန်ုပ်လည်း ထိုအမျိုးသမီးအား  ကြည့်ရင် စိတ်ထဲတွင် အလွန် စိတ်မကောင်း ဖြစ်သွားမိ၏။ ထို့ကြောင့် ကျွန်ုပ်က...

ဘယ်လို ဖြစ်ရတာလဲ မြတ်မြတ်ရယ်။ မင်းကို ကြည့်ရတာ အင်မတန် အားနည်းနေတဲ့ ပုံပဲ။ ပိန်လိုက်တာလဲ လွန်ရောပဲ။ နေမကောင်းဘူးလား မိန်းကလေးရယ်။ ဘာဖြစ်တာလဲ ။ ဆေးရုံဆေးခန်း မသွားဘူးလားဟု ပြန်မေးလိုက်ရင်း လွန်ခဲ့သော နှစ်နှစ်ခန့်က ကျွန်ုပ်ထံတွင် ဗေဒင်လာမေးခဲ့ဘူးသော အင်မတန် တက်ကြွပြီး ဖျတ်လတ်နေသော စကားပြော သွက်လက်ပြီး အပြုံးတစ်ခုကို မျက်နှာပေါ်တွင် တင်ထားသော အလွန်အင်မတန် နှစ်လို ခင်မင်ဖွယ် ကောင်းသော ၊ ဒုက္ခအခက်အခဲ ကြုံသော လူတိုင်းကို လမ်းစရိပ် အိပ်စိုက်ထုပ်ပြီး ကျွန်ုပ်ထံသို့ လိုက်ပို့ပေးရင်း မငြီးမငြူ ကူညီပေးလေ့ရှိသော ကိုယ့်အခက်အခဲထက် သူတစ်ပါး အခက်အခဲကို ပိုပြီး နားလည် ခံစားပေးတတ်သော အမျိုးသမီးတစ်ဦးကို ပြန်လည် မြင်ယောင်လိုက်မိတော့၏။

မကြာခနဆိုသလို ကျွန်ုပ်ထံသို့ ရောက်ရှိလာတတ်လေ၏။ ၎င်းလာသောအခါတိုင်း သူမအတွက် လာသည်မဟုတ်။ သူတစ်ပါးတို့ ဗေဒင်မေးရန်အတွက် ခေါ်လာပေးခြင်း လိုက်ပို့ပေးခြင်းဖြစ်၏။ ကျွန်ုပ်သည် သူမကို မြင်တိုင်း မြတ်မြတ်ရယ် မင်းဟာ အင်မတန် စိတ်ကောင်းရှိပြီး သူတစ်ပါးကို ကူညီပေးတတ်တဲ့ မိန်းကလေး တစ်ယောက်ပဲဟု နှုတ်ဖြင့် ဖွင့်ဟ၍ ချီးမွမ်းစကား ပြောဖြစ်၏။ ထိုအခါမျိုးတွင် မမြတ်မြတ် လိုက်ပို့ပေးသော လူများက အော်... မြတ်မြတ် စိတ်ကောင်းရှိတာကိုတော့ မပြောနဲ့ ဆရာရေ။ ကျွန်မတို့ အလုပ်ရုံတစ်ခုလုံးက ဘာကိစ္စပဲဖြစ်ဖြစ် သူ့ကိုပဲ အားကိုးနေရတာ။ လူတိုင်းကိုလဲ သူက ကူညီပေးနေကျပဲ။ ပိုက်ဆံမရှိတဲ့ လူတွေဆိုရင် သူက အိပ်စိုက်ပြီးတောင် လိုက်ပြီး ကူညီပေးတာ ဆရာရဲ့။ ဆေးရုံသွားရင်လဲ မြတ်မြတ်၊ ထောင်ကို ထောင်ဝင်စာ သွားတွေ့ရင်လဲ မြတ်မြတ်၊ အလှူအတန်း လုပ်ရင်လည်း မြတ်မြတ်ပဲ တိုင်ပင်ရတာ ဆရာရဲ့။ သူက ပေါက်ပေါက်မြောက်မြောက်လဲ ရှိတယ်လေ။ ပြီးတော့ သူ့ဆီမှာ အကူအညီတောင်းရင်လဲ သူက အစကနေ အဆုံးအထိ ပြီးဆုံးအောင် ကူညီပေးတတ်တာ ဆရာရဲ့။ အရမ်းကို စိတ်ကောင်းရှိတဲ့ မိန်းကလေးပဲဟု သူမ၏ ရှေ့တွင်ပင် ပြန်လည် ပြောဆိုကြကုန်၏။ ထိုအခါမျိုးတွင် သူမသည် မည်သည်မှတ်ချက်မျိုးမှ ပြန်မပေးပဲ ပြုံးရုံသာ ပြုံးနေတတ်လေ၏။

ကျွန်ုပ်အနေနှင့် နောင်သောအခါတွင် မြတ်မြတ်အကြောင်းကို အနည်းအကျဉ်းမျှ သိခွင့်ရသည်ကား ၎င်းမြတ်မြတ်ဆိုသော အမျိုးသမီးသည် ရန်ကုန်သူဖြစ်သည် အင်္ဂလိပ်စကားနှင့် ဂျပန်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်သည့်အထိ တတ်မြောက်ထားသည် ယခု လက်ရှိ အိမ်ထောင်မရှိ အခန်းတစ်ခန်းထဲတွင် တစ်ယောက်တည်းနေပြီ ရလာသော လစာငွေများကို အခုလိုပဲ ပါတ်ဝန်ကျင်က လူသားအားလုံးကို ကူညီပေးနေသည်။ ယခုလောလောဆယ်တွင်လဲ အလုပ်ရုံတွင် စကားပြန် အလုပ်ကို လုပ်နေသည်။ ဤအနည်းငယ်မျှသော အချက်အလက်များကို သိရသောအခါ တစ်နေ့တွင် မြတ်မြတ်အား ကျွန်ုပ်က အောက်ပါအတိုင်း မေးမြန်းလိုက်မိ၏။

မြတ်မြတ်ရယ် ငါသိထားသလောက် နင်က အင်္ဂလိပ်စာလည်း တော်တော်လေး  ပြောနိုင်တယ်။ ဆိုနိုင်တယ်။ ဂျပန်စာလဲ တတ်တယ်။ အနည်းဆုံးတော့ နင့်ရဲ့ ပညာအရည်အချင်းက ဘွဲရပညာတတ်တ စ်ယောက်လောက်တော့  ဖြစ်နိုင်တယ်။ ပြီးတော့ နင် ရှာဖွေလို့ ရတဲ့ ပိုက်ဆံတွေကို မြန်မာပြည်ကို ပြန်ပို့စရာ မလိုဘူးဆိုတော့ နောက်က မိသားစုက အနည်းဆုံးတော့ ပြည့်ပြည့်စုံစုံလေးတော့ ဖြစ်လောက်တယ်။ ပြီးတော့ နင့်ရဲ့ စကားပြောပုံ ဆိုပုံ တွေးပုံလေးတွေဟာလဲ အဆင့်အတန်း ရှိတဲ့ပုံပေါ်တယ်။ အရည်အချင်းလဲ ရှိပုံရတယ်။ တော်ပုံလည်း ရတယ်။ ဒါတောင် နင်က ဒီထိုင်းနိုင်ငံက အလုပ်ရုံလေးတစ်ခုမှာ လစာလေး တစ်ပဲ ချောက်ပြားလောက်နဲ့ ဘာကြောင့် လုပ်နေတာလဲ။ နောက်ပြီး ဘာရည်ရွယ်ချက်နဲ့ အဲဒီလို နေနေရတာလဲဟု မေးမြန်းလိုက်မိလျှင် မြတ်မြတ်က အသာ ပြုံးလိုက်၏။ ၎င်း၏အပြုံးသည် နာကျင်သော အပြုံးမျိုးဖြစ်၏။

ထို့နောက် ဒီလိုပဲပေါ့ ဆရာရယ် လူတိုင်းက ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ပဲပေါ့။ ကိုယ့် ဘ၀နဲ့ ကိုယ်ပေါ့။ ဒါပေမယ့် ဆရာရယ်။ သေချာတဲ့ စကားတစ်ခွန်းတော့ ဆရာ့ကို ပြောနိုင်ပါတယ်။ အဲဒါ ဘာလဲဆိုတော့ ကျွန်မဘ၀မှာ ဘယ်တုန်းကမှ သူတစ်ပါးအပေါ်မှာ မယုတ်မာခဲ့ဘူးပါဘူး။ အဲဒါကိုတော့ ဆရာယုံပါဟု ပြန်ပြောရင်း ဆက်လက်၍ ကျွန်မကသာ လူတွေ အပေါ်မှာ မယုတ်မာခဲ့ဘူးတာ ကျွန်မနဲ့ တွေ့တဲ့ လူတိုင်းကတော့ ကျွန်အ အပေါ်မှာ ယုတ်မာတတ်ကြတယ်ဟု ပြန်ပြောလိုက်ရင်း ဒါတွေ ထားလိုက်ပါ ဆရာရယ်။ ဒါတွေက မချိုမြိန်ပါဘူးဟု ပြန်ပြောလေ၏။ မြတ်မြတ်သည် သူမ၏ အတိတ်ကို ပြန်လည်တူးဆွရသည်ကို ကြိုက်နှစ်သက်ပုံ မရသောကြောင့် ကျွန်ုပ်လည်း ထိုအကြောင်း အရာများကို ဆက်လက် မပြောဆိုတော့ပဲ စကားလမ်းကြောင်းကို သိသိသာသာပင် ပြောင်းလဲပစ်လိုက်တော့၏။

ထိုကဲ့သို့ပင် ကျွန်ုပ်နှင့် မြတ်မြတ်သည် မကြာခန ဆုံတွေ့ဖြစ်၏။ မောင်နှမအရင်းအခြာများ ပမာလဲ ရင်းနှီးကြ၏။ မိတ်ဆွေသူငယ်ချင်း အရင်းများပမာလဲ စကားပြောဖြစ်ကြ၏။ တစ်နေ့ ကျွန်ုပ်၏ အခန်းသို့ ရောက်လာသော မြတ်မြတ်၏ လက်ဖ၀ါးလေးကို အမှတ်မထင် ယူကြည့်လိုက်မိ၏။ ထိုလက်ဖဝေါးပေါ်တွင် မြင်တွေ့လိုက်ရသော အမှတ်အသားလေး တစ်ခုကြောင့် ကျွန်ုပ်၏ မျက်လုံးကို အခြားနေရာသို့ မရွေ့နိုင်အောင် ဖြစ်မိသွား၏။ ထိုအမှတ်အသားမှာ တခြားမဟုတ်။ သိသိသာသာ ထင်ထင်ရှားရှား ပေါ်နေသော မှဲ့နက်ကလေး တစ်လုံးပင် ဖြစ်၏။ ထိုမှဲ့ကလေး အကြောင်းကို ကျွန်ုပ် ကောင်းစွာ သိ၏။ မကောင်းသော နိမိတ်ဖြစ်၏။ အချစ်ဝေဒနာ ကာလသားရောဂါ ဟု လက္ခဏာမှတ်စုတွင် ရေးမှတ်ထား၏။ (ကျွန်ုပ်၏ စာဖတ်သူများ မျက်လုံးတွင် မြင်ယောင်မိစေရန် အောက်တွင် ပုံကလေးနှင့် တင်ပြပေးထားပါသည်။)


ကျွန်ုပ်သည် မြတ်မြတ်၏ လက်ဖ၀ါးတွင် ထင်ထင်ရှားရှား ပေါ်ပေါက်နေသော ထိုမှဲ့နက်ကလေးကို စူးစူးစိုက်စိုက် ကြည့်နေမိ၏။ ဒီမှဲ့ကလေးနဲ့ မြတ်မြတ်ကဲ့သို့သော စိတ်ကောင်းရှိသော မိန်းကလေး မည်သို့သော အကြောင်းနှင့်မျှ မဖြစ်နိုင်ဟု တွေးလိုက်မိ၏။ တဒင်္ဂတိတ်ဆိတ်လျှက် တွေးတောနေသော ကျွန်ုပ်၏ အမူအရာကို အကင်းပါးလှသော မြတ်မြတ်က အကဲခပ်လိုက်မိကာ ဘယ်လိုလဲ ဆရာ။ ဘာတွေ ထူးခြားလို့လဲဟု မေးလေ၏။ ကျွန်ုပ်လည်း အသာ ခေါင်းခါလိုက်ရင်း ဟင့်အင်း ဘာမှ မထူးခြားပါဘူးဟု ခပ်ပေါ့ပေါ့ ပြန်ပြောလိုက်၏။ ထိုအခါ မြတ်မြတ်က တကယ့် မိတ်ရင်းဆွေရင်း ဆရာရင်းတပည့်ရင်းတွေဆိုတာ အဲဒီလို မပွင့်မလင်း မလုပ်ရဘူးလေ ဆရာရဲ့ဟု ပြန်ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း အောက်ပါအတိုင်း ပြန်ပြောလိုက်၏။

ဒီလို မြတ်မြတ်ရဲ့။ လက္ခဏာပညာရပ်တွေရဲ့ အယူအဆမှာ လက်ဖ၀ါးမှာ မှဲ့ပေါက်တာ မကောင်းဘူးလို့ ယူဆကြတယ်။ အခု မြတ်မြတ်ရဲ့ လက်ဖ၀ါးမှာ မှဲ့ပေါက်နေတာကို တွေ့တော့ အရင်ဆုံးစိတ်ထဲမှာ မကောင်းဘူးလို့ အရင်စပြီး တွေးလိုက်မိတယ်။ နောက်မှဲ့ပေါက်တဲ့ ဂြိုဟ်ခုံက သောကြာဂြိုဟ်ခုံလို့ခေါ်တဲ့ လက်မဘေးက ဂြိုဟ်ခုံဖြစ်နေတယ်။ အဲဒီ သောကြာဂြိုဟ်ခုံမှာ မှဲ့ပေါက်ရင် မကောင်းဘူး။ တော်တော်လေး မကောင်းဘူး။ ဘာဖြစ်တတ်လဲဆိုတော့ မြတ်မြတ်ရယ် ၊ စိတ်မဆိုးပါနဲ့၊ နားမရိုင်းပါနဲ့။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အချစ်ဝေဒနာ ကာလသားရောဂါတဲ့။ ဆိုလိုတာကတော့ ကိုယ်နဲ့ ပါတ်သက်တဲ့ အမျိုးသားဆီက မကောင်းတဲ့ ရောဂါပိုးတွေ ကူးစက်ခံရတတ်တယ်လို့ အဖြေထွက်တယ်ဟု အားနာစွာ ပြန်ပြောလိုက်လေလျှင် မြတ်မြတ်က ချက်ချင်းဆိုသလို ဟင်း.... ဟင်း.... ဒါကတော့ လုံးဝ မဖြစ်နိုင်ပါဘူး ဆရာရယ်ဟု ပြန်ပြောလေ၏။ ကျွန်ုပ်လည်း ၎င်းမြတ်မြတ်အား ထိုအကြောင်းအရာနှင့် ပါတ်သက်၍ ဆက်လက် စကားမပြောဖြစ်တော့ပဲ ရပ်ပစ်လိုက်၏။ မြတ်မြတ်လဲ ကျွန်ုပ်အား နှုတ်ဆက်၍ ထပြန်သွား၏။

ထိုအချိန်မှစ၍ မည်သည့်အကြောင်းကြောင်းမှန်းမသိ မြတ်မြတ်နှင် ကျွန်ုပ်နှင့် အဆက်အသွယ် ပြတ်တောက်သွားတော့၏။ တစ်ခါတစ်ရံ ကျွနုပ်မှ မြတ်မြတ်ကို သတိယဖြစ်သောကြောင့် သူမ၏ ဖုံးနံပါတ်ကို ဆက်ကြည့်သေး၏။ သူမ၏ ဖုံးသည် ပိတ်ထား၏။ ဆက်လို့ မရပေ။ မြတ်မြတ်တို့ အလုပ်ရုံမှ ကျွန်ုပ်နှင့် သိကြွမ်းသော သူများကို မေးကြည့်သောအခါ သူမသည် ၎င်း အလုပ်ရုံတွင် မရှိတော့၊ အလုပ်ပြောင်းသွားသလိုလို မြန်မာပြည်သို့ ပြန်သွားသလိုလို မသေမချာ ပြောပြကြ၏။ ဤသို့နှင့်ပင် မြတ်မြတ်ဆိုသော အစဉ်အမြဲ တက်ကြွနေသော အရောင်တောက်တောက် မျက်လုံးများကို ပိုင်ဆိုင်ထားသော အရည်အချင်းရှိ၍ လူတကာကို ကိုယ်ကျိုးစွန့် ကူညီတတ်သော စိတ်ကောင်းရှိသော မိန်းကလေး တစ်ယောက်၏ အကြောင်းသည် ကျွန်ုပ်၏ မှတ်ညာဏ်အတွင်းမှ မှုံဝါးပျောက်ကွယ် သွားလေတော့၏။

ယနေ့တွင် ကျွန်ုပ်၏ အခန်းတွင်းသို့ မြတ်မြတ်သည် ပြန်လည် ရောက်ရှိလာ၏။ တစ်ခုထူးခြားသည်မှာ ယခု ရောက်လာသော မြတ်မြတ်သည် အရင်တုန်းက မြတ်မြတ်နှင့် ဆီနှင့်ရေလို ကွားခြားနေ၏။ အရင်တုန်းက မြတ်မြတ်သည် လှပစိုပြေနေ၏။ ယခုမြတ်မြတ်သည် ပိန်ကပ်မွဲချောက်နေ၏။ အရင်က မြတ်မြတ်သည် အသားအရည် ပြည့်ဖြိုးတောင့်တင်း၏။ ယခုမြတ်မြတ်သည် ပိန်လှီချောက်ကပ်နေ၏။ အရင်က မြတ်မြတ်တွင် အရည်လဲ့ပြီး တောက်ပြောင်နေသော မျက်လုံးနက်နက်များ ပိုင်ဆိုင်ထားပြီး ယခု မြတ်မြတ်တွင်မူ မွဲချောက်ချောက် အတွင်းသို့ ချိုင့်ဝင်နေသော မျက်လုံးများ ဖြစ်နေ၏။ အရင်တုန်းက ရောက်လာသော မြတ်မြတ်၏ အသံသည် အသံစာစာကလေးဖြစ်ပြီး ယခု မြတ်မြတ်ဆိုသူ၏ အသံသည် စကားကို မနည်း အားယူနေရသော အသံမျိုးဖြစ်၏။ လွန်စွာ ကွာခြားနေ၏။ ကျွန်ုပ်လည်း မြတ်မြတ်ဆိုသူကို မနည်း မှတ်မိအောင် အားယူကြည့်လိုက်မိ၏။ ကျွန်ုပ်၏ ရင်ထဲတွင် လွန်စွာ စိတ်မကောင်းသောကြောင့် စို့သွား၏။ ၀မ်းနည်းသွား၏။ ကြေကွဲသွားမိတော့၏။ ကျွန်ုပ်၏ ရင်ထဲမှ စကားလုံးများသည် လည်ချောင်းထဲတွင် ပျောက်ကွယ်သွား၏။ ကျွန်ုပ်သည် မြတ်မြတ်ကို မကြည့်ရက်တော့သောကြောင့် ခေါင်းကို အသာ ငုံ့ချလိုက်ကာ ကြမ်းပြင်ပေါ်သို့ အဓိပ္ပါယ်မဲ့ ငုံ့ကြည့်နေလိုက်မိ၏။ ထိုအချိန်တွင် မြတ်မြတ်သည် ပိန်ခြုံးနေသော အရိုးပေါ်အရည်တင်နေသော မွဲချောက်ချောက် လက်ကလေးသည် ကျွန်ုပ်ရှေ့တွင် အသာဖြန့်ပြလိုက်ရင်း ဆရာ မှတ်မိသေးလား၊ ကျွန်မ လက်ဖ၀ါး သောကြာဂြိုဟ်ခုံပေါ်က မှဲ့ကလေး။ ဒီနေ့ထိ ရှိနေတုန်းပဲ။ ပိုတောင် မဲနက်လာသလိုပဲဟု ပြောလေ၏။ ထိုနောက် သူမက

အဲဒီသောကြာဂြိုဟ်ခုံပေါ်က မှဲ့ နက်ကလေးက သူများတွေ အတွက်တော့ ထင်ရှားတဲ့ အကျိုးပေးသလား မပေးသလား မသိဘူးဆရာ။ ကျွန်မအတွက်တော့ သိသာထင်ရှားတဲ့ အကျိုးကို ပေးတယ်။ အခုလေ ကျွန်မမှာ ရောဂါရှိနေပြီ ဆရာဟု ပြောလေရာ ကျွန်ုပ်က ဘာရောဂါလဲ မြတ်မြတ်ရယ်ဟု ပြန်မေးလိုက်လေရာ... မြတ်မြတ်က ခေတ္တတိတ်ဆိတ်နေရာမှ (HIV) ပါ ဆရာဟု ပြန်ပြောလေ၏။ ထို့နောက် သူမသည် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တသိမ့်သိမ့် တုန်အောင် ရှိုက်ငိုလေတော့၏။ ကျွန်ုပ်ရှေ့တွင် ထိုင်၍ တသိမ့်သိမ့် ငိုကြွေးနေသော မြတ်မြတ်ကို ကြည့်ရင်း ကျွန်ုပ်လည်း လွန်စွာ ၀မ်းနည်းသွား၏။ ကျွန်ုပ်၏ အံကို တင်းတင်း ကြိတ်လိုက်မိ၏။ ထို့နောက် ကျွန်ုပ်၏ စိတ်တွင်းမှ ဘယ်လို ဖြစ်ရတာလဲ မြတ်မြတ်ရယ် မင်းလို စိတ်ကောင်းရှိပြီး လူတကာကို ကူညီပေးတတ်တဲ့ မိန်းကလေး တစ်ယောက်မှာမှ ဘယ်လိုကြောင့် ဒီလို ရောဂါဆိုးကြီးက မင်းကို ချိန်းချောက်ရတာလဲ။ မင်းရဲ့ နုပျိုမှု့တွေကို ၀ါးမြိုဖျက်စီးပစ်ရတာလဲဟု စိတ်ထဲတွင် တွေးလိုက်မိ၏။ မရှက်တမ်း  ၀န်ခံရလျှင် ထိုအချိန်တွင် ကျွန်ုပ်၏ မျက်လုံးမှ မျက်ရည်များ စီးကျနေသလား၊ သို့မဟုတ် မျက်ရည်များ ၀ဲရုံတင် ၀ဲနေသလားဟု သတိမထားမိအောင်ပင် သတိလက်လွတ် ဖြစ်နေ၏။ ကျွန်ုပ်၏ စိတ်အစဉ်သည် ကောင်းကင်ရှိ တိမ်တွေထဲတွင် လွင့်မျောနေသလို ခံစားနေရ၏။ ကျွန်ုပ်နှင့် မြတ်မြတ်သည် တစ်ယောက်ကိုတစ်ယောက် စကားမပြောဖြစ်ပဲ တိတ်ဆိပ်ဆွံအလျှက် အဓိပ္ပါယ်မဲ့ အတွေးကိုယ်စီဖြင့် ထိုင်နေကြ၏။

ထို့နောက် ကျွန်ုပ်သည် အိမ်ရှေ့ဝရံတာကို ထွက်ကာ ဆေးလိပ်တစ်လိပ်ကို မီးညှို့ရှိုက်ဖွာနေလိုက်၏။ ကျွန်ုပ်သည် ဆေးလိပ်ကို တစ်ဖွာပြီးတစ်ဖွာ ရှိုက်ကာ ရှိုက်ကာ သောက်နေ၏။ အဆုပ်ထဲရောက်အောင် မီးခိုးငွေ့များကို အတင်း စွဲစုတ်၍ သောက်နေမိ၏။ ထို့နောက် ကျွန်ုပ်သည် အခန်းတွင်းသို့ ပြန်လှည့်ဝင်လိုက်၏။ ထိုအချိန်တွင် မြတ်မြတ်သည် ကျွန်ုပ်အား ထိုင်နေရာမှ မော့၍ ကြည့်လိုက်၏။ ၎င်း၏ မျက်လုံးထောင့်လေးများတွင် မျက်ရည်စလေးများ စိုစွတ်လျှက် ရှိနေ၏။ ကျွန်ုပ်လည်း မြတ်မြတ် ရှေ့တွင် အသာထိုင်ချလိုက်ကာ မြတ်မြတ်အား အားယူပြုံးပြလိုက်ရင်း

မြတ်မြတ်ရယ်။ ဘာကြောင့် အခုမှ ရောက်လာတာလဲ။ အဲဒီလိုဖြစ်တာကို သိသိချင်းကတည်းက အရောက်လာခဲ့ရမှာ။ ငါတို့နှစ်ယောက်ဟာ တကယ့်ကို စစ်မှန်တဲ့ မိတ်ရင်း ဆွေရင်းဆိုလဲဟုတ်တယ်။ ဖြူစင်တဲ့ မောင်နှမတွေဆိုလဲ မမှားပါဘူး။ ဒါတောင်မှ မင်းက အခုလို အခြေအနေရောက်မှ ငါ့ဆီကို ရောက်လာရသလားဟု ကျွန်ုပ်မှ အပြစ်တင်သော လေသံဖြင့် ပြောလိုက်လျှင် မြတ်မြတ်က... ဆရာရယ် ကျွန်မ စိတ်လေသွားလို့ပါ။ စိတ်ညစ်တာ မဟုတ်ဘူးနော်။ စိတ်လေသွားတာ။ စိတ်လေတယ်ဆိုတာ ဆရာဖြစ်ဖူးမလား။ ကိုယ့်စိတ်နဲ့ ကိုယ်နဲ့ ကင်းကွာသွားတာ။ လူကတော့ ပုံမှန် လှုပ်ရှားနေတယ်။ သွားတာ လာတာ စားတာ သောက်တာ အားလုံးပုံမှန်ပဲ။ ဒါပေမယ့် အဲဒါကို စိတ်က မကပ်တော့တာ။ အဲဒီလို ဖြစ်သွားတာ။ အဲဒီလိုဖြစ်သွားတဲ့အချိန်မှာ ဘာကိုမှ သတိမရနိုင်တော့သလို ဖြစ်သွားတယ်။ ဒါကြောင့် ဆရာ့ဆီကို မရောက်လာဖြစ်တာ။ အခု သတိလေးနည်းနည်း ပြန်ကပ်လာလို့ ဆရာ့ကို သတိတရ ဖြစ်လာတာဟု ပြန်ပြောလေ၏။

အင်း... ပြောပြပါဦး နည်းနည်းလောက်ဟု ကျွန်ုပ်က စကား စပြောလိုက်၏။ မြတ်မြတ်က ဒီလို ဆရာ။ ကျွန်မ ဆရာနဲ့ အဆက်အသွယ်ပြတ်သွားတာ တော်တော် ကြာပြီးနော်။ အဲဒီ နှစ်နှစ်အတွင်း  ကျွန်မရဲ့ ဇာတ်လမ်းလေးကလဲ တကယ့်ကို ရုပ်ရှင်ဆန်ပါတယ်။  ကျွန်မက ဒီမဟာချိုင်ကနေပြီး မလေးရှားနယ်စပ်က သူငယ်ချင်းတွေဆီကို သွားလည်တယ်။ လမ်းမှာ ရဲဖမ်းခံရတယ်။ အဖမ်းခံရတာကလည်း ကျွန်မနဲ့ တခြား ကောင်လေးနဲ့ နှစ်ယောက်ပေါ့။ ရဲတွေက ဖမ်းပြီး ကျွန်မတို့နှစ်ယောက် ဘာတော်လဲလို့ မေးတယ်။ သူက ကျွန်မကို ဘယ်လို ပြန်ပြောလိုက်ရမလဲလို့ ပြန်မေးပါတယ်။ ကျွန်မလည်း စဉ်းစားတယ်။ ကျွန်မက အပျိုပါဆိုလို့ရှိရင် နည်းနည်းတော့ အန္တရယ်များတယ်။
ဒါကြောင့် သူ့ကို အကူအညီ ပြန်တောင်းပြီး မင်းနဲ့ငါ လင်မယားတွေလို့ ပြောပေးနိုင်မလားဆိုတော့ သူကလည်း ကူညီပေးပါတယ်။ သူ အဲဒီလို ကူညီပေးလို့ ကျွန်မ တော်တော်လေး ကံကောင်းသွားတယ်။ လောလောဆယ်တော့ ကျွန်မကို အန္တရယ်ကင်းသွားတာပေါ့။

အဲဒီအချိန်တုန်းက ကျွန်မတို့မှာ အခုခေတ်လို ပတ်စပို့တွေ ဘာတွေလဲ မရှိသေးဘူး မဟုတ်လား။ တစ်မြို့ကနေ တစ်မြို့ကို သွားရင် နယ်ကျော်မှု့နဲ့ အဖမ်းခံရတာပါ။ အဲဒီအချိန်မှာ ကျွန်မ သူငယ်ချင်းတွေကလည်း အဆက်အသွယ် ပြတ်တောက်နေတယ်။ နောက်ဆုံး အချုပ်ထဲမှာ သုံးရက်မြောက်တဲ့နေ့မှာ။ ကျွန်မနဲ့ အတူတူ အဖမ်းခံရတဲ့ ကောင်လေးက ပြောတယ်။ အမတဲ့ ကျွန်တော့်ကို ဒီနေ့ ကျွန်တော့်အမတွေက တစ်ယောက်ကို တစ်သောင်းနဲ့ လာရွေးမယ်တဲ့။ အမ ဘယ်လို လုပ်မလဲလို့ ပြောတယ်။ အဲဒီတော့ ကျွန်မက ငါ့မှာ ပိုက်ဆံတော့ ရှိတယ်။ ဒါပေမယ့် အပြင်မှာ မရှိဘူး။ အေတီအမ်ကဒ်ထဲမှာ ဖြစ်နေတယ်။ မင်း အစ်မတွေကို တစ်ချက်ပြောပေး။ ခန စိုက်ရွေးပေးလို့။ အချုပ်ကနေ အပြင်ကို ရောက်ရောက်ရင် ငါပြန်ပေးမယ်လို့ ပြောတယ်။ သူတို့ ကူညီပေးလို့ ကျွန်မလဲ အချုပ်ကနေ လွတ်တယ်ဆိုပါတော့။ အချုပ်က လွတ်တော့ ကျွန်မသွားမယ့် မြို့ကို လောလောဆယ် သွားဖို့ ဘာမျှ မစီစဉ်ရသေးဘူးဆိုတော့ သူတို့နောက်ကို လိုက်သွားလိုက်တယ်။ အဲဒီမှာ တစ်ပါတ်လောက် နေဖြစ်တယ်။

ကျွန်မနဲ့ အတူ အဖမ်းခံရတဲ့ ကောင်လေးက ဆေးသမားလေးဆိုတာ နောက်မှ သိတယ်။ အဲဒီ အခန်းထဲမှာ သူ့အမတွေ အကိုတွေက နေ့ဘက်ဆို အလုပ်သွားကြတယ်။ နေ့လည်နေ့ခင်းဘက်မှာ အခန်းထဲမှာ သူနဲ့ ကျွန်မနဲ့ နှစ်ယောက်တည်း ကျန်နေခဲ့တယ်။ အဲဒီနေ့က သူက မူးလာတယ်။ ဆေးလဲ ချလာတယ်ထင်တယ်။ ကြည့်ရတာ မျက်လုံးတွေကလဲ နီရဲလို့။ ကျွန်မ သူ့ကို လှမ်းကြည့်လိုက်တဲ့အချိန်မှာ ကျွန်မ သိလိုက်ပြီ။ ဒီကောင်လေး တစ်မျိုးဖြစ်နေတယ် ထင်တယ်လို့။ ထားပါတော့ လိုရင်း ပြောရရင် အဲဒီကောင်လေးက ကျွန်မကို အခန်းတံခါးပိတ်ပြီး အတင်းအဓမ္မ ကျင့်ခဲ့တယ်။ စော်ကားတာ ခံခဲ့ရတယ်။ ကျွန်မလည်း ညနေရောက်တဲ့အချိန်မှာ သူငယ်ချင်းတွေ လွတ်ပေးလိုက်တဲ့ ပွဲစား ရောက်လာတယ်။ လာကြိုတယ်။ ကျွန်မလဲ ချက်ချင်း လာကြိုတဲ့ ပွဲစားနဲ့ လိုက်သွားခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မ စိတ်ဓာတ်တော်တော်လေး ကျသွားတယ် ဆရာ။ ဒါကြောင့် မဟာချိုင်ကိုလဲ မပြန်ချင်တော့တာ ကြောက်တာလဲ ပါတာပေါ့ ဆရာရယ်။ အဲဒီ တောထဲမှာပဲ ရော်ဘာခြစ်တဲ့ အလုပ်နဲ့ နေသားကျအောင် ကြိုးစားဖြစ်တော့တယ်။

ကျွန်မသူငယ်ချင်း မိသားစုက တော်တော်လေး ကောင်းရှာပါတယ်။ ကျွန်မကိုလဲ ကိုယ့် ညီမလေး အရင်းတစ်ယောက်လို စောင့်ရှောက်တယ်။ ကျွန်မ မဟာချိုင်ကို ပြန်မလာတဲ့ အကြောင်း နောက်တစ်ခုလဲ ရှိသေးတယ်။ အဲဒါက မဟာချိုင်က မြို့ပြ။ အမြဲတမ်း ဆူညံနေတယ်။ အခု ကျွန်မ ရော်ဘာခြစ်တဲ့ နေရာက တောလေးလေ။ အရမ်းအေးချမ်းတယ်။ ဒါကြောင့် ကျွန်မ အေးအေးချမ်းချမ်းလေး နေရတာ နှစ်သက်တယ်။ ကျွန်မနဲ့ အတူတူနေရတဲ့ သူငယ်ချင်း မိသားစုလေးကလည်း အေးအေးချမ်းချမ်း နေတတ်တဲ့ လူတွေဆိုတော့ အင်း အဲဒီမှာနေရတဲ့ ဘ၀လေးက တော်တော်လေး စိတ်ချမ်းသာပါတယ်။ ပျော်ပါတယ်။ ဆရာ့ကိုလဲ တစ်ခါတစ်ခါတော့ သတိယပါတယ်။ ဒါပေမယ့် ဖုံးကဒ်ဝယ်ရတာ အခက်အခဲ ရှိလို့ ဖုံးမဆက်ဖြစ်တာပါဟု ပြောလေ၏။ ကျွန်ုပ်လည်း မြတ်မြတ်အား စကားဖြတ်လိုက်ရင်း လုပ်ဟာ အရင်တုန်းကအတိုင်း ကော်ဖီနှစ်ခွက်လောက် ဖျော်ဟာ။ နင်တစ်ခွက် ငါတစ်ခွက်ပေါ့။ ရေနွေးတော အဆင်သင့် ဆူပြီးသား ရှိတယ်ဟု စကားဖြတ်ပြောလိုက်ရာ မြတ်မြတ်က ပုဂံစင်ပေါ်မှ ကော်ဖီမစ်နှစ်ထုပ်ကို ယူလိုက်ပြီး ကော်ဖီပန်းကန် နှစ်လုံးနှင့် ဖျော်လေ၏။ ကျွန်ုပ်နှင့် မြတ်မြတ်လည်း ကော်ဖီတစ်ယောက်တစ်ခွက် သောက်ကြ၏။ အနည်းငယ် ကြာပြီဖြစ်သောကြောင့် ကျွန်ုပ်ရော မြတ်မြတ်ပါ နှစ်ယောက်စလုံး၏ စိတ်များ အနည်းငယ် တည်ငြိမ်လာပြီ ဖြစ်၏။ ကျွန်ုပ်လည်း ကော်ဖီခွက်ကို အနည်းငယ်မော့သောက်လိုက်ရင်း

အဲဒါနဲ့ ဆက်ပြောပါဦး။ နောက် ဘယ်လို ဆက်ဖြစ်သလဲဟု မေးလိုက်ရာ မြတ်မြတ်က...

အဲဒီလိုနေလာရာကနေ (၆)လလောက် ကြာတဲ့အခါ ကျွန်မခန္ဓာကိုယ်မှာ ယားနာတွေ ပေါက်လာတယ်။ နောက်ပြီး ရေယုန်လို အရေကြည်ဖုကလေးတွေ ပေါက်လာတယ်။ နီးစပ်ရာ ဆေးခန်းမှာ သွားပြပြီး ဆေးထိုးဆေးသောက်လိုက်တော့ ပျောက်သွားတယ်။ ဒါပေမယ့် သိပ်မကြာပါဘူး။ ပြန်ဖြစ်လာတယ်။ အဲဒီလို မကြာခန ပြန်ပြန်ဖြစ်တယ်။ နောက်တစ်ခု ပိုဆိုးတာက ချောင်းဆိုးလာတာ။ ညဘက်ဆို မအိပ်ရဘူး။ တစ်ညလုံးနီးပါး ချောင်းဆိုးတယ်။ ရင်ဘတ်ထဲက အောင့်အောင့်လာတယ်။ အဲဒီလိုနဲ့ အစားပျက်အသောက်ပျက်ပြီး တဖြေးဖြေး ပိန်ပိန်လာတာ။ နောက်ဆုံးတစ်ခေါက် ဆေးခန်းသွားပြတော့ ဆရာဝန်က ဆေးစစ်ခိုင်းတယ်။ အဲဒီလို ဆေးစစ်လိုက်တော့မှ ဆရာရယ် ကျွန်မမှာ အဲဒီ ရောဂါပိုးရှိနေတယ်တဲ့လေ။

ကျွန်မ တော်တော်လေး တုန်လှုပ်သွားမိတယ်။ ကျွန်မ ဘယ်နှစ်ရက်ဆက်တိုက် ငိုကြွေးနေမိသလဲ မမှတ်မိတော့ဘူး။ နောက်ပြီး ကျွန်မ ဘယ်တွေကို လိုက်သွားနေမိသလဲလဲ မမှတ်မိတော့ဘူး ဆရာ။ ပြောရရင်တော့ အခုအချိန်ဟာ ကျွန်မအတွက် သေဖို့ အင်မတန် နိးစပ်တဲ့အချိန်လို့ စိတ်ထဲမှာ ခံစားမိလာတယ်။ နောက်ဆုံး ဆရာပြောတဲ့ လက်ဖ၀ါးသောကြာဂြိုဟ်ခုံပေါ်က မှဲ့နက်ကလေးဟာ ကျွန်မကို ဒီရောဂါ ကူးစက်ခံရစေတယ်လို့ အမှတ်ရမိတယ်။ တွေးမိတယ်။ ဒါကြောင့် ကျွန်မ နောက်ဆုံးအနေနဲ့ ဆရာ့ဆီကို ရောက်လာတာ။ နောက်ဆုံးနှုတ်ဆက်ခြင်းလဲ ဖြစ်ချင်ဖြစ်မှာပေါ့ ဆရာရယ်ဟု ပြောလေ၏။ ကျွန်ုပ်လည်း

မြတ်မြတ်ရယ် နောက်ဆုံးဆိုတဲ့ စကားတော့ မပြောပါနဲ့။ လူ့ဘ၀မှာ မျှော်လင့်ချက်ဆိုတာ မသေမချင်း ထားလို့ ရပါတယ်။ ပြီးတော့ မင်းအခုဖြစ်တဲ ရောဂါက ကင်ဆာရောဂါမှ မဟုတ်တာ။ ကင်ဆာဆိုရင်တော့ နောက်ထပ် ခြောက်လလောက်ဆိုရင် မင်းသေဆုံးနိုင်တယ်။ အခုဟာက ကင်ဆာရောဂါမှ မဟုတ်တာ။ မင်းလဲ အသိညာဏ် ဗဟုသုတရှိတဲ့ အမျိုးသမီး တစ်ဦးအနေနဲ့ ကောင်းကောင်း ဗဟုသုတ ဖြစ်မှာပါ။ မြန်မာပြည်ပြန်ပြီး ကုသပါလားဟု ပြန်ပြောလိုက်ရာ မြတ်မြတ်က

မြန်မာပြည် မပြန်တော့ပါဘူး ဆရာရယ်။ ဒီလို အခြေအနေကြီး ရောက်မှ မြန်မာပြည် ပြန်ရမယ်ဆိုတော့ ဟင့်အင်း....  ကျွန်မ မပြန်ချင်ဘူး။ အဲဒါကိုတော့ မတိုက်တွန်းပါနဲ့နော်ဟု ပြန်ပြောလေ၏။ ထိုအခါ ကိစ္စတစ်ခုကို လွယ်လွယ်ကူကူနှင့် လက်မလျှော့တတ်သော ကျွန်ုပ်၏ ဗီဇအရ

အဲဒီလို ခေါင်းမမာပါနဲ့ မြတ်မြတ်ရယ်။ ဒီရောဂါဆိုတာက အခုခေတ်အခြေအနေမှာ ကြောက်စရာ ရောဂါတစ်ခုမှ မဟုတ်တော့တာ။ ဆေးဝါးစနစ်တွေကလည်း အင်မတန် တိုးတက်ကောင်းမွန်နေပြီ။ နောက်ပြီး နိုင်ငံတကာမှာလည်း ဒီရောဂါသည်တွေကို စွန့်ပစ်မထားကြတော့ပါဘူး။ နောက်ပြီး လူ့အသိုင်းအ၀ိုင်းကလည်း ရွံစရာ သတ္တ၀ါတွေရယ်လို့လဲ သဘောမထားတော့ပါဘူး။ အရေးကြီးတာက မြတ်မြတ်ရဲ့ စိတ်ပါ။ မြတ်မြတ် စိတ်ကို မလျော့လိုက်နဲ့။ စိတ်ဓာတ်ကို မာမာ ထားစမ်းပါ။ ဒီခေတ်ကြီးမှာ ဒီရောဂါက သေချာပေါက် တားနိုင်ပါတယ်။ ပြီးတော့ လူ့ဘ၀ သက်တမ်းမှာ သက်တမ်းပြည့် နေသွားရမှာပါ။ ငါ အာမခံပါတယ်ဟု ပြန်ပြောလိုက်ရာ မြတ်မြတ်က ငြိမ်သက်စွာ နားထောင်နေ၏။ ထို့နောက် မြတ်မြတ်က ကျွန်မက သေချင်းတရားကို လက်ခံလိုက်ပြီ။ သေမယ့်နေ့ကိုပဲ စောင့်ဆိုင်းနေတော့မယ်ဟု ခေါင်းမာစွာ ပြန်ပြောလေရာ ကျွန်ုပ်လည်း အနည်းငယ် စိတ်ဓာတ်ကျသွားမိ၏။

ထို့နောက် ကျွန်ုပ်သည် မြတ်မြတ်အား ကောက်ကာ ငင်ကာဖြင့် အောက်ပါအတိုင်း ပြောလိုက်လေ၏။

ကောင်းပါပြီ မြတ်မြတ်။ မြတ်မြတ်အနေနဲ့ စိတ်မနှစ်သက်တဲ့ အကြောင်းအရာကို ဆက်ပြီး မတိုက်တွန်းတော့ပါဘူး။ ကိုယ့်ညီမ အနေနဲ့ ဆန္ဒမရှိဘူး၊ မထက်သန်ဘူးဆိုရင်လည်း မလုပ်ပါနဲ့။ ဒါပေမယ့် မြတ်မြတ်ဆီမှာ ငါက အကူအညီ တစ်ခုလောက် တောင်းချင်တယ်။ လူတစ်ယောက်ရဲ့ သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ ကိစ္စဖြစ်နေလို့ပါဟု ပြောလိုက်လျှင် မြတ်မြတ်က...

မဟုတ်တာပဲ ဆရာရယ်။ ကျွန်မလို သေခါနီး လူတစ်ယောက်ကို သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ ကိစ္စတစ်ခုကို အကူအညီ တောင်းရတယ်လို့ ။ မဖြစ်နိုင်ပါဘူး ဆရာရယ်။ ဒီပြင်တခြား တစ်ယောက်ယောက်ကို အကူအညီတောင်းရင် ပိုပြီးတော့ အဆင်ပြေမယ် ထင်ပါတယ်ဟု ပြန်ပြောလေ၏။

ထိုအခါ ကျွန်ုပ်က အဲဒီ သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ လူက တခြားလူ မဟုတ်ဘူး မြတ်မြတ်ရဲ့။ ငါ့ရဲ့ အမေကိုယ်တိုင်ပဲ။ အခု အမေက ရောဂါတစ်ခုကို ခံစားနေရတယ်။ အဲဒါ ပြီးခဲ့တဲ့ နှစ်က ဒီထိုင်းက ဆေးတစ်မျိုး ပို့ပေးလိုက်တာ အဲဒီ ဆေးကို သောက်ပြီးကတည်းက တော်တော်လေး သက်သာလာတယ်။ အခါတိုင်းဆိုရင် တစ်လတစ်ခါလောက် အမြဲတမ်း ဆေးရုံကို သွားပြီး ပြနေရတာ။ အခု မနှစ်က အဲဒီဆေးကို သောက်ပြီးကတည်းက နေကောင်းနေတာ။ အခု အမေက ပြန်ဖြစ်နေတယ်။ အဲဒါကို ဖြစ်နိုင်ရင် ငါက အဲဒီဆေးကို အမေ့ဆီကို ပို့ပေးချင်တာ။ နင့်အနေနဲ့ အဲဒီဆေးကို ကူညီပြီး သွားပို့ပေးနိုင်မလား၊ ငါက အကူအညီတောင်းတာပါဟု ပြန်ပြောလိုက်လျှင် မြတ်မြတ်သည် အကူအညီတောင်းတာဟူသော စကားသံကို ကြားလိုက်ရသည်နှင့် တပြိုင်နက် ချက်ချင်းဆိုသလို မျက်လုံးများ အရောင်တောက် လာလေ၏။ ကျွန်ုပ်လည်း သူမအား အနည်းငယ် စိုက်ကြည့်လိုက်ကာ နင့်အနေနဲ့ ဒီတိုင်းကြီး သေမယ့်ရက်ကို စောင့်နေမယ့်အစား ငါ့ရဲ့ လိုအပ်နေတဲ့ အကူအညီကိုတော့ မသေခင်လေး ပေးခဲ့စမ်းပါဟာဟု ကျွန်ုပ်က အားမနာတမ်း ထပ်၍ ပြောလိုက်လေ၏။

ကျွန်မက အဲဒီဆေးကို ဆရာ့အမေဆီ သွားပို့ပြီးတာနဲ့ ပြီးသွားပြီလားဟု ပြန်မေးလေ၏။ ကျွန်ုပ်က အေး ဟုတ်တယ်။ အဲဒီဆေး အမေ့ဆီ ရောက်ပြီးတာနဲ့ နင် လုပ်ချင်တာ လုပ်၊ သွားချင်တဲ့နေရာကို သွားပေါ့။ ငါ့အမေကို စိတ်ပူလို့ပါဟာ ။ အဲဒါလေး ရောက်အောင် ပို့ပေးစမ်းပါဟု ကျွန်ုပ်က ထပ်မံ၍ စိတ်ပူနေသော အမူအရာဖြင့် အကူအညီ ထပ်တောင်းရာ မြတ်မြတ်က သက်ပျင်းကို အသာချလိုက်ကာ ဟုတ်ပါပြီ ဆရာရယ်။ ကျွန်မ အဲဒါတစ်ခုတော့ မဖြစ်ဖြစ်အောင် လုပ်ပေးပါ့မယ်ဟု ပြန်လည် ဂတိပေးလေ၏။

ထို့နောက်ထပ် ငါးရက်လောက်ကြာသော အခါတွင် မြတ်မြတ်သည် ကျွန်ုပ်ပေးလိုက်သော ပါဆယ်ထုပ်တစ်ထုပ် ၊ စာတစ်ဆောင် ကိုယူကာ MAI - လေယာဉ်နှင့် မြန်မာပြည်သို့ ပြန်သွားလေတော့၏။ ကျွန်ုပ်ကိုယ်တိုင် ဗန်ကောက် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လိုက်ပို့ပေးခဲ့၏။ လေယဉ်ကွင်းတွင် သူမသည် ကျွန်ုပ်အား နောက်ဆုံး အနေနဲ့ဟူသော စကားဖြင့် နှုတ်ဆက်လေ၏။ ကျွန်ုပ်ကလည်း မင်းက စိတ်ကောင်းရှိတဲ့ မိန်းကလေး တစ်ဦးပါ မြတ်မြတ်ရယ်။ မင်းဟာ လူတကာကို အမြဲတမ်း ကူညီပေးဖို့ စဉ်းစားနေတဲ့ စိတ်ကောင်းရှိသူပါ။ ဒါကြောင့် မင်းအတွက် နောက်ဆုံးဆိုတာ မရှိပါဘူး။ မင်းဟာ လူတကာတွေရဲ့ ရင်ထဲမှာ အမြဲတမ်း ရှင်သန်နေမှာပါဟု ကျွန်ုပ်မှ ပြန်ပြောလိုက်မိ၏။ ထို့နောက် မြတ်မြတ်သည် ကျွန်ုပ်အား နှုတ်ဆက်ကာ လေဆိပ် အခန်းတွင်းသို့ အပြီးတိုင် ၀င်ရောက် ပျောက်ကွယ် သွားတော့၏။ ကျွန်ုပ်လည်း လေဆိပ်မှ တက္ကစီငှားစီးကာ မဟာချိုင်မြို့သို့ ပြန်လာခဲ့လေတော့၏။

တစ်နေ့တွင် ကျွန်ုပ်သည် email;များကို စစ်ဆေးကြည့်နေမိ၏။ ထိုအချိန်တွင် ကျွနိုပ်၏ အီးမေးလ်ထဲသို့ မြတ်မြတ်၏ ဓာတ်ပုံတစ်ပုံနှင့်အတူ စာတစ်ဆောင်လဲ ရောက်ရှိလာလေ၏။

အကိုဆရာ....

နေကောင်းလား။ ဓာတ်ပုံလေးကို ကြည့်လိုက်။ ဘယ်သူလဲလို့။ အကို့ညီမ မြတ်မြတ်ပေါ့။ လှမလာဘူးလား။ အကိုနဲ့ နောက်ဆုံးတွေ့တဲ့ အချိန်တုန်းကနဲ့ တူသေးရဲ့လား။ အခု ၀လာတယ် ၊ ကျန်းမာရေးလည်း ကောင်းသွားပြီ။ ဘာပဲဖြစ်ဖြစ် အကို့ကို ကျေးဇူးတင်ပါတယ်။ အကိုက အကို့အမေ့အတွက် ဆေးပို့ခိုင်းတာ တကယ်တော့ အဲဒါက ဆေးမှ မဟုတ်တာ အကို။ အိမ်ရောက်တော့ ဖောက်ကြည့်လိုက်တော့ ငှက်သိုက် အားဆေးဗူးတွေ ဖြစ်နေတယ်လေ။ အကို့အမေက စာအိပ်ထဲက စာကို ဖောက်ဖတ်တော့ အကို့လက်ရေးကို တွေ့လိုက်ရတယ်။ အမေနဲ့အဖေတဲ.... သူ့ကို သာကေတ ဝေဘာဂီဆေးရုံ လိုက်ပို့ပေးလိုက်ပါတဲ။ ယုံကြည်လျှက် (သား) အကို့စာက ဒီလောက်ပါပဲ။ တိုတိုလေးပါပဲ။ ဒါပေမယ့် အကို့စာထဲက စေတနာကို မြင်လိုက်ရတယ်။ ပြီးတော့ အကိုတို့ အိမ်မှာလဲ အသက်(၇၀)ကျော် အဖေနဲ့ အမေ နှစ်ယောက်တည်း ရှိတယ်။ အဖေနဲ့ အမေကလည်း အကို့လိုပဲ။ သိတ်ပြီး ဇွဲကြီးလိုက်တာ။ ညီမကို မဖြစ်ဖြစ်အောင် ရန်ကုန် သာကေတ ဝေဘာဂီဆေးရုံကို လိုက်ပို့ပေးကြတယ်။ ထားပါတော့။ အခု ညီမ အဲဒီဆေးရုံမှာ စစခြင်း ကိုးရက်လောက် ဆေးရုံတက်လိုက်ရတယ်။ လတ်တလော ခံစားနေရတဲ့ အသဲမှာ အနာဖြစ်နေတာ။ အဲဒါကို အပ်နဲ့ စုတ်ထုပ်ရတယ်။ အဲဒါကုလိုက်ပြီးတဲ့နောက်ပိုင်း တဖြေးဖြေး ချောင်းဆိုးတာတွေ ပျောက်လာတယ်။

နောက် (၃)ရက်လောက် အမေးအဖြေ လုပ်ရတယ်။ နောက်ပိုင်းတော့ ညီမရဲ့ သွေးတွေ ဆီးတွေ အကုန်လုံးကို ထပ်စစ်ဆေးတယ်။ ပြီးတော့ ညီမ ရောဂါ ပျောက်ကင်းဖို့ ဆေးစပေးတယ်။ ဆေးသောက်ပြီး အစပိုင်းတော့ တစ်ကိုယ်လုံး အနီရောင် အဆုပ်လိုက် အဆုပ်လိုက်တွေ ပေါ်လာတယ်။ အခု နောက်ပိုင်းတော့ အဲဒါတွေလဲ မရှိတော့ပါဘူး။ တကိုယ်လုံးက အနာလေးတွေလဲ ပျောက်သွားပါပြီ။ အခုဆိုရင် ညီမ အကို မြင်တဲ့အတိုင်း လူကောင်းပကတိ ဖြစ်နေပါပြီ။ ဓာတ်ပုံထဲမှာ သိတ်လှနေတဲ့ ညီမကို မြင်တယ် မဟုတ်လား။ အဲဒီ ဆေးရုံမှာ ဆေးကုရတာလဲ ပိုက်ဆံမပေးရပါဘူး။ အလှူငွေပဲ တတ်နိုင်သလောက် ထည့်ရုံပါပဲ အကို ။ လမ်းစရိပ်လောက်ပဲ ကုန်တာပါ။

ပြီးတော့ အကိုအတွက် ၀မ်းသာစရာ ကောင်းတဲ့ သတင်းတစ်ခု ပြောရဦးမယ်။ ညီမ အိမ်နဲ့လဲ ပြန် အဆက်အသွယ် ရပါပြီ။ ညီမတို့အိမ်က ပြည့်စုံတဲ့ မိသားစုတစ်ခုပါ။ အဲဒီတော့ ညီမရဲ့ နေရေးထိုင်ရေး စားရေး သောက်ရေး အားလုံး အစစ အရာရာ အဆင်ပြေသွားတာပေါ့။ သိတ်ပြီး အံသြစရာ ကောင်းတာကို ပြောပြမယ်။ ညီမရဲ့ မိဘတွေကလေ ညီမ ဒီလိုရောဂါဆိုးကြီး ခံစားနေရတာကို ပြန်လက်ခံကြတယ်နော်။ မသိချင်ယောင်ဆောင်ပြီး စွန့်မပစ်လိုက်ကြဘူး။ အဲဒါကို မိဘလို့ ခေါ်တာဖြစ်မယ်။ နောက်တစ်ခုက အကို့ရဲ့ မိဘ သက်ကြီးရွယ်အိုကြီးတွေကလည်း မသန်မစွမ်းနဲ့ ညီမကို ရန်ကုန်ဝေဘာဂီ ဆေးရုံကို မရောက်ရောက်အောင် လိုက်ပို့ပေးကြတယ်။ အော် ဒါလဲ မိဘဆိုတဲ့ စိတ်ကြောင့် ဖြစ်မယ်နော်။ ဘာပဲဖြစ်ဖြစ် အကိုရယ် အခုလို အသက်ရှင်သန်ခွင့်ပေးတဲ့ အကိုဆရာကို ကျေးဇူးတင်ပါတယ်။ တကယ်တော့ ဘ၀ဆိုတာ အသက်ရှု မရပ်မချင်း မျှော်လင့်ချက်ဆိုတာ ရှိနေတာပါပဲ မဟုတ်လား။  (HIV) ရောဂါ ဖြစ်နေတဲ့ သူတွေကို ဘာမျှ စိတ်မပူပါနဲ့။ ဒီရောဂါဟာ ကုသလို့ ရပါတယ်၊ လူ့ဘ၀သက်တန်းစေ့ နေထိုင်နိုင်တယ်ဆိုတာကို ပြောပြပေးဖို့နဲ့ လက်ဖ၀ါးသောကြာဂြိုဟ်ခုံပေါ်မှာ မှဲ့ပေါက်ရင် ကိုယ်နဲ့ ပါတ်သက်တဲ့ အမျိုးသားဆီက ဒီရောဂါ ကူးစက်တတ်တယ်ဆိုတာ ကျွန်မအတွက်တော့ အရမ်းမှန်တာပဲလို့ အကိုဆရာက တစ်ဆင့် ပြောပြပေးပါလို့ .... (အကိုဆရာရဲ့ ညီမ (မြတ်မြတ်)

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်(ထိုင်းနိုင်ငံ၊မဟာချိုင်မြို့)

အသက် (၇၀)ကျော် (၈၀) နီးပါး အဖေနဲ့အမေ ငါတို့စားသလိုတော့ စားရမယ်တဲ့.....

ရှေ့တန်းစစ်မျက်နှာမှ တပ်ပျက်နေသော လူများ



တစ်ညသ၌ ကျွန်ုပ်၏ စိတ်ထဲတွင် ဘုရားတွင်သွား၍ ပုတီးစိပ်လိုစိတ်များ တဖွားဖွား ပေါ်လာသောကြောင့် ကျွန်ုပ်၏ အခန်းနှင့် မနီးမဝေးတွင် တည်ရှိသော မြန်မာဘုရား စေတီတော်လေးသို့ စိတ်လက်ပေါ့ပါးစွာဖြင့် လမ်းလျှောက်ထွက်လာခဲ့၏။ ကျွန်ုပ်၏အခန်းမှ ထိုစေတီတော်သို့ လမ်းလျှောက်ရာတွင် မိနစ်အားဖြင့် (၁၅) မိနစ်ခန့် လျှောက်ရ၏။ ကျွန်ုပ်လည်း ပုတီးစိပ်သော နေရာတွင် ခင်း၍ထိုင်ရန် အခင်းလေးတစ်ခု ၊ ကျွန်ုပ် စိပ်နေကျ ပုတီး၊ ပုတီးစိပ်ပြီး ရေဆာလျှင် သောက်ရန်အတွက် ရေသန့်ဗူးတစ်ဗူး၊ ဖယောင်းတိုင် ၊ အမွှေးတိုင်၊ ကျွန်ုပ်၏ တားရော့ဗူးကလေးနှင့် ဆေးပေါ့လိပ် ၊ မီးခြစ်တို့ကိုယူပြီး စိတ်လက်ပေါ့ပါးစွာ ထွက်လာခဲ့၏။

ထိုစေတီတော်သည် ၀ပ်ခုပ်ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းတွင် တည်ရှိ၏။ ထိုစေတီတော်တော်၏ ဘေးနားကလေးမှ ချောင်းကလေးတစ်ချောင်းလဲ တသွင်သွင် စီးဆင်းနေ၏။ ထိုချောင်းကမ်းနဖူးကို မေးတင်၍ နဂါးရုံဘုရားတစ်ဆူလည်း တည်ထားလေ၏။ စေတီတော်၏ ဘေးပါတ်လည်တွင်လည်း ရပ်တော်မူဘုရားများ ထိုင်ကိုယ်တော်များလည်း တည်ရှိ၏။ ထို့ပြင် ချောင်းကမ်းနဘေးမှာ ရွက်လှပန်း ပင်ကလေးများကိုလည်း အစီအရီ အလှ စိုက်ထားလေ၏။ ထိုချောင်းကလေးအတွင်းမှ တိုက်ခပ်လာသော လေပြေလေညှင်း ကလေးများလည်း တသွင်သွင် တိုက်ခတ်လျှက်ရှိ၏။

ကျွန်ုပ်လည်း စေတီတော်သို့ ရောက်လျှင်ရောက်ခြင်း ဦးစွာပထမ စေတီတော်ရင်ပြင် တစ်ခုလုံးကို တံမျက်စည်း လှည်း၏။ စွန့်ပစ်စရာသော အမှိုက်များကို သွားရောက်စွန့်ပစ်၏။ ထို့နောက် အသင့်ယူလာသော အမွှေးတိုင်များကို အရပ်ရှစ်မျက်နှာရှိ ဘုရားရုပ်ပွားတော်မြတ်များ အားလုံးရှေ့တွင် လိုက်လံ ထွန်းညှိပူဇော်၏။ နာရီဝက်ခန့်အကြာတွင် ကျွန်ုပ်၏ ဦးစွာပြုဖွယ်ကိစ္စများကို အားလုံး ပြီးစီးအောင် ဆောင်ရွက်ပြီးသွား၏။ ထို့နောက် ကျွန်ုပ်၏ မွေးနံထောင့်ဖြစ်သော အရှေ့အရပ်တွင် အသင့် ဆောင်ယူလာသော အနေကထိုင် (အခင်း)ကလေးကို အသာချ ခင်းလိုက်ပြီးလျှင် ထိုအခင်းကလေးပေါ်တွင် အေးအေးလူလူ ထိုင်လိုက်ပြီးလျှင် သက်တော်ထင်ရှား မြတ်စွာဘုရားရှင်အား အာရုံပြုပြီးလျှင် ဦးချကန်တော့လိုက်၏။

ထို့နောက် ကျွန်ုပ်၏ လွယ်အိပ်တွင် အသင့်ထည့်ယူလာသော ပုတီး၊ တားရော့၊ ကြေးခေါင်းလောင်းကလေးတို့ကိုလည်း ကျွန်ုပ်၏ ရှေ့တွင် အခင်းကလေးခင်းကာ အသင့်ချလိုက်၏။ ထို့နောက် ကျွန်ုပ်၏ ယောက်ယက်ခပ်နေသော စိတ်များကို ငြိမ်သက်သွားစေရန်အတွက် ခေတ္တခနမျှ မျက်လုံးကိုမှတ်ပြီး ထိုင်နေလိုက်၏။ ထို့သို့ စိတ်ကို ငြိမ်သက်စေရန် ထိုင်လိုက်ကာမှပင် ကျွန်ုပ်၏ စိတ်များသည် အလွန်အင်မတန် ဆော့ကစား ချင်နေပေမယ့် ဆော့ကစားခွင့် မရသော ကလေးသူငယ်သည် လူကြီးတစ်ဦးက ကဲ.... မင်းဆော့ချင် သွားဆော့ချေဟု ပြောလိုက်သောအခါတွင် အခွင့်အရေး ရသွားသော ကလေးသူငယ်တစ်ဦးကဲ့သို့ စတင် ပြေးလွှားလေတော့၏။ တစ်နေကုန် လူမှု့ရေး၊ စီးပွားရေး၊ အလုပ်အကိုင်ကိစ္စများနှင့် မအားမလပ်နိုင်အောင် ဖြစ်နေလျှက် လေခွင့် ပြေးလွှားခွင့် မရရှာသော ကျွန်ုပ်၏ စိတ်အစဉ်သည် ယခု ငြိမ်သက်စွာ ထိုင်လိုက်စဉ်အခိုက်မှာပင် စတင်ပြေးလွှား လေတော့၏။

ကျွန်ုပ်လည်း အစပထမတွင် ပြေးလွှားနေသော စိတ်အစဉ်ကို ငြိမ်သက်သွားစေရန်အတွက် စိတ်ထဲတွင် တစ်ခုပြီးတစ်ခု ပေါ်လာသော အတွေးစများကို ဖြတ်ချပစ်နေရ၏။ ကျွန်ုပ်က ဖြတ်ချလိုက် အတွေးစ နောက်တစ်ခုက ပေါ်လာလိုက်၊ နောက်တစ်ခုကို ဖြတ်ချလိုက်၊ နောက်တစ်ခု ပေါ်လာလိုက်နှင့် ရှိနေ၏။ ထိုသို့ပေါ်လာသော အတွေးများထဲတွင် ကြည်နူးစရာများ၊ ၀မ်းသာစရာများ၊ ၀မ်းနည်းစရာများ၊ စိတ်မကောင်းစရာများ ၊ ဒေါသထွက်စရာများ စသည်ဖြင့် မတူညီသော အတွေးများသည် သံကြိုးတစ်ခုပမာ ကွင်းဆက်များတစ်ခုနှင့် တစ်ခု ချိတ်ဆက်ကာ ပေါ်လာ၏။ ကျွန်ုပ်သည် စိတ်ထဲတွင် ပေါ်လာသော အတွေးများကို ကြိုးစားပြီး ဖျောက်နေရ၏။ သို့သော် ထိုပေါ်လာသော အတွေးစများသည် ပျောက်မသွားပေ။

ထို့ကြောင့် အေးငြိမ်းအောင် ထိုင်ကာမှ ဒေါ်သစိတ်များ ဖြစ်ပေါ်လာ၏။ ထို့ကြောင့် ကျွန်ုပ်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဂနာမငြိမ် ဖြစ်လာ၏။ ညောင်းသလို ကိုက်သလိုလို ဖြစ်လာ၏။ ဟိုနားက ယားလာသလိုလို ဒီနားက ပူလာသလိုလို ဖြစ်လာ၏။ ထို့ကြောင့် ကျွန်ုပ်၏ ထိုင်နေသော ပုံစံကို ခေတ္တပြန်ဖျက်လိုက်၏။ ထို့နောက် မှိတ်ထားသော မျက်လုံးကို အသာပြန်ဖွင့်လိုက်ကာ ရေသန့်ဗူးထဲမှ ရေအနည်းငယ်ကို သောက်လိုက်၏။ ထို့နောက် ဘေးနားတွင် အသင့်ချထားသော ဆေးပေါ့လိပ်ကို ယူကာ မီးညှို့ရိုက်ဖွာလိုက်၏။ ထိုအချိန်တွင် ကျွန်ုပ်၏ နောက်နားဆီမှ အသံတစ်ခုကို ကြားလိုက်ရသောကြောင့် နောက်ဖက်သို့ အသာလှည့်ကြည့်လိုက်သောအခါ ကျွန်ုပ်နှင့် လွန်စွာ ရင်းနှီးခင်မင်သော ကျွန်ုပ်၏ အမေရင်း သဖွယ်ဖြစ်သော ဒေါ်သတ္တိ ဖြစ်နေလေတော့၏။ ကျွန်ုပ်လည်း အော... အမေကိုး။ ဘယ်လိုကနေ ဘယ်လို ရောက်လာတာလဲ။ ကျွန်တော် ဒီမှာရောက်နေတာ ဘယ်လို သိလို့ လိုက်လာတာလဲဟု ထိုင်နေရာမှ နောက်ဖက်သို့ လှည့်လိုက်ကာ အမေဒေါ်သတ္တိအား လှည့်ကြည့် ပြန်လည်နှုတ်ဆက်လိုက်၏။ ထိုအခါ အမေဒေါ်သတ္တိက...

ဘယ်လိုကဘယ်လို လှည့်လာတာ မဟုတ်ပါဘူး။ မင်းအခန်းကိုရောက်တော့ မင်းတပည့်တွေက မင်းဘုရားကို ပုတီးစိပ်ထွက် သွားတယ်ဆိုလို့ ဒီနေရာလေးမှာ ရောက်နေမယ်ထင်မယ်လို့ တွေးမိလို့ လိုက်လာခဲ့တာ။ ငါရောက်တာ တော်တော်လေး ကြာပြီ။ မင်းစထိုင်ကတည်းက ရောက်နေတာ။ မင်းကို အနှောက်အယှက် ဖြစ်မှာစိုးလို့ ခပ်လှမ်းလှမ်းကနေ အသာလေး ကြည့်နေတာ။ မင်း ထိုင်နေတာ သိပ်ပြီး ဂဏာမငြိမ်လှဘူး။ ဘယ်လိုလဲ တရားထိုင်နေတာလား။ ကမ္မဋ္ဌာန်း ထိုင်နေတာလား။ ဒါမှမဟုတ် အဓိဋ္ဌာန်ပုတီး စိပ်နေတာလားဟု ပြန်ပြောလေ၏။

ထိုအခါကျွန်ုပ်က တရားထိုင်တာတော့ မဟုတ်ပါဘူးအမေရယ်။ ပုတီးစိပ်ခါနီး ယောက်ယက်ခပ်နေတဲ့ ကျွန်တော့်စိတ်ကလေးတွေ နည်းနည်းလောက် ငြိမ်သွားအောင် အရင်ထိုင်နေတာပါ။ စိတ်ငြိမ်အောင်ထိုင်ကာမှ စိတ်တွေက ပိုပြီး ယောက်ယက်ခတ်လာတယ်။ ငြိမ်အောင် ထိမ်းလိုက် ၊ စိတ်တွေက လျှောက်သွားလိုက်နဲ့ နည်းနည်း ငြိမ်နေတဲစိတ်တောင် တိုလာတာနဲ့ ရပ်ပစ်လိုက်တာဟု ပြန်ပြောလိုက်၏။ ထိုအခါ အမေဒေါ်သတ္တိက...

အင်း နည်းနည်းလောက် ဆရာလုပ်ကြည့်လို့ ရမလား။ အမေက ကျကျနနကြီး မဟုတ်ပေမယ့် တရားနည်းနည်း ပါးပါးတော့ အားထုပ်ဘူးပါတယ်။ တရားထိုင်စတုန်းကတော့ အဲဒီလိုဖြစ်တတ်ပါတယ်။ ဒါပေမယ့် နောက်တော့လည်း ငြိမ်သွားတာပါပဲ။ ဒါဟာ အလေ့အကျင့်နဲ့ ဆိုင်မယ်တော့ ထင်ပါတယ်။ ငါတို့ တရားထိုင်တုန်းက နာခဲ့ရတဲ့ တရားလေးတစ်ပုဒ် လောက်ပြောပြချင်တယ်။

နွားပေါက်လေး တစ်ကောင်။ တစ်ခါမှ နဖားကြိုး မထိုးဘူးသေးဘူး။ ဒီနေ့မှ စပြီး နဖားကြိုးထိုးလိုက်တယ်။ ပြီးတော့ ချဉ်တိုင်တစ်တိုင်မှာ ချဉ်ထားလိုက်တယ်။ အဲဒီလို ချဉ်တိုင်မှာ စပြီး ချဉ်လိုက်တဲ့အချိန်မှာ အဲဒီ နွားကလေးက ငြိမ်ပြီးနေမယ်လို့ ထင်လား။ ဘယ်ငြိမ်နေပါ့မလဲ။ အစပထမတော့ သူက ချဉ်တိုင်မှာ ချဉ်ထားတဲ့ ချည်ထားတဲ့ ကြိုးကို အရင် ရုန်းကြည့်မယ်။ နောက် ရုန်းလို့မရမှန်းသိတော့ ချည်တိုင်ကို ပတ်ပြီး နည်းနည်းပြေးမယ်။ နောက် မောလာတော့ အဲဒီ ချည်တိုင်ဘေးမှာ အသာလေး အိပ်နေမယ်။ နောက်ခနနေ ထပြီး ရုန်းမယ်။ ရုန်းလို့ မရတော့ ပတ်ပြီး ပြေးမယ်။ မရမှန်းသိတော့ ချည်တိုင်ဘေးမှာ ခွေခွေလေး ကပ်ပြီး အိပ်ချလိုက်မယ်။ အဲဒီလိုနဲ့ နောက်ပိုင်း ကြာလာတော့ ရုန်းလို့လဲ မရမှန်းလဲ သိရော အဲဒီနွားကလေးက မရုန်းတော့ဘူး။ ချည်တိုင်ကိုလည်း ပတ်မပြေးတော့ဘူး။ အဲဒီ ချည်တိုင်ဘေးမှာပဲ ငြိမ်ငြိမ်လေး အိပ်နေတော့တယ်။ မဟုတ်ဘူးလား။

အဲဒီ ဥပမာကလေးလိုပဲ ငါ့သားရဲ့။ မင်းတို့ငါတို့ရဲ့ စိတ်ဆိုတာဟာ တစ်ခါဘူးမျှ ကြိုးမချည်ဘူးတဲ့ နွားကလေးနဲ့ အလားသဏ္ဍာန် တူတယ်။ အရိုင်းလေးပေါ့။ အဲဒီ စိတ်အရိုင်းလေးကို သတိဆိုတဲ့ ကြိုးလေးနဲ့ ချည်လိုက်တဲ့အခါ အစပထမတော့ နွားကလေး ရုန်သလိုပဲ ရုန်းတာပေါ့။ ပြေးတာပေါ့။ ဒါပေမယ့် ကိုယ်က အဲဒီ ပြေးလွားနေတဲ့ စိတ်ကို သတိဆိုတဲ့ အရာနဲ့ အသာလေး စောင့်ပြီး ဖမ်းရတာပေါ့။ ကိုယ့်စိတ်လေးက ပြေးလိုက်။ သတိဆိုတဲ့ အရာလေးနဲ့ စောင့်စောင့်ပြီး ဖမ်းရတာပေါ့။ နောက်တော့လဲ နွားကလေးလို ငြိမ်သွားသလို မင်းရဲ့ ယောက်ယက်ခတ်နေတဲ့ စိတ်လေးကလည်း အလိုလို ငြိမ်သွားမှာပေါ့ ငါ့သားရယ်ဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်က

ဟုတ်ပါပြီ၊ သဘောပေါက်ပါပြီ အမေရယ်။ နောက်ပြီး အဲဒီလို ထိုင်တဲ့အချိန်မှာ ကျွန်တော့်တစ်ကိုလုံး ကောက်ညှင်းထုပ် ထုပ်ထားသလို တကိုယ်လုံး တင်းတင်းကျပ်ကျပ်ကြီး ဖြစ်နေတာကရော ဘာဖြစ်လို့ပါလဲဟု ပြန်မေးလိုက်လေရာ အမေဒေါ်သတ္တိက ...

အင်း အဲဒါကတော့ သားရဲ့ ကိုယ်ထဲမှာရှိတဲ့ အကြောတွေ တင်းနေတာပေါ့။ ကြွက်သားတွေ တင်းတင်းကြပ်ကြပ်ကြီး ဖြစ်နေတာ။ အဲဒါကိုလဲ အကြောလျှောပစ်ရမယ်။ ဘယ်လို လျှော့ပစ်ရမလဲဆိုတော့ မင်းအနေနဲ့ တင်ပလ္လင်ခွေထိုင်လိုက်၊ ပြီးတော့ မင်းရဲ့ ခေါင်းကနေ ခြေဖျားထိအောင် တစ်ကိုယ်လုံးမှာရှိတဲ့ အကြောတွေအားလုံး ပြေလျှော့သွားပြီလို့ နက်နက်နဲနဲ နှုတ်ကလဲ တိုးတိုးလေး ရွတ်ဆိုရမယ်။ စိတ်ထဲကလဲ တကယ်ပဲ အကြောတွေ လျော့သွားပြီလို့ စိတ်ကူးရမယ်။ ကောင်းတာကတော့ ခေါင်းကနေ ခြေဖျားထိ တစ်နေရာခြင်း တစ်ကွက်ခြင်း နှုတ်ကရော စိတ်နဲ့ရော လေးလေးနက်နက် ဖြေလျော့ပစ်ရမယ်။ အဲဒီလို ကျကျနန ဖြေလျော့ပစ်လိုက်ခြင်းအားဖြင့် မင်းတကိုယ်လုံး ခုနက ကောက်ညှင်းထုပ် ထုပ်ထားသလို ဖြစ်နေတဲ့ တင်းတင်းကြပ်ကြပ် ခံစားနေရတဲ့ ဝေဒနာတွေ ပြေပျောက်သွားလိမ့်မယ်။ ကဲ... လုပ်ကြည့် လုပ်ကြည့် ။ မင်းကို အမေစောင့်ပေးမယ်ဟု ပြောလေ၏။

ကျွန်ုပ်လည်း မြတ်စွာဘုရားရှင်ဘက်သို ပြန်လှည့်လိုက်ကာ တင်ပလ္လင်ခွေ ထိုင်လိုက်၏။ ထို့သို့ ထိုင်သောအခါတွင်လည်း ကျွန်ုပ်၏ ခန္ဓာကိုယ်တစ်ခုလုံးကို တင်းတင်းတောင့်တောင့်ကြီး ဖြစ်မနေအောင် ခပ်ပုံ့ပုံ့လေး ထိုင်၏။ အညာဆောင် ခပ်နွမ်းနွမ်းကလေးကို အသာလေး ပစ်ချလိုက်သောအခါ ခပ်ပုံ့ပုံ့လေး ကျသွားသကဲ့သို့ ကျွန်ုပ်၏ ခန္ဓာကိုယ်လေးကိုလည်း အသာလေး ထိုင်ချလိုက်၏။ ထို့နောက် ကျွန်ုပ်၏ ခန္ဓာကို ဆံဖျားမှစ၍ ခြေဖျားတိုင်အောင် တစ်ကိုယ်လုံးမှာရှိတဲ့ နေရာတိုင်းကို ကျွန်ုပ်၏ စိတ်နှင်ရော နှုတ်ဖြင့်ပါ ဖြေလျှော့ပစ်လိုက်၏။ ထိုသို့ ဖြေလျှော့သည့်အခါတွင် တာဝန်ကျေပုံစံမျိုး ပြီးပြီးရော ပုံစံမျိုး လုပ်သည် မဟုတ်ပဲ တကယ့်ကို လေးလေးနက်နက် ကျကျနန ဖြေလျော့ပစ်ခြင်း ဖြစ်၏။ ထိုကဲသို့ အကြောများကို ဖြေလျောလိုက်ပြီးနောက်ပိုင်းတွင်  ကျွနုပ်၏ စိတ်ရောကိုယ်ပါ ပေါ့ပါးလန်းဆန်းသွားလေ၏။ တင်းတင်းကြပ်ကြပ်ကြီး ခံစားနေရသော ဝေဒနာကိုလည်း မခံစားရတော့ပေ။ ကျွန်ုပ်၏ စိတ်အစဉ်သည် ပကတိ ကန်ရေပြင်ကဲ့သို့ ငြိမ်သက်သွားလေတော့၏။

ထို့နောက် ကျွန်ုပ်သည် ရှေ့တွင်ချထားသော ကျွန်ုပ်၏ ပုတီးကို အသာကလေး ကောက်ကိုင်လိုက်ကာ မြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးကို ပုတီးဆယ်ပတ် ရအောင် စိပ်ရသော ပုတီးစိပ်နည်းဖြင့် စတင် ပုတီးစိပ်၏။ ထိုပုတီးစိပ်နည်းတွင် ဂုဏ်တော်ကိုးပါးတွင် ဂုဏ်တော်တစ်ပါးကို ပုတီးတစ်ပါတ် စိပ်ရ၏။ အနုတ္တရော ပုရိသ ဓမ္မသာရထိ ဂုဏ်တော်ကို ရောက်သောအခါတွင် အနုတ္တရော ကို ပုတီးတစ်ပတ် စိပ်ရ၏။ ပုရိသဓမ္မသာရထိကို ပုတီးတစ်ပတ် စိပ်ရ၏။ ထိုပုတီးစိပ်ကို အစအဆုံး ဖော်ပြရပါမူ အောက်ပါအတိုင်း ဖြစ်၏။ အရဟံ (၁) ပတ်၊ သမ္မာသမ္ဗုဒ္ဓေါ (၁)ပတ်၊ ၀ိဇ္ဇာစရဏသမ္ပန္နော (၁)ပတ်၊ သုဂုတော (၁)ပတ်၊ လောက၀ိဒူ (၁)ပတ်၊ အနုတ္တရော (၁)ပတ်၊ ပုရိသဓမ္မသာရထိ (၁)ပတ်၊ သတ္ထာဒေ၀မနုဿာနံ (၁)ပတ်၊ ဗုဒ္ဓေါ (၁)ပတ်၊ ဘဂ၀ါ (၁)ပတ် ဖြစ်၏။ အားလုံး စုစုပေါင်း ပုတီးပတ် (၁၀)ပတ် ဖြစ်၏။

ကျွန်ုပ်သည်လည်း ပုတီးဆယ်ပါတ် စိပ်ပြီးနောက် မြတ်စွာဘုရားအား ဦချကန်တော့လိုက်ပြီးလျှင် ကျွန်ုပ်၏ နောက်ဘက်သို့ အသာအယာ လှည့်ကြည့်လိုက်သောအခါတွင် ဒေါ်သတ္တိအား မတွေ့ရတော့ပေ။ ထို့ကြောင့် ကျွန်ုပ်လဲ အနီးအနားကို အသာဝေ့ကြည့်လိုက်သောအခါတွင် ကျွန်ုပ်၏ ဆေးလိပ်ဗူး မီးခြစ်နှင့် ဖိထားသော စာရွက်တစ်ရွက်ကို တွေ့လိုက်ရသောကြောင့် အသာယူပြီး ဖတ်ကြည့်လိုက်ရာ ဒေါ်သတ္တိကြီးက အောက်ပါအတိုင်း သူ၏ ခပ်သော့သော့ လက်ရေးဖြင့် စာရေးသား ထားခဲ့ခြင်း ဖြစ်လေ၏။ ငါ့သား.... ဘုန်းကြီးကျောင်းရှေ့က ကွေ့တယိုဆိုင်လေးမှာ အမေစောင့်နေမယ်၊ အားလုံးပြီးသွားပြီဆိုရင် လာခဲ့ပါ။ မင်းစားဖို့ ၀က်သားနဲ့ ကွတ်တယိုတစ်ပွဲ မှာထားလိုက်မယ်ဟု ရေးသားထားသောစာကို တွေ့လိုက်ရသောကြောင့် ကျွန်ုပ်လည်း ပျော်ရွှင်စွာ ပြုံးလိုက်မိလေ၏။ ထို့နောက် ကျွန်ုပ်၏ ပစ္စည်းပစ္စယ အားလုံးတို့ကို မေ့မကျန်ရစ်အောင် သိမ်းလိုက်ပြီး မြတ်ဘုရားအား ဦးချကန်တော့လိုက်ကာ စေတီတော်အတွင်းဘက်မှ လမ်းမဘက်သို့ ထွက်လာခဲ့၏။ လမ်းမဘေးရှိ ကွတ်တယို ဆိုင်ကလေးတွင် အမေဒေါ်သတ္တိသည် အသင့်ထိုင်စောင့်နေလေ၏။

ကျွန်ုပ်လည်း ဒေါ်သတ္တိရှေ့တွင် အသာဝင်ထိုင်လိုက်၏။ ကျွန်ုပ်ထိုင်ပြီး မရှေးမနှောင်းတွင် ဆိုင်ရှင်ဖြစ်သူမှ အငွေ့တထောင်းထောင်း ထနေသော ကွေ့တယို နှစ်ပွဲကို ကျွန်ုပ်ရှေ့တွင် တစ်ပွဲ ဒေါ်သတ္တိရှေ့တွင် တစ်ပွဲ လာချပေးလေ၏။ ကျွန်ုပ်လည်း ခုံပေါ်တွင်ရှိသော ဗူးများထဲမှ ငရုပ်သီးမှု့န့် တစ်ဇွန်း၊ သိကြားတစ်ဇွန်း ၊ အချဉ်ရေတစ်ဇွန်းကို ထည့်လိုက်ပြီး ရောမွှေလိုက်ပြီး အသာ မြီးကြည့်လိုက်ရာ အနည်းငယ် ပေါ့နေသောကြောင့် ငံပြာရည်ပုလင်းကို ယူလိုက်ကာ အနည်းငယ် ထပ်ထည့်လိုက်၏။ ကျွန်ုပ်နည်းတူ ဒေါ်သတ္တိကြီးသည် သူမရှေ့တွင်ရှိသော ကွေ့တယိုကို စိတ်ကြိုက် ထည့်နေ၏။ ထို့နောက် နှစ်ယောက်အတူ အငွေ့တစ်ထောင်းထောင်း ထနေသော ကွေ့တိယိုကို နှစ်ယောက်အတူ မြိန်ရှက်စွာ စားသောက်ကြ၏။

ကျွန်ုပ်နှင့် ဒေါ်သတ္တိ စားသောက်နေချိန်တွင် ကျွန်ုပ်နှင့်သိကျွမ်း ရင်းနှီးခင်မင်သော လင်မယားနှစ်ဦးလည်း ကွေ့တိယို ဆိုင်ကလေးသို့ ရောက်ရှိလာပြီးလျှင် ကျွန်ုပ်တို့ စာပွဲဝိုင်းတွင် ၀င်ထိုင်လေ၏။ ထို့နောက် ကျွန်ုပ်တို့အား နှုတ်ဆက်ပြီးလျှင် ၎င်းတို့လင်မယား နှစ်ဦးသည်လည်း ကွေ့တိယို နှစ်ပွဲကို မှာစားရင်း ကျွန်ုပ်တို့လေးဦးသားသည် စကားပြောဖြစ်ကြ၏။ လင်မယားနှစ်ယောက် အနက်မှ ဇနီးဖြစ်သူမှ ဆရာဆီကို ကျွန်မတို့လည်း လာမလို့ လုပ်နေတာ။ ဒီမှာ လာတွေ့တာနဲ့ အတော်ပဲ ဖြစ်သွားတယ်။ ဒီတစ်ပါတ် တနင်္ဂနွေ အလုပ်ပိတ်ရက်ကြရင် လာခဲ့မယ် ဆရာ။ အခုလောလောဆယ်တော့ ကျွန်မတို့စိတ်ထဲမှာ မတင်မကျ ဖြစ်နေတာလေးကို နည်းနည်းလောက် ပြောပြ အကြံပေးခဲ့ပါဦးဟု စတင်ပြောဆိုလေ၏။ ထိုအခါ ၎င်း၏အမျိုးသားဖြစ်သူက ဟာ... မအေးကလည်းကွာ ။ ဆရာတို့ အစားအသောက် စားချိန်လေး အေးအေးဆေးဆေးလေး စားပါစေ။ မင်းကလည်း မသိတတ်လိုက်တာ။ တွေ့တာနဲ့ တစ်ခုခု မေးဖို့ပဲ။ အားနာလိုက်တာ ဆရာရယ်။ တနင်္ဂနွေနေ့မှ လာခဲ့ပါ့မယ်ဟု ၀င်ပြောလိုက်ရာ ကျွန်ုပ်ကလည်း... ရပါတယ်ဗျာ။ ပြောပါ ကျွန်တော် ဘာကူညီပေးရမလဲဟု ပြန်ပြောလိုက်ရာ မအေးဆိုသူ အမျိုးသမီးက

ဒီလိုပါ ဆရာရယ်၊ ကျွန်မတို့ မြန်မာပြည်မှာရှိတဲ့ အမျိုးတွေက ထိုင်းကို လာချင်နေကြတယ်။ ကျွန်မတို့မှာကလည်း ငွေက အပိုအလျှံတော့ မရှိဘူး မဟုတ်လား။ တကယ်လို့ သူတို့ကို ထိုင်းကို ခေါ်မယ်ဆိုရင်တောင် သူများတွေဆီမှာ ငွေကို အတိုးနဲ့ လိုက်ရှာပြီးမှ ခေါ်ရမှာ ဆရာရဲ့။ ကိုယ့် ပိုက်ဆံဆိုရင်တော့ ကိစ္စမရှိဘူးပေါ့ ဆရာရယ်၊ အခုတော့ သူများဆီကနေ အတိုးနဲ့ယူပြီး လုပ်ရမှာဆိုတော့ စိတ်ထဲမှာလဲ နည်းနည်းလေး မဆုံးဖြတ်ရဲဘူး ဖြစ်နေတယ်။ အဲဒါလေးကို ဆရာ့ဆီမှာ ဗေဒင်လာမေးချင်တာ ဟု ပြောလေ၏။

ကျွန်ုပ်လည်း အစားအသောက်ကို လက်စသတ်လိုက်ရင်း.. ခင်ဗျားတို့ အမျိုးတွေကို ငွေကို အတိုးနဲ့ရှာပြီး ထိုင်းကို အလုပ်လုပ်ဖို့ ခေါ်ရင်ကောင်းမကောင်း သိချင်တာ မဟုတ်လားဟု ပြန်မေးလိုက်လေလျှင် မအေးက..

ဟုတ်ပါတယ် ဟုတ်ပါတယ် ဆရာ။ အဲဒါလေး သိချင်တာပါဟု ပြန်ပြောလေ၏။ ကျွန်ုပ်လည်း ခေတ္တခနမျှ မျက်စိမှိတ်လိုက်ကာ စဉ်းစားလိုက်၏။ ထို့နောက် ၎င်းတို့လင်မယားအား အောက်ပါအတိုင်း ပြန်ပြောလိုက်၏။

ဒီမှာ... ကျွန်တော်ပြောတာကို သေသေချာချာ နားထောင်ပါ။ ခင်ဗျားတို့ သူများဆီက ငွေကို အတိုးနဲ့ ရှာပြီး အမျိုးတွေကို ခေါ်မယ့်ကိစ္စ မလုပ်တာ ကောင်းတယ်။ လုံးဝ မလုပ်ပါနဲ့။ အဆင်မပြေဘူးလို့ မြင်တယ်။ ခင်ဗျားတို့ လင်မယား သေချာပေါက် ဒုက္ခတွေ့လိမ့်မယ်။ ဒါကြောင့် ဒီအကြံအစည်ကို လုံးဝ အကောင်အထည် မဖော်သင့်ဘူးလို့ မြင်ပါတယ်ဟု ပြန်ပြောလိုက်၏။

ထိုအခါ မအေး၏ အမျိုးသားဖြစ်သူက ဟုတ်ပြီဆရာ၊ ကျေးဇူးတင်ပါတယ်။ ဆရာက မကောင်းဘူးဆိုရင် မခေါ်တော့ပါဘူး။ အဲဒါလေးပဲ မဆုံးဖြတ်တတ်အောင် ဖြစ်နေတာပါ ဆရာ။ ကျေးဇူးတင်ပါတယ်ဟု ပြောကာ ကျွန်ုပ်တို့ စားသောက်ထားသော ကွေတိယိုအတွက်ကိုပါ ငွေရှင်းပေးခဲ့ကာ ကျွန်ုပ်ကိုရော ဒေါ်သတ္တိကိုပါ နှုတ်ဆက်ပြီး ပြန်သွားလေတော့၏။ ၎င်းတို့ပြန်သွားသောအခါ ဒေါ်သတ္တိက ကျွန်ုပ်အား

ဘယ်လိုလဲ မောင်ဟိန်းတင့်ဇော်ရဲ့။ မင်းက သူတို့ကို ဘာနည်းနဲ့ ဗေဒင်တွက်ပေးလိုက်တာလဲ။ တားရော့တွေ ဘာတွေလဲ ချိုးလို့လဲ မရဘဲနဲ။ ဘယ်လိုတွက်ပေးလိုက်ပြီး ချက်ချင်း အဖြေပြန်ပေးလိုက်တာလဲဟု ပြန်မေးလိုက်၏။ ထိုအခါ ကျွန်ုပ်က

ဒီလိုပါအမေရယ်... သူတို့လင်မယားနှစ်ယောက်ကို ကျွန်တော်က ဗေဒင်တွက်ပေးလိုက်တာ မဟုတ်ပါဘူး။ ဒီလို ကွေတိယို ဆိုင်ကလေးမှာ စားရင်းသောက်ရင်းလဲ ဗေဒင်တွက်ပေးလို့ မရပါဘူး။ အခုဟာက ဒီလို စကားပြောသလိုပဲ ရိုးရိုးလေး ပြောချလိုက်တာပါဟု ပြောလိုက်၏။ ထိုအခါ ဒေါ်သတ္တိက

မင်းရဲ့အဖြေက တိကျပြတ်သားလှချဉ်လား။ လုံးဝ မခေါ်နဲ့နော်။ ခေါ်ရင်တော့ ခင်ဗျားတို့ ဒုက္ခ သေချာပေါက်တွေ့မယ်လို့ ဘာကြောင့် ပြောနိုင်ရတာလဲဟု ပြန်မေးလေ၏။ ထိုအခါ ကျွန်ုပ်က

ဒါကတော့ ခေတ်ကာလ အခြေအနေကို တွက်ဆပြီး ပြောပြလိုက်တာပါ အမေရယ်။ အမေပဲ စဉ်းစားကြည့်လေ။ အခု ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်တဲ့ အခြေအနေနဲ့ လွန်ခဲ့တဲ့ လေးငါးနှစ်က အခြေအနေ တူသေးရဲ့လား။ ကျွန်တော်က အိမ်မှာနေပြီး နေ့တိုင်း ဒီအကြောင်းတွေကို သိနေကြားနေရတာ အမေရဲ့။ အခု ကျွန်တော်တို့ ရွေ့ပြောင်းအလုပ်သမား တော်တော်များများက တပ်ပျက်နေကြပြီ။ အခြေအနေက မကောင်းတော့ဘူး။ တစ်ချို့ မြန်မာပြည်ကို ပြန်တဲ့လူတွေ ပြန်နေကြပြီ။ ပြောရရင်တော့ အမေရယ်။ အခု ထိုင်းမှာ လုပ်စားလို့ အခြေအနေ မပေးတော့ဘူး။ အလုပ်သမားတွေ တော်တော်များများဟာ အရင်ကထက်ပိုပြီး ကုန်ကျစရိပ်တွေ ပိုများလာတယ်။ နောက်ပြီး အလုပ်အကိုင်တွေ ထင်သလောက် မကောင်းတော့ဘူး။ အားလုံးက ရရစားစား ၀ါးဝါးမြိုမြိုတွေ ဖြစ်နေကြပြီ။ နောက်ပြီး ဒီအလုပ်မကောင်းလို့ နောက်ထပ် အလုပ်သစ် တစ်ခု ထပ်ရှာဖို့ဆိုရင် အရင်တုန်းကလို မလွယ်တော့ဘူး။ တစ်ချို့ဆို လေးငါးခြောက်လလောက်တောင် အလုပ်အကိုင်မရှိပဲ ထိုင်နေရတယ်ဟု ပြန်ပြောလိုက်၏။ ထို့နောက် ကျွန်ုပ်က ဆက်လက်ပြီး...

ဒါကြောင့် ဒီလို အခြေအနေမျိုးမှာ သူတို့လင်မယားနှစ်ယောက်က သူများဆီက ငွေကို အတိုးနဲ့ ချေးမယ်လို့ ပြောတယ်။ အမေပဲ စဉ်းစားကြည့်လေ ။ ထိုင်းမှာ ပိုက်ဆံချေးမယ်ဆိုရင် အနည်းဆုံး အတိုးက တစ်ဆယ်တိုးကနေ နှစ်ဆယ်တိုးအထိ ပေးရမှာနော်။ ပိုက်ဆံတစ်သောင်းချေးမယ်ဆိုရင် တစ်လကို အတိုးချဉ်း ဘတ်ငွေ (၁၅၀၀) ပေးရမယ်ဆိုကြပါစို့ နှစ်သောင်းချေးမယ်ဆိုရင် အတိုးချဉ်း ဘတ်ငွေ (၃၀၀၀) ဖြစ်နေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်ကနေ တက်လာပြီဆိုတာနဲ့ ဒီမှာ ပတ်စပို့ကိစ္စ အလုပ်ကိစ္စ ကုန်ကျစရိပ် တွေကလည်း တန်းစီနေတာ အမေရဲ့။ ဒါကြောင့် ကျွန်တော့်အတွေ့အကြုံအရ ဆိုရင်တော့ အခုနောက်ပိုင်း အဲဒီလို ပိုက်ဆံချေးငှားပြီး လာကြတဲ့ လူတွေတော်တော်များများ တော်တော်လေး အဆင်မပြေကြဘူး။ ဒါကြောင့် ကျွန်တော်က ခေတ်ကာလ အခြေအနေကို စဉ်းစားသုံးသပ်ပြီး ဒီအလုပ်ဟာ သေချာပေါက် မအောင်မြင်နိုင်ဘူး၊ စိတ်ညစ်စရာတွေ သေချာပေါက် ဖြစ်စေမယ့် အလုပ်ဆိုတာကို စိတ်ထဲက တွေးမိလို့ အဲဒီလို ပြောလိုက်တာပါဟု ပြန်ပြောလိုက်၏။ ထိုအခါ အမေဒေါ်သတ္တိက

အင်း.... ကောင်းပါတယ်။ တစ်ခါတစ်လေတော့လဲ မင်းအနေနဲ့ ဗေဒင်ဆရာဆိုတဲ့ ဘောင်ထဲကနေ အပြင်ကို ထွက်ပြီး အခုလို စဉ်းစားတာ တွေးခေါ်တာ သုံးသပ်တာ ဆုံးဖြတ်တာလဲ အင်မတန် ကောင်းတဲ့ အကျင့်တစ်ခုပါပဲ။ လူပီသတာပေါ့ကွယ်။ တစ်ခုခုဆို ဗေဒင်ကိန်းနဲ့ ကိုက်ရဲ့လား၊ လွတ်ရဲ့လား၊ ကောင်းရဲ့လားစသည်ဖြင့် အဲလို ဗေဒင်ဆိုတဲ့ ဘောင်ထဲကနေ တရားသေ စဉ်းစားတွေးခေါ်မယ့်အစား တစ်ခါတစ်လေတော့လဲ အဲဒီ ဘောင်ကနေ လွတ်မြောက်ပြီး လွတ်လွတ်လပ်လပ် တွေးခေါ်စဉ်းစားတာ ပိုကောင်းမယ်ထင်တယ်။

လောကကြီးမှာ လူတွေတော်တော်များ အကြောင်းကို ဥပမာလေး တစ်ခုပေးထားတယ်။ အမေကတော့ သိပ်ကြိုက်တယ်ကွဲ့။ ဥပမာလေးက ဒီလို။ လူတွေဟာတဲ့ ကိုယ်ကိုယ်တိုင်ပဲ အုပ်တိုက်တစ်လုံးကို ဆောက်တယ်။ အဲဒီ အုပ်တိုက်လေးဟာ နံရံလေးဘက်နဲ့။ အမိုးလေးနဲ့ ၊ တံခါးကတော့ တစ်ပေါက်ပဲ ရှိတယ်။ ပြီးတော့ အဲဒီ တံခါးကိုလည်း ကိုယ်တိုင် တပ်ဆင်တယ်။ တံခါးသော့ကိုလည်း ကိုယ်တိုင် ခပ်ပစ်လိုက်တယ်။ ပြီးတော့ အဲဒီတံခါးသော့ကို ပြန်ဖွင့်မယ့် သော့တံလေးကို ဟိုး..... ခပ်ဝေးဝေးကို လွင့်ပစ်လိုက်တယ်။ ပြီးတော့ ကျွန်တော် အကျဉ်းကျနေတယ်၊ ကယ်ကြပါဦးလို့ အော်ဟစ် အကူအညီ တောင်းတယ်တဲ့။

အဲဒီတော့ မင်းပဲ သေသေချာချာ စဉ်းစားကြည့်စမ်းပါဦး။ လူသားတွေဟာ မွေးဖွားလာစဉ်တုန်းက အဖြူထည်လေးတွေပဲ။ လွတ်လပ်တဲ့ လူသားတွေ အဖြစ်နဲ့ မွေးဖွားလာကြတာ။ တဖြေးဖြေး အသက်လေးတွေ ကြီးလာကြတယ်။ အသက်ကြီးလာတာနဲ့ အမျှ ဘောင်တွေကလည်း တစ်ခုပြီးတစ်ခု တိုးတိုးလာတယ်။ ဗဟုသုတ တွေများလာတာနဲ့အမျှ ဘောင်တွေကလည်း ပိုပို ထုထည် ခိုင်မာခိုင်ခန့် လာတယ်။ အဲဒီလိုနဲ့ လူသားတွေဟာ အမှန်တရားတွေနဲ့ ပိုပိုပြီး ဝေးကွာလာတယ်။ ကိုယ်ကိုယ်တိုင် ဆောက်လုပ်တဲ့ ဒီအကျဉ်းထောင်ဟာလဲ ပိုပိုပြီး ခိုင်ခန့်လာတယ်။ နောက်ဆုံးတော့လဲ မင်းတို့ငါတို့ လူသားတွေဟာ အကျင့်တွေပါလာတယ်။ စကားပြောရင်လဲ ဘောင်လေးထဲကနေ ပြောရတယ်။ စဉ်းစားတွေးခေါ်ရင်လည်း ဒီ သတ်မှတ်ထားတဲ့ ဘောင်လေးထဲကနေ စဉ်းစားတွေးခေါ်လာကြတယ်။

မင်းတို့လို ဗေဒင်ဆရာတွေဆို ပိုတောင် စိုးတယ်။ ငါတွေ့ဘူးသမျှ ဗေဒင်ဆရာတွေ တော်တော်များများဟာ အယူအစွဲအလမ်း ကြီးတဲ့ လူတွေလို ဖြစ်သွားကြတယ်။ သူတို့ကို တစ်ခုခု ပြောလိုက်ရင် အဲဒီ ဗေဒင်ဆိုတဲ့ အရာကြီးက သူတို့ ခေါင်းထဲကို အရင်ရောက်လာကြတော့တာ။ ပြီးရင် အဲဒီ ဗေဒင်ဆိုတဲ့ ပေတံကြီးနဲ့ တိုင်းတိုင်းပြီး စဉ်းစား တွေးခေါ် ပြောဆိုကြတယ်။ ငါ့အနေနဲ့ မင်းကို အကြံတစ်ခုလောက် ပေးချင်တာကတော့ ဘ၀ကံအကျိုးပေးအရ ဗေဒင်ဆရာ ဖြစ်နေရပေမယ့် ဗေဒင်ဆိုတဲ့ အကျဉ်းထောင်ကိုတော့ မင်းကိုယ်တိုင် မဆောက်လုပ်မိစေနဲ့ဟေ့။ ဗေဒင်ရယ်လို့ မဟုတ်ပါဘူးကွယ်။ လောကကြီးမှာ အရာအားလုံးမှာ မင်းရဲ့နှလုံးသားမှာ ဘာအကျဉ်းထောင်မှ မင်းကိုယ်တိုင် မတည်ဆောက်မိစေနဲ့။ ဆောက်လုပ်ထားပြီးတဲ့ ဘောင်တွေအားလုံးကိုလဲ မင်းအနေနဲ့ တဖြေးဖြေး မင်းကိုယ်တိုင် ဖြိုချပစ်ပေတော့။ ဒါမှသာ မင်းရဲ့ နှလုံးသားလေးဟာ ထာဝရ လွတ်လပ်သွားမယ်။ လွတ်လပ်တဲ့နှလုံးသား ပိုင်ရှင်ဖြစ်လာမှ မင်းဟာ ပျော်ရွှင်လာမယ်။ ဒါမှ မင်းဟာ အမှန်တရားနဲ့ ပိုပိုပြီး နီးစပ်လာမယ်ဟု ပြောလေ၏။

ထိုအခါ ကျွန်ုပ်မှ အမေဒေါ်သတ္တိအား ဒါဆို အမေဆိုလိုတဲ့ သဘောက ဗေဒင်ဟောပါ... သင်မပါပါစေနဲ့လို့ ဆိုလိုတာလားဟု ပြန်မေးလိုက်လေလျှင် ဒေါ်သတ္တိက

အေး... ဟုတ်တယ်ဟေ့ ဟုတ်တယ် ။ မင်းပြောလိုက်တဲ့ စကားက သိပ်ထိရောက်တာပဲ။ ဗေဒင်ဟောပါ။ သင်မပါပါစေနဲ့ ။ သိတ်ကောင်းတဲ့ စကားပဲ။ တစ်ခွန်တည်းနဲ့ကို အရာအားလုံး ပြည့်စုံသွားတယ်ဟု ပြန်ပြောလိုက်ကာ ည(၈)နာရီ ကျော်ပြီဖြစ်သောကြောင့် ကျွန်ုပ်အား နှုတ်ဆက်ကာ ပြန်တော့မည်ဟု ပြောသောကြောင့် ကျွနုပ်လည်း တက္ကစီကားတစ်စီးကို သေသေချာချာ ငှားပေးလိုက်လေ၏။ ဒေါ်သတ္တိလည်း ကျွန်ုပ်အား ကားပေါ်မှ လက်ပြနှုတ်ဆက်ကာ ထွက်သွားလေတော့၏။ ကျွန်ုပ်လည်း ကျွန်ုပ်၏ အခန်းဆီသို့ လမ်းလျှောက်ပြန်လာရင်း အမေဒေါ်သတ္တိကြီး ပြောသောစကားသံသည် ကျွန်ုပ်၏ နားတွင်သာမက ကျွန်ုပ်၏ နှလုံးအိမ်တွင်ပါ ထပ်ခါထပ်ခါ ပြန်လည် ကြားယောင်နေမိတော့၏။

ဗေဒင်ဟောပါ........ သင်မပါပါစေနဲ့။ ဗေဒင်ဟောပါ........ သင်မပါပါစေနဲ့။ ဗေဒင်ဟောပါ........ သင်မပါပါစေနဲ့။ ဗေဒင်ဟောပါ........ သင်မပါပါစေနဲ့။
အလုပ်လုပ်ပါ... သင်မပါပါစေနဲ့...။ အလုပ်လုပ်ပါ... သင်မပါပါစေနဲ့...။  အလုပ်လုပ်ပါ... သင်မပါပါစေနဲ့...။  အလုပ်လုပ်ပါ... သင်မပါပါစေနဲ့...။  အလုပ်လုပ်ပါ... သင်မပါပါစေနဲ့...။

ငွေမြဲစေသော အဆောင်၊ လာဘ်ရွှင်စေသော အဆောင်၊ ချစ်ကံကောင်းစေသော အဆောင်

ကျွန်တော့်အခန်းမှာ ဗေဒင်လာမေးသော မိတ်ဆွေများကို လက်ဆောင်ပေးဖို့ ထုပ်ထားတာပါ။ အွန်လိုင်းက မိတ်ဆွေများလဲ အဆောင်ဆောင်တာ ၀ါသနာပါတယ်ဆိုရင် ဓာတ်ပုံဆိုင်မှာ သေသေချာချာ ကူးပြီး ပလပ်စတစ်လောင်းပြီး ဆောင်ထားကြပေတော့ဗျို့....



ပွင့်လန်းစေသောနည်းနှင့် ပြည်တော်ပြန်စိတ်ကူး



နှစ်ဆန်းတစ်ရက်နေ့၌ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်း အတွင်းသို့ ကျွန်ုပ်နှင့် လွန်စွာ ရင်းနှီးခင်မင်သော ပွဲစား အောင်မင်းသူဆိုသူ ရောက်ရှိလာပြီးလျှင် ဘယ်လိုလဲ ဆရာ။ နှစ်ဆန်းတစ်ရက်နေ့ ဘုန်းကြီးကျောင်းလေး ဘာလေး မသွားပဲ အခန်းထဲမှာ တစ်ယောက်တည်း တကုတ်ကုတ်နဲ့ ဘာတွေ အလုပ်ရှုပ်နေတာလဲဟု မေးမြန်း နှုတ်ဆက်ရင်း ၀င်ရောက်လာလေ၏။ ကျွန်ုပ်လည်း မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ ဖြစ်သောကြောင့် ကျွန်ုပ်အခန်းရှိ ဘုရားစင်အား သန့်ရှင်းရေး လုပ်ခြင်း၊ ဘုရားရှင်အား အမွှေးနံ့သာရေများဖြင့် ရေသပ္ပါယ်ခြင်း ဘုရားပန်းလဲခြင်း စသည်ဖြင့် တစ်ယောက်တည်း လုပ်နေချိန်ဖြစ်၏။ ကျွန်ုပ်လည်း ပွဲစား အောင်မင်းသူအား ပြန်လည်နှုတ်ဆက်လိုက်ရင်း လုပ်လက်စ အလုပ်များကို ဆက်လက် လုပ်ကိုင်နေ၏။ နာရီဝက်ခန့်အကြာတွင် ကျွန်ုပ်လည်း လုပ်လက်စ အလုပ်များကို လက်စသိမ်းလိုက်ရင်း...

ဒီလိုပါ ငါ့ညီရယ်။ ဒီနေ့ဟာ ဆိုလို့ရှိရင် ငါတို့ မြန်မာလူမျိုးတွေအတွက် နှစ်သစ်ကူးနေ့ ဖြစ်တယ်မဟုတ်လား။ နှစ်ဆန်းတစ်ရက်နေ့ဆိုတာ အသစ်ကူးလာတဲ့ နှစ်သစ်တစ်ခုရဲ့ အစဆုံးနေ့လေကွာ။ အဲဒီနေ့မှာ ငါတို့မြန်မာလူမျိုး အများစုဟာ စီးပွားရေး လုပ်ငန်းအားလုံးကို ခေတ္တခန ရပ်နားလိုက်ကြပြီး မိသားစုနဲ့ ဘုရားသွားကျောင်းတက် လုပ်လေ့ရှိကြတယ်။ များသောအားဖြင့် ဘာသာရေးနဲ့ ပါတ်သက်တဲ့ ကိစ္စတွေကို ဆောင်ရွက်လေ့ရှိကြတယ်။ ဘေးမဲ့လွှတ်တာတို့ ငါးလွှတ်တာတို့ သက်သတ်လွတ် စားတာတို့ ၊ သွေးလှူတာတို့၊ မိသားစုလိုက် ဘုရားသွားကြတာတို့ လုပ်ကြတယ်။ အင်မတန် ချစ်မြတ်နိုးစရာကောင်းတဲ့ အလေ့အထလေးပေါ့။ အဲဒီလိုနေ့လေးမှာ ငါကတော့ မိသားစုကလည်း မရှိ၊ တစ်ယောက်တည်း သမားဆိုတော့ အိမ်မှာပဲ ဘာသာရေး ကိစ္စလေးတွေ ဒီလိုပဲ အေးအေးလူလူ ဆောင်ရွက်နေရတာပေါ့ကွာ။ မင်းကကော ဘာလာလုပ်တာလဲ ၊ ဗေဒင်လာမေးတာလား။ ဗေဒင်လာမေးတာဆိုရင်တော့ ဟောမပေးနိုင်ဘူး ကိုယ့်လူရေ။ ဒီနေ့တော့ ဗေဒင်ဟောခန်း ပိတ်တယ်ကွာဟု ပြန်ပြောလိုက်လေလျှင် အောင်မင်းသူက

အော်... ဆရာသမားရယ်။ အဲဒီလောက်တော့ ကျွန်တော်လည်း နားလည်ပါတယ် ဆရာရယ်။ ဒီနေ့ နှစ်ဆန်းတစ်ရက်ဆိုတာ ကျွန်တော် မမေ့ပါဘူး။ အခြေအနေ အကြောင်းကြောင်းကြောင့် သူများနိုင်ငံမှာ လာနေကြရပေမယ့် ကျွန်တော်လည်း အဖေဗမာ အမေလည်းဗမာ လူမျိုး စစ်စစ်ကနေမွေးတဲ့ မြန်မာလူမျိုး စစ်စစ်ပါ။ ဒါကြောင့် ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှု့ကို မမေ့ပါဘူး။ ဒါကြောင့် ဒီနေ့ မနက်စောစော ကတည်းက ဘုန်းကြီးကျောင်းမှာ သွားပြီး ငါးတွေလည်း အစာကျွေးခဲ့တယ်။ နွားတွေ ဆိတ်တွေလည်း အစာကျွေးခဲ့တယ်။ ဓမ္မာရုံတစ်ခုလုံး တံမျက်စည်းလဲ  လှည်းလာခဲ့တယ်။ အဲဒါတွေအားလုံး လုပ်ပြီးမှ ဆရာသမားဆီ သတိတရ ၀င်လာခဲ့တာပါဗျာဟု ပြန်ပြောလေ၏။

ဟုတ်ပါပြီကွာ။ ကဲ... ထိုင်ပါဦး။ ဒီနေ့တော့ အေးဆေးပေါ့။ ခနနေရင် မင်းနဲ့ငါနဲ့ ဟိုဈေးနားက ထမင်းဆိုင်မှာ ထမင်းသွားစားကြမယ်ကွာ။ အဲဒီ ယိုးဒယား ထမင်းဆိုင် လေးက စားရသောက်ရတာ တော်တော်လေး အဆင်ပြေတယ်ကွ။ သန့်ရှင်းမှု့လဲ ရှိတယ်။ စေတနာလည်း ကောင်းတယ်။ စားရသောက်ရတာလည်း ပူပူနွေးနွေး ရှိတယ်ဆိုတော့ ထမင်းဆိုင်ကို အားကိုးနေရတဲ့ မင်းတို့ငါတို့ အတွက်တော့ အတော်လေး အဆင်ပြေတယ်ဟု ကျွန်ုပ်မှ ပြောလိုက်လေရာ အောင်မင်းသူက ကောင်းတာပေါ့ ဆရာသမားရယ်။ ဒီနေ့အတွက် ကျွန်တော်ပဲ ဒကာခံပါ့မယ်ဟု ပြန်ပြောလေ၏။

ထို့နောက် ခနအကြာတွင် ကျွန်ုပ်နှင့်အောင်မင်းသူတို့လည်း ထမင်းဆိုင်သို့ ထွက်လာကြ၏။ ထမင်းဆိုင်သို့ ရောက်သောအခါတွင်  ထမင်းနှစ်ပွဲနှင့် ကြက်ဥကျော်တစ်ပွဲ၊ ကန်ဇွန်းရွက်ကြော်တစ်ပွဲနှင့် တုန့်ယန်နမ်းဆိုင် (ခေါ်) ယိုးဒယားချဉ်စပ်ဟင်းချို တစ်ပွဲ မှာလိုက်၏။ ယိုးဒယားထမင်းဆိုင်တွင် စားသောက်ရသည်မှာ တစ်ခုတော့ စိတ်မရှည်ချင်စရာ ဖြစ်၏။ စားသောက်သူမှ မှာယူမှ ချက်ချင်း စီစဉ်ချက်ပြုတ်ခြင်းပင် ဖြစ်၏။ ကြိုတင်ချက်ပြုတ်ထားခြင်း မရှိပေ။ ထို့ကြောင့် စားသောက်ရသည်မှာ ပူပူနွေးနွေးနှင့် စားသောက်လို့တော့ ကောင်း၏။ သို့သော် ထမင်းဆိုင်တွင် လူနည်းနည်းများလျှင် အတော်လေး စိတ်မရှည်ချင်စရာ ကောင်းအောင် စောင့်ဆိုင်းရခြင်းပင် ဖြစ်၏။ ကျွန်ုပ်နှင့် အောင်မင်းသူတို့လည်း မှာယူထားသော ထမင်းဟင်းများ ရောက်ရှိသောအခါတွင် မိန်ရှက်စွာ စားသောက်ကြ၏။

ထမင်းစားပြီးသောအခါတွင် ကျွန်ုပ်နှင့် အောင်မင်းသူတို့သည် ပက်စီ တစ်ယောက်တစ်ခွက်သောက်ရင်း ထိုင်စကားပြော ဖြစ်၏။ ၎င်းက...

ဆရာသမား ကျွန်တော် မြန်မာပြည်ပြန်ရင် ဘာစီးပွားရေး လုပ်ရင် ကောင်းမလဲဟု ရုတ်တရက် မေးလိုက်၏။ ထိုအခါ ကျွန်ုပ်က ကိုယ့်လူက ရုတ်တရက်ကြီး ဘာဖြစ်လို့ ဒီလို ကောက်ကာငင်က မေးရတာလဲဟု ကျွန်ုပ်က ပြန်မေးလိုက်ရာ အောင်မင်းသူက

ဒီလိုပါ ဆရာသမားရယ်။ အခုတလော ထိုင်းနိုင်ငံကို ရောက်နေတဲ့ ရွေ့ပြောင်း အလုပ်သမားတွေထဲက  ကျွန်တော့် သူငယ်ချင်းတွေထဲမှာ အဲဒီ မေးခွန်းက တော်တော်လေး ခေတ်စားနေလို့ပါ။ မနက်ပိုင်း လဘက်ရည်ဆိုင်ထိုင်ရင် ဒီအကြောင်းကိုပဲ အရေးတကြီး ပြောပြီး တိုင်ပင်နေကြတယ်။ ကျွန်တော့်ကိုလည်း ကျွန်တော့် သူငယ်ချင်းတွေက မေးကြတယ်။ မင်း မြန်မာပြည်ပြန်ပြီး ဘာစီးပွားရေး လုပ်မလဲတဲ့။ အဲဒီ မေးခွန်းက ကျွန်တော့်ခေါင်းထဲကို ရောက်နေတာ တော်တော်လေး ကြာနေပြီ။ ဒါကြောင့် စိတ်ထဲမှာ မတင်မကျ ဖြစ်နေတာနဲ့ ဆရာသမားဆီ ပြေးလာခဲ့တာပဲဟု အောင်မင်းသူက ပြန်ပြောလေ၏။

ထို့နောက် အောင်မင်းသူက ဆက်လက်ပြီး အဲဒီတော့ ဆရာရယ်။ ကျွန်တော်တို့က မြန်မာပြည်ကို ဘယ်တော့ ပြန်ကြရမှာလဲ။ နောက်ပြီး မြန်မာပြည်ကို ပြန်ရောက်ရင် ဘာစီးပွားရေးတွေ လုပ်ရမလဲ။ အခုကတည်းက ဘာတွေကို ကြိုတင်ပြင်ဆင်ထားရမလဲဟု မေးလေ၏။ ထိုအခါ ကျွန်ုပ်မှ

ဒါက ဒီလိုရှိမယ် ထင်ပါတယ်။ မြန်မာပြည်ကို ပြန်ကြရမယ်လို့ ဘယ်သူက ပြောတာလဲ။ မင်းတို့ ပြောပြောနေကြတဲ့ ၂၀၁၄-ကြရင် ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာပြည်သား ရွေ့ပြောင်း အလုပ်သမားတွေကို အကုန်ပြန်ခေါ်မယ်၊ တစ်ယောက်မကျန် ပြန်ကြရမယ်တို့၊ အကုန်ပြန်ကြရမယ်တို့ ပြောပြောနေကြတယ်။ မသိလို့ ငါက ပြန်မေးပါရစေ။ အဲဒီစကားကို  ဘယ်သူက ပြောတာလဲဟု ပြန်မေးလိုက်လေရာ အောင်မင်းသူက

အဲဒီစကားကို ဘယ်သူ ပြောတာလဲတော့ မသိပါဘူး ဆရာသမားရယ်။ မြန်မာပြည်သား ရွေ့ပြောင်းအလုပ်သမားတွေ ကြားထဲမှာ အဲဒီစကားက တော်တော်လေး ဂယက်ရိုက်နေတယ်။ တစ်ချို့ကလည်း ပြောနေကြတယ်။ ၂၀၁၄-ကြရင် အမေစုက အကုန်လုံးကို လာပြန်ခေါ်မှာတဲ့။ တချို့ကလည်း ပြောကြတယ်။ ၂၀၁၅-မှာ နိုင်ငံတော် သမ္မတကြီးက အကုန်လုံး သူ့နိုင်ငံသူ နိုင်ငံသားတွေ တစ်ယောက်မကျန် မပြန်မနေရ ပြန်ခေါ်မှာတဲ့။ အဲဒီလို ပြောနေကြတာပဲ။ အဲဒါကြောင့် ထိုင်းနိုင်ငံရောက် ရွေ့ပြောင်း အလုပ်သမားတွေ တော်တော်များများ ပျော်နေကြတယ်။ သူတို့က ထိုင်းမှာ အခြေအနေအရ နေနေကြပေမယ့် တကယ့် စိတ်ရင်းအရ ဆိုရင်တော့ ပျော်ကြတာ မဟုတ်ဘူး မဟုတ်လား ဆရာသမားရယ်။ ဒါကြောင့် သူတို့ အိမ်ပြန်မယ့်ရက်ကို စောင့်နေကြတာ။ ပြီးတော့ မြန်မာပြည်ကို ပြန်ရင် ဘာဆက်လုပ်ကြမလဲ ဆိုတာလဲ အရေးတကြီး ဆွေးနွေးနေကြတာပေါ့ဟု အောင်မင်းသူက ပြောလေ၏။

ကျွန်ုပ်လည်း အောင်မင်းသူ၏ စကားကြောင့် ပြုံးလိုက်မိ၏။ ထို့နောက်ကျွန်ုပ်မှ မင်းတို့ ငါတို့ ထိုင်းနိုင်ငံရောက် ရွေ့ပြောင်း အလုပ်သမားတွေ အားလုံးကို တစ်ယောက်မကျန် အကုန်ပြန်ခေါ်မယ်၊ ပြန်လာရမယ်လို့ နိုင်ငံတော် သမတကြီးကလည်း မပြောဘူးပါဘူး။ အမေစုပြောတာလဲ မကြားဘူးပါဘူး။ ဘယ်နှယ့် မင်းတို့ငါတို့ သဘောနဲ့ မင်းတို့ငါတို့ ရောက်အောင် လာခဲကြတာ။ ပြန်တော့လဲ မင်းတို့ငါတို့ သဘောနဲ့ ပြန်ကြပေါ့။ အမေစု ထိုင်းကိုလာတုန်းက ပြောခဲ့တဲ စကားက အမေ့အိမ် ဆိုတာ သားသမီးတွေ ဘယ်အချိန်ပြန်ပြန် ပြန်လို့ရတယ်။ ကိုယ့်နိုင်ငံဆိုတာ ကိုယ့်အတွက် အမေ့အိမ်ပဲ။ အချိန်မရွေး ပြန်လို့ ရတယ်လို့ ပြောခဲတာ မှတ်မိပါတယ်။ ဘယ်နှယ့် အခုတော့ မင်းတို့ပြောနေတဲ့ စကားက မသိလို့ ရှိရင် မင်းတို့ကိုပဲ အတင်းအကြပ်ကြီး ပြန်လာရမယ်တို့ ပြန်ခေါ်မယ်တို့ ပြောနေကြတယ်။ မဟုတ်တာကွာဟု ပြန်ပြောလိုက်လေလျှင် အောင်မင်းသူက...

အင်းပါ ဟုတ်ပါတယ်။ ဒါပေမယ့် ရွေ့ပြောင်း အလုပ်သမားတွေ အများစုက ပညာလဲ မတတ်ဘူး။ ဗဟုသုတ ကလည်း မရှိ၊ အကြားအမြင်ကလည်း နည်းကြတာ ဆိုတော့ သူတို့ ဖြစ်ချင်တာကို သူတို့ ယူပြီး ပြောနေကြာတာ နေမှာ ဆရာသမားရဲ့။ ကျွန်တော်လဲ တွေးမိပါတယ်။ သူတို့ ပြောသလိုတော့ မဖြစ်နိုင်ပါဘူးလို့။ အခုက ရွေ့ပြောင်း အလုပ်သမားတွေ ကြားထဲမှာ အဲဒီစကားတွေက တော်တော်လေး ဂယက်ရိုက်နေတယ်။ အမေစု လာခေါ်မယ်တို့၊ သမတကြီးက ပြန်လာရမယ်တို့ အဲဒီစကားတွေက တော်တော်လေး ဂယက်ရိုက်နေတာ ဆရာသမားရေ..။ ပြီးတော့ အဲဒီလို စကားတွေကို ပြောပြီး အရင်တုန်းက စကြာမင်းပေါ်မယ်ဆိုတဲ့ စကားကို မျှော်လင့်ပြီး ပျော်နေကြတဲ့၊ အားတက်နေကြတဲ့ လူတွေအတိုင်းပါပဲ ဆရာသမားရေဟု ပြန်ပြောလေ၏။

ကဲပါ ကိုယ့်လူရယ်။ မင်းပြောလိုက်မှပဲ ခုနက ထမင်းကောင်းကောင်း စားထားတဲ့ အရသာလေးတောင် ပျက်သွားသလိုပဲဟု ပြန်ပြောလိုက်လေလျှင် အောင်မင်းသူက

ဆောရီးပါ ဆရာရယ်။ ဆရာ့ကို မေးရင်များ အတိအကျ သိရမလားလို့၊ မေးကြည့်တာပါဟု ပြန်ပြောလေ၏။ ထိုအခါ ကျွန်ုပ်မှ

မင်း... မပြောနဲ့... ၊ ငါတောင် ဘာဆက်လုပ်ရမှန်း မသိသေးပါဘူးကွာဟု ပြန်ပြောလိုက်ရင်း တစ်ယောက်မျက်နှာ တစ်ယောက်ပြန်ကြည့်ရင်း တဟားဟား အော်ရယ်လိုက်မိလေတော့၏။ ကျွန်ုပ်တို့ အော်ရယ်သံကြောင့် ထမင်းဆိုင်ပိုင်ရှင် ယိုးဒယားလူမျိုး လင်မယားနှစ်ယောက်က ကျွန်ုပ်တို့အနားလာပြီး ဆရာသမားတို့ ဘာတွေများ ဒီလောက် ပျော်စရာတွေ ကြားလိုက်ရလို့လဲဗျ။ မဟုတ်မှလွဲရော မြန်မာပြည်ကို အပြီးပြန်ရတော့မယ်ဆိုလို့ ဒီလောက် ပျော်နေကြတာ ဖြစ်မယ်ဟု အဓိပ္ပါယ်ရသော စကားကို ယိုးဒယားစကားဖြင့် လှမ်းပြောလေ၏။ ထိုကြောင့် အောင်မင်းသူက ဟုတ်တယ်ဗျ။ ကျွန်တော်တို့ မြန်မာပြည်သား အားလုံးကို မြန်မာပြည်က ပြန်ခေါ်နေပြီ။ လာမယ့်နှစ်မှာ အကုန်လုံး ပြန်ကြတော့မှာဟု အဓိပ္ပါယ်ရသော စကားကို ယိုးဒယားစကားဖြင့် ပြန်ပြောလိုက်ပြီး ကျွန်ုပ်နှင့် အောင်မင်းသူက တဟားဟား အော်ရယ်နေကြပြန်ရာ ဆိုင်ရှင်လင်မယားက အော်... အဲဒီလိုလား။ ဒါဆို ကျွန်တော်တို့ ထမင်းဆိုင်လေးတော့ ဘယ်သူတွေကို သွားရောင်းရတော့မလဲဗျာ။ ဒီတိုင်းဆို ဆိုင်ပိတ်ပြီး ရွာပြန်ရတော့မယ် ထင်ပါရဲ့ဟု စိတ်ညစ်သွားပုံဖြင့် ပြန်ပြောလေရာ ၎င်း၏ စိတ်ညစ်သွားသော အမူအရာကို ကြည့်ပြီး ကျွန်ုပ်တို့လည်း ထပ်ပြီး ရယ်လိုက်ကြပြန်ရာ ဆိုင်ရှင် လင်မယားလဲ ဟာ.. ဆရာသမားတို့ကလည်း ဘာပြောပြော ရယ်နေကြတာပဲဗျာ။ ကျွန်တော်တို့က စိတ်ညစ်ပါတယ်ဆိုမှ ဟု ပြန်ပြောလေတော့၏။

ထို့နောက် ကျွန်ုပ်နှင့် အောင်မင်းသူတို့လည်း ထမင်းဆိုင်မှ ထပြန်လာခဲ့၏။ လမ်းတွင် ကွမ်းယာဆိုင်မှ ကွမ်းယာ တစ်ဆယ်ဖိုးဝယ်၏။ စူပါကော်ဖီမစ် ကုန်နေသောကြောင့် အထုပ်ကြီးတစ်ထုပ် ၀ယ်၏။ ဖက်ကြမ်းဆေးပေါ့လိပ် တစ်ဆယ်ဖိုး ၀ယ်၏။ ထို့နောက် ကျွန်ုပ်၏ အခန်းပေါ်သို့ တက်ခဲ့၏။ ကျွန်ုပ်၏ အခန်းသို့ ရောက်သောအခါတွင် အောင်မင်းသူက ပူတယ်ဆရာရေဟု ဆိုကာ နံရံကပ် ပန်းကာခလုပ်ကြိုးကို သုံးချက်တိတိ စွဲကာ ဖွင့်လိုက်၏။ လျှပ်စစ်ဓာတ်ဗူးထဲတွင် ရေထည့်ပြီး မီးပလပ်ကို တပ်လိုက်ရင်း ရေနွေးတည်၏။ ထို့နောက် ကော်ဖီခွက်နှစ်ခွက်ထဲတွင် စူပါကော်ဖီမစ် နှစ်ထုပ်ကို ဖောက်ထည့်လိုက်၏။ ခနကြာသောအခါတွင် လျှပ်စစ်ရေနွေးအိုးမှ ရေနွေးဆူကြောင့် အသံကြား လိုက်ရ၏။ စူပါကော်ဖီမစ် ဖောက်ထည့်ထားသော ကော်ဖီပန်းကန်တွင်းသို့ ရေနွေးများကို လောင်းထည့်ပြီး ကော်ဖီမစ် အိပ်ခွံများကို အလိပ်ကလေးလိပ်ကာ မွှေရင်း ကျွန်ုပ်အား တစ်ခွက်ပေး၏။ ၎င်းက တစ်ခွက်ယူသောက်ရင်း ဟီး... ထိုင်းမှာ နေရတာ ကိုယ့် မြန်မာပြည်မှာ နေနေရသလိုပဲ။ တော်တော်လေး အဆင်ပြေတယ်နော်ဟု ပြောလေ၏။ ထို့နောက် ၎င်းကဆက်လက်ပြီး

ကဲပါ ဆရာသမားရယ်။ ကျွန်တော်အတည် မေးတာပါ။ မြန်မာပြည်ပြန်ရင် ဘာ စီးပွားရေး လုပ်ရင် ကောင်းမလဲဟု မေး၏။

ကျွန်ုပ်လည်း ရှေ့တွင်ချထားသော ကော်ဖီခွက်ကို အသာကောက်၍ တစ်ကျိုက် မော့သောက်လိုက်ရင်း.. ဖက်ကြမ်းဆေးပေါ့လိပ်ကို မီးညှို့ ရိုက်ဖွာလိုက်ကာ

ကောင်းပြီ။ မင်းမေးတာ ငါဖြေမယ်။ မင်း အခု ပွဲစားလုပ်တာ ဘယ်လောက်ကြာပြီလဲဟု ပြန်မေးလိုက်လေရာ ၎င်းက အင်းတစ်နှစ်လောက်တော့ ရှိပြီပေါ့ဟု ပြန်ဖြေလေ၏။

ဒါဆိုရင် မင်း လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်တုန်းက ပွဲစားမလုပ်ခင် အလုပ်ရုံမှာ ၀င်လုပ်နေတဲ့အချိန်တုန်းက အခုလို့ ပွဲစားလုပ်မယ်ဆိုတဲ့ စိတ်ကူး ရှိသလားဟု ကျွန်ုပ်က ပြန်မေးလိုက်လေရာ အောင်မင်းသူက

ဟင့်အင်း ဆရာ။ မရှိပါဘူး။ နောက်တော့ ဘယ်လိုကနေ ဘယ်လို ပွဲစားဖြစ်သွားလဲ မသိဘူးဟု ပြန်ပြောလေ၏။ ထိုအခါ ကျွန်ုပ်က

အေး... ဒါပေါ့ကွာ။ တစ်ခါတစ်လေကြတော့လဲ မရည်ရွယ်ဘဲ လုပ်ဖြစ်ချင် လုပ်ဖြစ်တာ မဟုတ်လား။ ရည်ရွယ်ပြီးတော့ မဖြစ်တာတွေလဲ ရှိတတ်ပါတယ်။ အရေးကြီးတာကတော့ ကိုယ် လက်ရှိလုပ်နေရတဲ့ အချိန် အခိုက်အတန့်လေးမှာ ကိုယ် လုပ်ရတဲ့ အလုပ်ကို အကောင်းဆုံး လုပ်ဖြစ်ဖို့ အရေးကြီးတာ မဟုတ်လား။ ဒါကြောင့် ပြောချင်တာက မင်းအနေနဲ့ မြန်မာပြည် ပြန်ရောက်ရင် ဘာလုပ်ရင် ကောင်းမလဲလို့ ထိုင်တွေးနေမယ့်အစား အခု လက်ရှိလုပ်နေတဲ့ အလုပ်ကိုပဲ အကောင်းဆုံး ဖြစ်အောင် ဆက်လုပ်စမ်းပါကွာ။ မြန်မာပြည်ကို ပြန်ရောက်ရင်လဲ မင်းအတွက် အလုပ်တစ်ခုမဟုတ် တစ်ခုတော့ အလိုလို ပေါ်လာမှာပါပဲ။ အဲဒီအချိန်ကြတော့လဲ အကောင်းဆုံး လုပ်ပေါ့ကွာ။ အခုလောလောဆယ်တော့ မင်းနဲ့ငါနဲ့ ကော်ဖီ ကောင်းကောင်းလေး သောက်လိုက်ကြတာပေါ့ကွာဟု ပြန်ပြောလိုက်ကာ ကော်ဖီခွက်ကို ပြိုင်တူ မ-ယူလိုက်ရင်း အရက်သမားများ ချီးယားစ် လုပ်သကဲသို့ ကော်ဖီခွက်ကို နှုတ်ခမ်းချင်းတိုက်လိုက်ကာ ပြိုင်တူ မော့သောက်လိုက်ရင်း တဟားဟား ပြိုင်တူ အော်ရယ်လိုက်ကြလေ၏။

အောင်မင်းသူက... ဒီလိုပါ ဆရာရယ်။ ကျွန်တော့်ကို အဆောင်လေးဘာလေး ချီးမြှင့်စမ်းပါ။ အခုတလော သိတ်ပြီးတော့ မပွင့်လန်းဘူး ဖြစ်နေတယ်။ အဓိကကတော့ ကံပွင့်ချင်တယ်ပေါ့ ဆရာရယ်။  နောက်ပြီး စန်းလဲပွင့်ချင်တယ်။ ကိစ္စတစ်ခုခုနဲ့ စကားသွားပြောရင်လဲ အောင်မြင်ချင်တယ်။ မျက်နှာလဲ ပွင့်လန်းချင်တယ်ပေါ့ ဆရာရယ်။ အရောင်းအ၀ယ်လေး ဘာလေး လုပ်ရင်လဲ အကျိုးပေးချင်တာပေါ့ ဆရာရယ်။ အဲဒါအတွက် ကောင်းမယ့် အဆောင်လေးဘာလေး ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့ အမှတ်တရ ချီးမြှင့်ပါဦးဟု ပြောလေသောကြောင့် ကျွန်ုပ်လည်း အောက်ပါ လွယ်ကူသော ပ၀ါအဆောင်လုပ်နည်းကို အောင်မင်းသူဆိုသော ကျွန်ုပ်၏ ညီငယ်အား ပေးလိုက်လေတော့၏။

တနင်္ဂနွေနေ့မွေးသူများအတွက်...
တနင်္ဂနွေနေ့ နံက် ၆း၄၅ တွင် ဆောင်ရွက်ရမည်။ သုံးစွဲရမည့်အရောင်သည် အ၀ါရောင် ဖြစ်ရမည်။ သန့်ရှင်းစွာ ဖွပ်လျှော်ထားသော အ၀ါရောင် လက်ကိုင်ပ၀ါကို ခေါက်၍ ကြွေပန်းကန်ပြားပေါ်တွင် တင်ပါ။ ၎င်းလက်ကိုင်ပ၀ါပေါ်တွင် အဖြူရောင် အမည်းရောင် ခဲနှစ်လုံးဖြင့် ဖိထားပါ။ ထို့နောက် မြောက်အရပ်ကို မျက်နှာ၍ ကံကော် (၆)ညွန့် ဘုရားလှူပါ။ အမွှေးတိုင် (၆)တိုင် ထွန်းညှိပူဇော်ပါ။ ဘုရားစင်တွင် ဆက်လက်ထားရှိပါ။ ကံကော်ညွန့်များ ညှိုးခြောက်သွားသောအခါ ၎င်းလက်ကိုင်ပ၀ါကို  စတင်ဆောင်ပါ။

တနင်္လာနေ့မွေးသူများအတွက်...
တနင်္လာနေ့ နံက် ၆း၄၅ တွင် ဆောင်ရွက်ရမည်။ သုံးစွဲရမည့်အရောင်သည် အဖြူရောင်သန့်သန့်  ဖြစ်ရမည်။ ထိုအဖြူရောင် လက်ကိုင်ပ၀ါကို ခေါက်၍ ကြွေပန်းကန်ပြားပေါ်တွင် တင်ပါ။ ၎င်းလက်ကိုင်ပ၀ါပေါ်တွင် အဖြူရောင် အမည်းရောင် ကျောက်စရစ်ခဲနှစ်လုံးဖြင့် ဖိထားပါ။ ထို့နောက် အရှေ့မြောက်အရပ်ကို မျက်နှာ၍ ဇော်စိမ်းညွန့် (၆)ညွန့် ဘုရားလှူပါ။ အမွှေးတိုင် (၆)တိုင် ထွန်းညှိပူဇော်ပါ။ ဘုရားစင်တွင် ဆက်လက်ထားရှိပါ။ ဇော်စိမ်းညွန့်များ ညှိုးခြောက်သွားသောအခါ ၎င်းလက်ကိုင်ပ၀ါကို  စတင်ဆောင်ပါ။

အင်္ဂါနေ့မွေးသူများအတွက်...
အင်္ဂါနေ့ နံက် ၆း၄၅ တွင် ဆောင်ရွက်ရမည်။ သုံးစွဲရမည့်အရောင်သည် အနီရောင်  ဖြစ်ရမည်။ ထိုအနီရောင် လက်ကိုင်ပ၀ါကို ခေါက်၍ ကြွေပန်းကန်ပြားပေါ်တွင် တင်ပါ။ ၎င်းလက်ကိုင်ပ၀ါပေါ်တွင် အဖြူရောင် အမည်းရောင် ကျောက်စရစ်ခဲနှစ်လုံးဖြင့် ဖိထားပါ။ ထို့နောက် အရှေ့အရပ်ကို မျက်နှာ၍ ရွက်လှညွန့် (၆)ညွန့် ဘုရားလှူပါ။ အမွှေးတိုင် (၆)တိုင် ထွန်းညှိပူဇော်ပါ။ ဘုရားစင်တွင် ဆက်လက်ထားရှိပါ။ ရွက်လှညွန့်များ ညှိုးခြောက်သွားသောအခါ ၎င်းလက်ကိုင်ပ၀ါကို  စတင်ဆောင်ပါ။

ဗုဒ္ဓဟူးနေ့မွေးသူများအတွက်...
ဗုဒ္ဓဟူးနေ့ နံက် ၆း၄၅ တွင် ဆောင်ရွက်ရမည်။ သုံးစွဲရမည့်အရောင်သည် စိမ်းနုရောင် ဖြစ်ရမည်။ ထိုစိမ်းနုရောင် လက်ကိုင်ပ၀ါကို ခေါက်၍ ကြွေပန်းကန်ပြားပေါ်တွင် တင်ပါ။ ၎င်းလက်ကိုင်ပ၀ါပေါ်တွင် အဖြူရောင် အမည်းရောင် ကျောက်စရစ်ခဲနှစ်လုံးဖြင့် ဖိထားပါ။ ထို့နောက် အရှေ့တောင်အရပ်ကို မျက်နှာ၍ သပြေ (၆)ညွန့် ဘုရားလှူပါ။ အမွှေးတိုင် (၆)တိုင် ထွန်းညှိပူဇော်ပါ။ ဘုရားစင်တွင် ဆက်လက်ထားရှိပါ။ သပြေညွန့်များ ညှိုးခြောက်သွားသောအခါ ၎င်းလက်ကိုင်ပ၀ါကို  စတင်ဆောင်ပါ။

ရာဟုနေ့မွေးသူများအတွက်...
ဗုဒ္ဓဟူးနေ့ နံက် ၆း၄၅ တွင် ဆောင်ရွက်ရမည်။ သုံးစွဲရမည့်အရောင်သည် မီးခိုးရင့်ရောင် ဖြစ်ရမည်။ ထိုမီးခိုးရင့်ရောင် လက်ကိုင်ပ၀ါကို ခေါက်၍ ကြွေပန်းကန်ပြားပေါ်တွင် တင်ပါ။ ၎င်းလက်ကိုင်ပ၀ါပေါ်တွင် အဖြူရောင် အမည်းရောင် ကျောက်စရစ်ခဲနှစ်လုံးဖြင့် ဖိထားပါ။ ထို့နောက် အနောက်အရပ်ကို မျက်နှာ၍ သပြေ (၆)ညွန့် ဘုရားလှူပါ။ အမွှေးတိုင် (၆)တိုင် ထွန်းညှိပူဇော်ပါ။ ဘုရားစင်တွင် ဆက်လက်ထားရှိပါ။ သပြေညွန့်များ ညှိုးခြောက်သွားသောအခါ ၎င်းလက်ကိုင်ပ၀ါကို  စတင်ဆောင်ပါ။

ကြာသပတေးမွေးသူများအတွက်...
ကြာသပတေးနေ့ နံက် ၆း၄၅ တွင် ဆောင်ရွက်ရမည်။ သုံးစွဲရမည့်အရောင်သည် အပြာရောင် ဖြစ်ရမည်။ ထိုအပြာရောင် လက်ကိုင်ပ၀ါကို ခေါက်၍ ကြွေပန်းကန်ပြားပေါ်တွင် တင်ပါ။ ၎င်းလက်ကိုင်ပ၀ါပေါ်တွင် အဖြူရောင် အမည်းရောင် ကျောက်စရစ်ခဲနှစ်လုံးဖြင့် ဖိထားပါ။ ထို့နောက် အနောက်တောင် အရပ်ကို မျက်နှာ၍ သီဟိုဠ် (၆)ညွန့် ဘုရားလှူပါ။ အမွှေးတိုင် (၆)တိုင် ထွန်းညှိပူဇော်ပါ။ ဘုရားစင်တွင် ဆက်လက်ထားရှိပါ။ အညွန့်များ ညှိုးခြောက်သွားသောအခါ ၎င်းလက်ကိုင်ပ၀ါကို  စတင်ဆောင်ပါ။

သောကြာနေ့မွေးသူများအတွက်...
သောကြာနေ့ နံက် ၆း၄၅ တွင် ဆောင်ရွက်ရမည်။ သုံးစွဲရမည့်အရောင်သည် ပန်းရောင် ဖြစ်ရမည်။ ထိုပန်းရောင် လက်ကိုင်ပ၀ါကို ခေါက်၍ ကြွေပန်းကန်ပြားပေါ်တွင် တင်ပါ။ ၎င်းလက်ကိုင်ပ၀ါပေါ်တွင် အဖြူရောင် အမည်းရောင် ကျောက်စရစ်ခဲနှစ်လုံးဖြင့် ဖိထားပါ။ ထို့နောက် အနောက်မြောက် အရပ်ကို မျက်နှာ၍ နှင်းဆီ (၆)ပွင့် ဘုရားလှူပါ။ အမွှေးတိုင် (၆)တိုင် ထွန်းညှိပူဇော်ပါ။ ဘုရားစင်တွင် ဆက်လက်ထားရှိပါ။ အညွန့်များ ညှိုးခြောက်သွားသောအခါ ၎င်းလက်ကိုင်ပ၀ါကို  စတင်ဆောင်ပါ။

စနေနေ့မွေးသူများအတွက်...
စနေနေ့ နံက် ၆း၄၅ တွင် ဆောင်ရွက်ရမည်။ သုံးစွဲရမည့်အရောင်သည် နက်ပြာရောင် ဖြစ်ရမည်။ ထိုနက်ပြာရောင် လက်ကိုင်ပ၀ါကို ခေါက်၍ ကြွေပန်းကန်ပြားပေါ်တွင် တင်ပါ။ ၎င်းလက်ကိုင်ပ၀ါပေါ်တွင် အဖြူရောင် အမည်းရောင် ကျောက်စရစ်ခဲနှစ်လုံးဖြင့် ဖိထားပါ။ ထို့နောက် တောင်အရပ်ကို မျက်နှာ၍ အုန်းညွန့် (၆)ညွန့် ဘုရားလှူပါ။ အမွှေးတိုင် (၆)တိုင် ထွန်းညှိပူဇော်ပါ။ ဘုရားစင်တွင် ဆက်လက်ထားရှိပါ။ အညွန့်များ ညှိုးခြောက်သွားသောအခါ ၎င်းလက်ကိုင်ပ၀ါကို  စတင်ဆောင်ပါ။

နှစ်သစ်ကူးမှာ တရော်ကင်ပွန်းနဲ့ ခေါင်းဆေးမင်္ဂလာဆောင်ရွက်ပါ။


ခင်မင်လေးစားရသော မိတ်ဆွေများခင်ဗျား....

ဒါကတော့ ပို့အဟောင်းလေးပါ။ ဒါပေမယ့် နှစ်သစ်ကူးမှာ ခေါင်းဆေးမင်္ဂလာေ ဆာင်ရွက်ချင်သူ များအတွက် ပြန်လည် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ ဇာတာကို ကြည်လိုက်တဲ့အခါမှာ ကောင်းတဲ့ အချက်အလက် တွေလည်းတွေ့တယ်။ ညံ့တဲ့အ ချက်အလက်တွေလည်း တွေ့တဲ့အခါမှာ ဇာတာမသန့်ဘူးလို့ ပြောဆိုတတ်တယ်။ အရပ်စကားနဲ့ ပြောမယ်ဆိုရင် လွတ်လွတ်ကျွတ်ကျွတ် မကောင်းသေးဘူးပေါ့ဗျာ။ ရာဇ၀င်မှာဆိုရင် ရာဇဓိရာဇ်ဟာ မင်းခေါင် စစ်ချီလာတဲ့အခါ မှာ သူ့ရဲ့ ပညာရှိတွေက ဇာတာ မသန့်သေးဘူး လို့ လျှေက်တင်ကြတာနဲ့ စစ်ကို ရှောင်ဖူးတယ်။

အဲဒီလို ဇာတာမသန့်တဲ့ အခြေအနေမှာဆိုရင် ခေါင်းဆေးယတြာ လုပ်ရတယ်။ အဲဒီလို ခေါင်းဆေးယတြာ လုပ် လိုက်တာနဲ့ ဇာတာမသန့်လို့ ကြုံတွေ့နေရတဲ့ ဒုက္ခအခက်အခဲတွေကနေ လွတ်မြောက်တယ်လို့ ရှေးဆရာတွေက ယုံကြည်ကြပါတယ်။ ဒါကြောင့် အဘမင်းသိင်္ခရဲ့ (၇)-ရက်သားသမီး ခေါင်းဆေးမင်္ဂလာ အောင်ကြောင်းဖြာ ယတြာ ကို စေတနာရှေး ထား၍ ဖော်ပြပေးလိုက်ပါသည်။

ဥပမာ....တနင်္ဂနွေ သားသမီး ခေါင်းဆေးမင်္ဂလာ ပြုလုပ်မည် ဆိုကြပါစို့...

လုပ်ရမည့် နေ့က တနင်္ဂနွေနေ့။ လုပ်ရမည့် အချိန်က နံက် ၉-နာရီ ၄၅-မိနစ်။ မျက်နှာမူရမည့် အရပ်က အနောက်စူးစူး ညာဘက် ခြေထောက်အောက်မှာ ရွက်လှ(၄) ညွန့်ကို နင်းထားရမယ်။ ဇီးညွန်(၃) ညွန့်ကို ဘယ်ဘက် ခြေထောက်အောက်မှာ နင်းထားရမယ်။ ပြီးတော့ ပန်းကန်ပြား သန့်သန့်ထဲမှာ ဒါမှမဟုတ် ကလပ် တစ်ခုပေါ်မှာ မေမြို့ပန်း(၅)ပွင့်၊ ကံ့ကော်(၂) ညွန့်၊ သပြေ(၆) ညွန့် ထည့်ထားရမယ်။

ခေါင်းကို တရော် ကင်ပွန်းနဲ့ လျော်ရမယ် ။ ပြီးတော့ ခေါင်းကို ရေစင်စင် ဆေးပေးရမယ်။ ပြီးတော့ ဆံပင်ရေတွေကို စောစောတုန်းက ပန်းကန်ပြားနဲ့ ထည့်ထားတဲ့ မေမြို့ပန်းတို့၊ ကံ့ကော်ညွန်တို့ သပြေပန်းတို့ အပေါ်ကို ညစ်ချရမယ်။ ပြီးတော့ အဲဒီ ပန်းကန်ကို ကိုယ်တိုင် ကိုင်ပြီး ခေါင်းလျှော်တဲ့နေရာရဲ့ အနောက်စူးစူး အပြင်မှာ သွားပြီး စွန်ပစ်ရမယ်။ နင်းထားတဲ့ ပန်းတွေကိုတော့ အခြားတစ်ယောက်ကို ကောက်ခိုင်းပြီး တောင်ဘက်မှာ စွန့်ပစ်ခိုင်းရမယ်။ ပြီးရင် ရေမိုးချိုးပြီး အ၀တ်အစားသစ်တွေ ၀တ်ရမယ်။ ပြီးတော့ ဘုရားမှာ ဖယောင်းတိုင် (၆)တိုင် ၊ အမွှေးတိုင်(၆)တိုင် ထွန်းညှိပြီး ဘုရားရှစ်ခိုးရမယ်။ ဒါဟာ ခေါင်းဆေးမင်္ဂလာ ဆောင်ရွက်ပုံ အပြည့်အစုံပါပဲ မိတ်ဆွေများ ....ခင်ဗျား

မြန်မာနှစ်သစ် ဟောကိန်း

မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်အတွက် နိုင်ငံရေး၊ စီးပွားရေး အပါအ၀င် ကဏ္ဍပေါင်းစုံအတွက် ဆရာ စံဇာဏီဘို၊ နက္ခတ်သိပ္ပံအဖွဲ့နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံသင်တန်းကျောင်း အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုတို့အား တွေ့ဆုံမေးမြန်း ထားသည်များနှင့် သင်္ကြန်စာပါ ဟောကိန်းအချို့ကို စုစည်းဖော်ပြလိုက်ပါသည်။

စံဇာဏီဘို

နိုင်ငံရေး
ဒီနှစ် မြန်မာနိုင်ငံအတွက် အဓိကအကျဆုံးက နိုင်ငံရေးပဲ။ ဘာကြောင့်လဲဆိုတော့ မဟာဘုတ်မှာ စနေ အဓိပတိကျတယ်။ စနေက ပြည်သူလူထုရဲ့ နိုင်ငံရေး ဖြစ်တယ်။ ဒါကြောင့် ၁၃၇၅ ခုနှစ်ဟာ ပြည်သူလူထုရဲ့ တောင်းဆိုမှုအပေါ်မှာ နိုင်ငံတော် အစိုးရက လိုက်လုပ်တဲ့ နိုင်ငံရေး ဖြစ်သွားမယ်။ ဂြိုဟ်နက္ခတ်တွေ အလိုအရတော့ မြန်မာနိုင်ငံဟာ ၂၀၁၄ ဇူလိုင်ထိ တိုင်းရေးပြည်ရေး အုပ်ချုပ်ရေး အနေအထားက ပြည်သူတွေရဲ့ စိတ်အနေအထား ပြောင်းလဲမှုအပေါ်မှာ ပဋိပက္ခများ ဖြစ်ပွားနိုင်တယ်။ ပြည်သူလူထုတွေက စိတ်ရိုင်းဝင်လာပြီး စိတ်ရူးပေါက်မှုတွေနဲ့ ကြုံနိုင်တယ်။ ပြည်သူများရဲ့ စိတ်ကူးများက အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့အတွက် အုပ်ချုပ်သူများက ပြည်သူရဲ့စိတ်အနေအထားကို အနီးစပ်ဆုံးရအောင် လုပ်ရလိမ့်မယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီးတော့လည်း အကြီးစားပြုပြင်ပြောင်းလဲမှုတွေ ဖြစ်မယ်။ ဥပဒေထဲမှာပါမယ့် အချက် အလက်တွေ ပြောင်းလဲဖို့ တောင်းဆိုမှုတွေရှိမယ်။

စီးပွားရေး
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ လာမယ့် ဒီနှစ်ထဲမှာ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံမှုတွေ လာဖို့ရှိတယ်။ နိုင်ငံတကာအဆင့် ရင်းနှီးမြှုပ်နှံမှုတွေက ဒီနှစ်ထဲမှာ အလုံးအရင်းနှင့် ၀င်လာမယ်။ သင်္ကြန်အပြီး ရက်ပေါင်း ၉၀ အတွင်းကို အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံမှုဝင်ဖို့ရှိတယ်။ စီးပွားရေးကဏ္ဍမှာ စက်မှုလုပ်ငန်းများနဲ့ စိုက်ပျိုးရေးကဏ္ဍမှာ အထူးအောင်မြင်လာမယ့် နှစ်ပဲ။

သဘာဝပတ်ဝန်းကျင်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုလုပ်ငန်းများမှာ နည်းပညာနှင့် လူအများ၏ ပံ့ပိုးမှု ပူးပေါင်းဆောင်ရွက်မှု ပိုမိုရလာမယ်။ နိုင်ငံတကာမှလည်း သဘာဝ ပတ်ဝန်းကျင်အတွက် ငွေကြေးထောက်ပံ့မှုလည်း ရလာမယ်။ မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်ဟာ သင်္ကြန်မင်းက မြားနှင့် လေးကိုင်ပြီး နဂါးစီးဆင်း တာကြောင့် ပြည်ပတိုင်းတစ်ပါးရန်ကို သတိပြုဖို့လိုတယ်။ အထူးသဖြင့် အရှေ့မြောက်က ပဋိပက္ခများ ၀င်ရောက်နိုင်တယ်။

ဦးဇေယျာကို

နိုင်ငံရေး
၁၃၇၅ ခုနှစ်မှာ အစိုးရဟာ အတိုက်အခံနဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်နိုင်တယ်။ အများပြည်သူ စည်းကမ်းလျော့ပြီး မင်းမဲ့စရိုက်ကြောင့် ဆူပူမှုတွေဖြစ်နိုင်တယ်။ ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကို အစိုးရက လိုက်လျောဖို့ အားနည်းမှုတွေ ရှိလာမယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေး အခင်းအကျင်း မကောင်းတဲ့ နှစ်တစ်နှစ်ပဲ။ တိုင်းပြည်ရဲ့ အုပ်ချုပ်သူအကြီးအကဲ ခေါင်းဆောင်အဆင့် ဒီနှစ်ထဲမှာ ကျန်းမာရေး ညံ့နေတယ်။ တပ်မတော်ရဲ့ အခန်းကဏ္ဍကလည်း ထူးခြားနိုင်တယ်။ ကြီးမားတဲ့ စစ်ပွဲကြီးတွေ ဆင်နွှဲဖို့ရှိတယ်။ ငြိမ်းချမ်းရေး ရလုရခင်ဖြစ်ပြီးမှ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်ခြေရှိတယ်။ နယ်စပ်ရေးရာမှာလည်း ကြီးမားတဲ့ ပြဿနာတွေ ပေါ်နိုင်တယ်။ လူမျိုးရေး ကိစ္စတွေလည်း သတိထားရမယ်။

စီးပွားရေး
တိုင်းပြည်စီးပွားရေးက ထင်သလောက်မျှော်မှန်း မရဘူး။ ကုန်ဈေးနှုန်းမြင့်တက်မှုတွေလည်း ရှိနိုင်တယ်။ တိုင်းပြည်ရဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု ၂၀၁၃ ခုနှစ်မှာ ကြီးကြီးမားမားမျှော်လင့်သလောက် မဖြစ်နိုင်သေးဘူး။ ဒါပေမဲ့ ကြီးမားတဲ့ ရေနံသဘာဝဓာတ်ငွေ့တွင်းသစ်တွေ ရှာဖွေရနိုင်တယ်။ ကမ္ဘာ့စံချိန် ချိုးမယ့်သူ၊ ထူးခြားတဲ့ ကျောက်မျက်ရတနာတွေလည်း တူးဖော်ရနိုင်တယ်။

ကျန်းမာရေး
ကျန်းမာရေးပိုင်းမှာတော့ ၀န်ကြီးဌာနအရာရှိကြီးတွေ အပြောင်းအလဲဖြစ်စဉ်တွေ ရှိတယ်။ အများပြည်သူ ရောဂါများနှင့် ပတ်သက်ပြီး စိုးရိမ်စရာတွေရှိတယ်။

ရာသီဥတု
ကြီးမားတဲ့ ငလျင်တွေ မဖြစ်ပေါ်သော်လည်း အင်အားနည်းတဲ့ ငလျင်လေးတွေတော့ ဖြစ်ပွားနိုင်တယ်။ ရာသီဥတုနဲ့ ပတ်သက်ပြီး ဇူလိုင်၊ သြဂုတ်မှာ ထူးခြားတဲ့ အခြေအနေတွေရှိတယ်။ ဧပြီ၊ မေ မှာ အပူချိန်ပြင်းထန်လာနိုင်တယ်။ မိုးခေါင်ရေရှားပြဿနာတွေ ဖြစ် မယ်။ မိုးဦးနောက်ကျပြီး မိုးလယ်၊ မိုးနှောင်းမှာ ပုံမှန်မိုးရွာသွန်းမယ်။ စိုက်ပျိုးရေးကဏ္ဍတွေ သတိထားဖို့ လိုတယ်။

သင်္ကြန်စာ

နိုင်ငံရေး
အုပ်ချုပ်သူနှင့် ပြည်သူတို့အကြား မကျေလည်မှုများ၊ အနှောင့်အယှက်များ ကြုံတွေ့ရနိုင်တယ်။ ဥပဒေကိစ္စရပ်များနှင့် ပတ်သက်၍လည်း လွှတ်တော်တွင် အငြင်းအခုံများပေါ်လိမ့်မယ်။ တိုင်းသူပြည်သားတို့ ကိုယ်ကျင့်တရား ထိန်းရန်များစွာ လိုအပ်တယ်။ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုမှာ ဝေဖန်မှုများလည်း ပေါ်ပေါက်လိမ့်မယ်။

စီးပွားရေး
စီးပွားရေးနှင့်ပတ်သက်၍ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များမှာ အထွက်တိုးပြီး ဈေးကောင်းရမယ်။ အခွန်ဘဏ္ဍာ များလည်း အမြောက်အမြားရမယ်။

ရာသီဥတု
မိုးရာသီမှာတော့ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်၊ တနင်္သာရီတိုင်း ဒေသကြီးတွေနဲ့ ကချင်၊ ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေ သတွေမှာ မိုးအလွန်ကောင်းမယ်။ ရန်ကုန်၊ ပဲခူးတိုင်းဒေသကြီးတို့မှာ မိုးများပြီး ရေလွှမ်းမိုးမှုများရှိမယ်။

https://www.facebook.com/7daynews

၁၃၇၅ မှာ လုပ်ငန်းစီးပွားကို ဘယ်လိုလုပ်သင့်သလဲ

တနင်္ဂနွေ သားသမီးများသည် ရာထူးတိုးရန် ၊ အလုပ်နေရာကောင်း ၊ အခွင့်အရေးကောင်းများရရန်၊ ဆုထူးဘွဲ့ထူးများ ရရန်နှင့် အလုပ်လျှောက်ခြင်း ၊ အင်တာဗျူးဖြေခြင်း၊ လေလံဆွဲခြင်း၊ အလုပ်နေရာ အိမ်နေရာ အပြောင်းအရွေ့ စသည်တို့၌ အထူးအားပြု ကြိုးစားသင့်ပါည်။

တနင်္လာသားသမီးများသည် နာမည် ဂုဏ်သတင်း ထင်ပေါ်ကျော်ဇောရန်နှင့် လူအမျာ၏ ချစ်ခင်လေးစား ယုံကြည် ကိုးစားမှု့ကို ရရှိရန်နှင့် လက်ရှိလုပ်ငန်းများကို အင်နှင့် အားနှင့် တိုးချဲ့ရန် စသည်တို့၌ အထူးအားပြု ကြိုးစားသင့်ပါသည်။

အင်္ဂါသားသမီးများသည် အလုပ်ပြောင်း နေရာပြောင်း အိမ်ပြောင်း လုပ်ငန်းသစ် နေရာသစ် အပြောင်းအရွေ့ခရီးလှည့်လည် သွားလာရသော အလုပ်များ စသည်တို့၌  အထူးအားပြု ကြိုးစားသင့်ပါသည်။

ဗုဒ္ဓဟူးသားသမီးများသည် မည်သည့်အပြောင်းအလဲ ကြီးကြီးမားမားကိုမျှ မကြိုးစားပဲ လက်ရှိအလုပ် ၊ လက်ရှိနေရာ၊ လက်ရှိအခြေအနေတွင်သာ အထူးအားပြု ကြိုးစားသင့်ပါသည်။

ကြာသပတေးသားသမီးများသည် ငွေစု၊  ပစ္စည်းစု၊ ကုန်သိုလှောင်ခြင်း၊ ပညာသင်ယူခြင်း စသည်တို့၌ အထူး အားပြု ကြိုးစားသင့်ပါသည်။

သောကြာသားသမီးများသည် ခရီးသွားလာရေး၊ သယ်ယူပို့ဆောင်ရေး၊ ရပ်ဝေးပြည်ပနှင့် ပတ်သက်သော အလုပ်များ ၊ ကုန်သွယ်ရေး ပွဲစားစသည်တို့၌ အထူးအားပြု ကြိုးစားသင့်ပါသည်။

စနေသားသမီးများသည် အုပ်ချုပ်ရေး၊ ဥပဒေကိစ္စ၊ အဖွဲ့အစည်း၊ လူမှု့ရေး၊ နိုင်ငံရေး၊ ပရဟိတ စသည်တို့၌ အထူးအားပြု ကြိုးစားသင့်ပါသည်။

(မနောမယဂျာနယ်ကောက်နုတ်ချက်)

မိတ်ဆွေတို့၏ စိတ်ကို အေးချမ်းစေသောယတြာ


တစ်နေ့သ၌ ကျွန်ုပ်၏ ဗေဒင်ဟောခန်းရှိရာ ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ ဥုမ်သဟာဗေဒင်ဟာခန်း ရှိရာသို့ အသက်အရွယ်အားဖြင့် (၂၅)နှစ်ခန့်မျှသာ ရှိသေးသော မောင်အောင်စိုးဆိုသော ကောင်လေးတစ်ဦး ရောက်ရှိ လာလေ၏။ ထိုမောင်အောင်စိုးသည် ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းသို့ ရောက်လျှင်ရောက်ခြင်း အုပ်နံရံကို မှီ၍ ခြေပစ်လက်ပစ် ထိုင်လေတော့။ ရောက်လျှင်ရောက်ခြင်း ၎င်းက...

စိတ်ညစ်တယ်ဆရာရေ...။ စိတ်ညစ်လိုက်တာဟု စတင်၍ ခိုသတ္တ၀ါများ အရှုံးပေးရလောက်အောင် စတင်၍ ငြီးတွားလေတော့၏။ ထိုအခါ ကျွန်ုပ်က ဘယ်လိုဖြစ်တာလဲ မောင်အောင်စိုးရဟု ပြန်မေး လိုက်လေရာ မောင်အောင်စိုးက...

ဒီလိုပါဆရာရဲ့။ ကျွန်တော်က အခုတလော ဘယ်လိုဖြစ်တယ်မ သိပါဘူး။ ကျွန်တော့် စိတ်တွေ အရမ်းပူနေတယ်။ အရာအားလုံးဟာ စိတ်ညစ်စရာတွေ။ စိတ်ဓာတ်ကျစရာတွေ၊ စိတ်ပူလောင်စရာ တွေနဲ့ချဉ်း ဖြစ်နေသလိုပဲ။ ဘုန်းကြီးကျောင်းသွားပြီး ဘုန်းကြီးတောင် ၀တ်နေချင်စိတ် ဖြစ်မိတယ် ဆရာရယ်။ လောကကြီးကို စိတ်ကုန်မိတယ်။ တစ်ခါတစ်လေတော့လည်း ဆရာတို့လို စိတ်အေးချမ်းသာစွာ နေထိုင်ချင် စိတ်ဖြစ်မိတယ်။ အခုတော့ ကျွန်တော်တို့ရဲ့ ဘ၀တွေဟာ လူ့လောကကြီးကို အပူခံ ငရဲခံများ ရောက်လာသလား မှတ်ရတယ် ဆရာရေဟု လောကကြီးကို စိတ်ကုန်နေသော လေသံဖြင့် ပြောလေတော့၏။

မောင်အောင်စိုးရဲ့။ စိတ်အေးချမ်းသာခြင်းဆိုတာ ဘုန်းကြီးကျောင်းမှာရှိတယ်လို့ မင်းက ထင်နေတာလား မောင်ရင်ရဲ့။ စိတ်ဆိုတာက ဘယ်မှာရှိတာလဲ။ ဘုန်းကြီးကျောင်းမှာ ရှိတာလား။ ကိုယ်လူရင်ထဲမှာ ရှိတာလားဟု ကျွန်ုပ်က ပြန်မေးလိုက်လေရာ မောင်အောင်စိုးက ...။

စိတ်ဆိုတဲ့ အရာကတော့ ဘုန်းကြီးကျောင်းမှာ ဘယ်ရှိပါ့မတုန်း ဆရာရဲ။ ကိုယ့်ခန္ဓာကိုယ်ထဲမှာပဲ ရှိတော့ မပေါ့ဟု ပြန်ပြောလေ၏။ ထိုအခါ ကျွန်ုပ်က...

အေးလေကွာ။ ကိုယ့်ကိုထဲမှာရှိတဲ့ စိတ်ဆိုတဲ့ အရာကို အေးငြိမ်းစေချင်တယ်ဆိုရင် ဘုန်းကြီးကျောင်းရယ်လို မဟုတ်ပါဘူး။ ဘယ်နေရာမှာမဆို အေးငြိမ်းအောင် လုပ်လို့ ရပါတယ်ကွ။ လူတော်တော်များတော့ ဘုန်းကြီးကျောင်းမှ ၊ရိပ်သာမှ၊ ဘုရားမှ စိတ်အေးချမ်းအောင် လုပ်လို့ရတယ်လို့ ထင်တတ်ကြတာကိုး။ အဲဒီနေရာတွေကို သွားနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် ငါတို့မှာက ဃရာဝါသ ကိစ္စများမြောင်လူတို့ ဘောင်ကိုးကွ။ သားကျွေးမှု့ မယားကျွေးမှု့တွေကလဲ မဖြစ်မနေ ထမ်းဆောင်နေရတဲ့ တာဝန်တွေကလည်း ရှိသေးတယ်လေကွာ။ အဲဒီတော့ မင်းတို့ပြောတဲ့ နေရာတွေကိုတော့ အမြဲမပြတ် ဘယ်သွားနေနိုင်ပါ့မလဲဟု ပြန်ပြောလိုက်လျှင် မောင်အောင်စိုးက...

အရေးကြီးတာက စိတ်အေးချမ်းချင်တယ် ဆရာ။ စိတ်အေးချမ်းစွာ နေထိုင်နိုင်မယ့် နည်းလေးများရှိရင် မ-စ စမ်းပါ ဆရာသမားရယ်ဟု ပြန်ပြောလေ၏။ ထိုအခါ ကျွန်ုပ်က

ရှိတာပေါ့ကွာ။ မင်းက ပြောဆိုတော့လည်း ပြောပြရတာပေါ့ကွာ။ ဒီအကြောင်းကို မပြောခင် မင်းကို ဥပမာလေးတစ်ခု အရင်ပြောပြရဦးမယ်ကွ။ မင်း ပန်းပုထုတဲ့ ဆိုင်တွေ ဘာတွေရောက်ဖူးလား။ မြင်ဘူး၊ တွေ့ဘူးလားဟု ကျွန်ုပ်က ပြောလိုက်လျှင် မောင်အောင်စိုးက..

တွေ့ဘူးယုံတင် ဘယ်ကမလဲ ဆရာသမားရဲ့။ ကျွန်တော်တို့ မျိုးရိုးကိုက ပန်းပုမျိုးရိုးပဲ။ ပန်းပုအကြောင်း ကျွန်တော်ကောင်းကောင်းသိတာပေါ့။ ကျွန်တော် အဖေလည်း ပန်းပုဆရာ။ ကျွန်တော် အဘိုးလည်း ပန်းပုဆရာ။ မမြင်လိုက်ရတဲ့ ကျွန်တော့်အဘိုးရဲ့ အဖေလည်း ပန်းပုပညာရှင်ပဲ။ ကျွန်တော်တို့ အကိုတွေ အမတွေလည်း ပန်းပုဆိုင်နဲ့ စီးပွားရှာနေကြတာ။ ကျွန်တော်သာ စောစောစီးစီး အိမ်ထောင်ကျပြီး ထိုင်းနိုင်ငံရော က်နေတာဟု ပြန်ပြောလေ၏။

မင်းက သစ်သားတုံးတစ်တုံး ယူသွား။ ပြီးရင် ပန်းပုထုတတ်တဲ့ လူကို ယုန်ရုပ်တစ်ရုပ်ထုခိုင်းကွာ။ ပြီးတော့ အဲဒီပန်းပုဆရာက ယုန်ရုပ်ထုနေတာကို မင်းက ဘေးကနေ သေသေချာချာ ကြည့်နေ။ အဲဒီမှာ ပန်းပုဆရာက ယုန်ရုပ်ထုလိမ့်မယ်ကွ။

အမှန်က ပန်းပုဆရာက ယုန်ရုပ်ထုနေတာ မဟုတ်ဘူးကွ။ ယုန်ရုပ်မဖြစ်မယ့် အသားတွေကို ဖဲ့ချနေတာ မဟုတ်လား။ ဆောက်နဲ့ လက်ရိုက်နဲ့ ဖဲ့ချနေတာ။ အဲဒီလို မလိုတာတွေ ပိုနေတာတွေကို ဖဲ့ချနေရင်းကနေ တဖြေးဖြေးနဲ့ မင်းအလိုရှိတဲ့ ယုန်ရုပ်က ပေါ်လာတာမဟုတ်လား။

အဲဒိလိုပဲ ကိုယ်လူရေ...။ မင်းက စိတ်အေးချမ်းသာစွာ နေထိုင်ချင်တယ်ဆိုရင် စိတ်အေးချမ်းသာခြင်းကို တကူးတက အပင်ပန်းခံပြီး ရှာဖွေနေစရာ မလိုဘူးကွ။ စိတ်ပူပန်စရာတွေကို တဖြေးဖြေးခြင်း ဖဲ့ထုပ်ပစ်ရမှာ။ အဲဒီမှာ မင်းအလိုရှိနေတဲ့ စိတ်အေးချမ်းသာခြင်းက အလိုလိုပေါ်လာမှာပေါ့။ အဲဒီတော့ မင်းရဲ့ စိတ်ကို ပူလောင်စေတဲ့ လောင်မြိုက်စေတဲ့ အရာတွေကို တဖြေးဖြေးခြင်း ဖဲ့ထုပ်ပစ်လိုက်စမ်းပါ မောင်အောင်စိုးရယ်။ စိတ်အးချမ်းသာခြင်းကို အပြင်မှာ ရှိမယ်ထင်ပြီး လိုက်မရှာနဲ့ကွ။ လိုက်ရှာနေရင်တော့ ရှာဖွေခြင်းဆိုတဲ့ ဒုက္ခတစ်ခု တိုးလာတာပဲ အဖတ်တင်မယ်ဟု ကျွန်ုပ်က ပြောလိုက်လျှင် မောင်အောင်စိုးက..

သဘောပေါက်ပြီဆရာရေ။ ကျွန်တော် ဒီနေ့ကစပြီး ကျွန်တော်ရင်ထဲမှာရှိနေတဲ့ ကိန်းအောင်းနေတဲ့ ကျွန်တော်စိတ်ကို ပူလောင်စေတဲ့ လောင်မြိုက်စေတဲ့ အရာတွေကိုတဖြေးဖြေးခြင်းနဲ့ ဖဲ့ထုပ်ပစ်မယ်ဆရာရေ။ မဝေးတဲ့တစ်နေ့ကျရင် ကျွန်တော် အလိုရှိနေတဲ့ စိတ်အေးချမ်းသာမှု့ဟာ ကျွန်တော်ရင်ထဲကို အလိုလိုနေရင်း ရောက်လာမှာဆိုတာ ကျွန်တော်ကောင်းကောင်း သဘောပေါက်သွားပြီ။ ကျေးဇူးတင်ပါတယ်။ ဒါနဲ့ စကားမစပ် ယတြာကောမရှိဘူးလား ဆရာရယ်။ ယတြာရှိရင် ယတြာလည်း ချေချင်ပါတယ်ဟု အထွန့်တက်လေသောကြောင့် ကျွန်ုပ်သည် ဘ၀၏ မီးတောက်မီးလျှံများကို ထိမ်းချုပ်စေသော အောက်ပါ အင်းစမတော်ကို မောင်အောင်စိုးအား ပေးလိုက်လေတော့သတည်း။



(ကျွန်ုပ်၏ ချစ်လှစွာသော စာဖတ်သူများခင်ဗျား။ သင်၏ စိတ်များသည် လွန်စွာ ပူလောင်လောင်မြိုက်နေပါက အထက်ပါ အင်းစမတော်ကို ဖယောင်းတိုင်မှာ ပတ်၍ မီးထွန်းဆုတောင်းပါလေ။ ကိုယ့်ကိုကိုယ် သတ်သေချင်လောက်အောင် ပူလောင်နေသော သူများကို အထက်ပါ စမတော်ဖြင့် အင်းဖယောင်းတိုင်လုပ်၍ မီးထွန်းပေးဖူးသော အကြိမ်များလှပြီ။ အေးချမ်းသွားသည်ကို သင်ကိုယ်တိုင် ကြုံတွေ့ရပါမှ ကျွန်ုပ်အား ကျေးဇူးတင်ပါလေ။)

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

၂၀၁၃-ခု၊ ဧပြီလအတွက် (၇)ရက်သားသမီး ကံကြမ္မာဟောစာတမ်း

တနင်္ဂနွေသားသမီးများအတွက်
ဒီလအတွင်းမှ အဖက်ဖက်က အခြေအနေကောင်းတွေ ကြုံလာမယ်။ စီးပွားရေးလုပ်ငန်းတွေ အထူးတိုးချဲ့သင့်တဲ့ အချိန်ကာလ သမယပါပဲ။ မိတ်ကောင်း ဆရာကောင်းတွေ တွေ့မယ်။ စပါတူ ရှယ်ရာ အလုပ်၊ ပြည်တွင်းပြည်ပခရီး၊ ပညာရေးကိစ္စတွေ အထူးကောင်းပါတယ်။ ဆန်ဆီဆေးဆား၊ စက်မှု့၊ စာအုပ်၊ မြေ ၊ အမွေ၊ ဖုန်း ကိစ္စများမှာ အောင်မြင်မယ်။ အလှူအတန်း မင်္ဂလာကိစ္စများနဲ့လည်း ကြုံကြိုက်ရ တတ်ပါတယ်။ ဘာသာရေး လုပ်သလောက်၊ ကံပွင့်လန်း နေမယ့် ရက်မျိုး ဖြစ်ပါတယ်။ ဆွေမျိုးသားချင်း တွေနဲ့တော့ ပြဿနာ ကြီးကြီးမားမား ဖြစ်ရတတ်ပါတယ်။ လူရင်းတို့ရဲ့ မကောင်းသတင်း တချို့လည်း ကြားရတတ်ပါတယ်။ အထည် ၊ ထီး၊ ဖိနပ်၊ ရွှေ၊ အောက်လက်ငယ်သားတို့ အတွက်တော့ စိပ်ရှုပ်ခေါင်းစား ရတတ်ပါတယ်။ ချစ်သူရည်စားများ၊ ဆုံးဖြတ်ရခက်တဲ့ အခြေအနေကြုံလာမယ်။ အိမ်ထောင်ရှင်ဆိုရင် အညံ့များနေတတ်ပါတယ်။ ထီထိုးမယ်ဆိုရင် (၃၅)ပူးနေတဲ့ ထီလက်မှတ်ဟာ လာဘ်လာဘတွေ ခေါ်ဆောင်လာပါလိမ့်မယ်။ ဒူး၊ နား၊ ရင်ဘတ်၊ သတိထားပါ။
ယတြာ....
ညံ့တာတွေပြေပျောက်၊ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် သံဃာတော်များကို ဆပ်ပြာမွှေးရှစ်ခု ကပ်လှူပါ။

တနင်္လာသားသမီးများအတွက်
ဒီလအတွင်းမှာ လုပ်ငန်းသစ်စခြင်း၊ နေရာပြောင်းခြင်း၊ အခြေအနေပြောင်းတဲ့ ကိစ္စများ အကျိုးပေး အောင်မြင်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးတွေ အောင်မြင်မယ်။ ထွက်နေတဲ့ ပစ္စည်းတွေ ငွေတွေ ပြန်ဝင်လာလိမ့်မယ်။ ကွဲကွာနေသူများနဲ့ ပြန်လည်ဆုံစည်းရတတ်တယ်။ အသီး၊ အနှံ ၊ သစ်၊ သွပ်၊ သံ ၊ ရေထွက်ကုန်၊ ရွှေ၊ အလှကုန်၊ လျှပ်စစ်ပစည်း၊ ခရီးသွား လုပ်ငန်းတွေ၊ အောင်မြင်နိုင်သော အချိန်ဖြစ်ပါတယ်။ ငွေကတော့ တအားဝင်ပြီး တအားထွက် နေမယ်။ ၀မ်းဗိုက်၊ ဦးခေါင်း၊ အဆစ်အမြစ်၊ ကျန်းမာရေး ဂရုစိုက်ဖို့ လိုပါတယ်။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများ ဆုံးဖြတ်ရခက်တဲ့ အခက်အခဲလေးတွေ ကြုံလာရ တတ်ပါတယ်။ ဘာမဆို အထစ်အငေါ့လေးတွေ ကြုံပေမယ့် အောင်မြင်နိုင်သောကိန်း ဖြစ်ပါတယ်။ ထီဝါသနာ ပါသူများ ရှေ့ဆုံးမှာ (၄၆) ပူးနေတဲ့ ဂဏန်းကို ထိုးသင့်ပါတယ်။
ယတြာ.....
ညံ့တာတွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် အိမ်ဘုရားစင်မှာသစ်သီး (၆)မျိုး သောက်တော်ရေ လေးခွက် လှူဒါန်းလိုက်ပါလေ။


အင်္ဂါသားသမီးများအတွက်
ဒီလအတွင်းမှာ ငွေကံ တအားကောင်းနေမယ်။ နာမည်ဂုဏ်သတင်း တက်စရာတွေလည်း ကြုံမယ်။ နိုင်ငံခြားခရီး၊ လူမျိုးခြားနဲ့ ပတ်သက်တဲ့ အလုပ်တွေ အကျိုးပေးအောင်မြင်မယ်။ ၂၇- အတွဲလိုက်ပူးပြီးတော့ စတဲ့ ထီလက်မှတ်တွေ ထိုးသင့်ပါတယ်။ အထည်၊ ထီး၊ ဖိနပ်၊ ဓာတ်ပုံ၊ လျှပ်စစ်၊ ကား၊ ကွန်ပြူတာ၊ ကျောက်၊ ကင်မရာလုပ်ငန်းများ၊ တိုးချဲ့သင့်တဲ့ အချိန်ဖြစ်ပါတယ်။ မိသားစုထဲမှာ အလှူပွဲ မင်္ဂလာပွဲတွေ ကြုံရတတ် ပါတယ်။ အဲဒိနေ့မှာ ထီဖိထိုးသင့်ပါတယ်။ စပ်တူ စာချုပ်ကိစ္စ တွေမှာတော့ မရေမရာ ဖြစ်တတ် ပါတယ်။ မြေကိစ္စ၊ အမွေကိစ္စ၊ ဖုန်းကိစ္စများကိုတော့ ခေတ္တဆိုင်းငံ့ ထားသင့်တဲ့အချိန်ပါပဲ။ ဘာမဆို နှစ်မျိုးနှစ်ခု ကြုံနိုင်ပါတယ်။ အာရုံကြော၊ ၀မ်းဗိုက်၊ ဆီး၊ မျက်စိရောဂါများ ဂရုစိုက်ရမယ့် ကာလဖြစ်ပါတယ်။
ယတြာ....
ညံ့တာတွေ ပြေပျောက်ပြီး ကောင်းတာတေါပိုကောင်းလာစေဖို့အတွက် ဓာတ်ခဲကိုးလုံးကို ဘုရားစင်ရှေ့တွင် တန်းစီချထား၍ ထိုအပေါ်တွင် ဖယောင်းတိုင် ကိုးတိုင်တင်ထွန်း၍ ဘုရားမီးပူဇော်ပါ။


ဗုဒ္ဓဟူးသားသမီးများအတွက်
ဒီလအတွင်းမှာ တအားပင်ပန်းမယ်။ စိတ်မောလူမောတွေ ဖြစ်ရမယ်။ အလုပ်ပိပြီး ကျန်းမာရေး ညံ့သွားတတ်ပါတယ်။ စိတ်တိုင်းမကျစရာတွေများနေမယ်။ တတ်နိုင်သမျှ စိတ်ရှည်ရှည် ခေါင်းအေးအေးနဲ့ အလုပ်တွေကို သက်တောင့်သက်သာလေး လုပ်သွားသင့်တဲ့ အချိန်ဖြစ်ပါတယ်။ အလုပ်ထွက်ချင် ပြောင်းချင်တဲ့ ဆန္ဒ ခေတ္တခနလေး စောင့်သင့်ပါတယ်။ နေရာကိစ္စ အိမ်ကိစ္စများ တိုးလို့တန်းလန်း ဖြစ်နေတတ်ပါတယ်။ မိတ်ကောင်း ဆရာကောင်းတွေရဲ့ အကူအညီကောင်းတွေ ပေါ်လာမယ်။ နိုင်ငံခြားနဲ့ ပတ်သက်လို့ အဆက်အသွယ် အခွင့်အရေးကောင်း ပေါ်လာတတ်တယ်။ မြေ ၊ အမွေ ၊ ဖုန်း၊ အထည် ၊ထီး၊ ဖိနပ်၊ ဓာတ်ပုံ၊ လျှပ်စစ်လုပ်ငန်းတွေမှာတော့ အထူးအောင်မြင် အကျိုးပေးနိုင်တဲ့ အချိန်ဖြစ်ပါတယ်။ ခြေထောက်၊ ခါး၊ အစာအိမ်၊ ကျန်းမာရေး သတိပြုသင့်ပါတယ်။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများ အတွက်တော့ အဆင်မပြေမှု့တွေ များနေပါ့မယ်။ ထီဝါသနာပါရင် ၅၇-အတွဲလိုက် စတဲ့ ထီလက်မှတ်ကို ရှာထိုးပါလေ။
ယတြာ......
ညံ့တာတွေပြေပျောက် ကောင်းတာတွေ ပိုကောင်းလာဖို့အတွက် မုန့်ဖက်ထုပ်(၇) ထုပ် (သို့) နို့ထမင်း (၅)ပွဲ ဘုရားလှူပါ။


ကြာသပတေးသားသမီးများအတွက်
ဒီလအတွင်းမှာ ကံအညံ့လေးတွေ များနေပါတယ်။ အဖက်ဖက်က အနှောင့်အယှက် အယှက်ရှိမယ်။ ခရီးသွားခြင်းဟာ အကောင်းဆုံးယတြာပါပဲ။ နေရာသစ်၊ အိမ်သစ်၊ လုပ်ငန်းသစ်၊ အစီအစဉ်းများ အထူးပဲကောင်းပါတယ်။ ရပ်ဝေးပြည်ပကိစ္စတွေ အတွက်လည်း ဦးစားပေးပြီး စီစဉ်သင့်ပါတယ်။ ကွဲကွာနေသူများ ပြန်ဆုံခြင်း ၊ ရပ်ဝေးက အကူအညီကောင်းရခြင်းများ ကြုံမယ်။ ငွေကတော့ တအားဝင်သလို တအားထွက်နေလိမ့်မယ်။ မထင်မှတ်တဲ့ ဘာသာရေး၊ ပညာရေး၊ အခွင့်အလမ်း ကောင်းတွေ ပေါ်လာတတ် ပါတယ်။ အသီးအနှံ၊ ရေထွက်ကုန်၊ သစ်၊ သံ ၊ သွတ်၊ အလုပ်များ တိုးချဲ့သင့်တဲ့ အချိန်ဖြစ်ပါတယ်။ မီး၊ လျှပ်စစ်၊ သူခိုး၊ သတိထားသင့်တဲ့ အချက်များ ဖြစ်ပါတယ်။ သတိထားပါ။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်စားများ၊ ၇ပ်ဝေးခွဲရ ကိန်းရှိနေပါတယ်။ ထီဝါသနာပါရင် (၁၄)အတွဲလိုက် စတဲ့နံပတ်ရှာပြီး ထိုးပါ။
ယတြာ....
ညံ့တာတွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် အုန်းသီးပါသော မုန့်လှူပါ။



သောကြာသမီးများအတွက်
ဒီလအတွင်းမှာ အဆင်မပြေ လွဲချော်မှု့တွေ များနေမယ်။ ဟိုဟာလုပ်ရတော့ မလိုလို ၊ဒီဟာ လုပ်ရတော့ မလိုလိုနဲ့ အချိန်ကုန် နေတတ်ပါတယ်။ သူများပြဿနာ တွေမှာလည်း ကြားညှပ်တတ်ပါတယ်။ ဘာမဆို စိတ်ရှည်သင့်တဲ့ အချိန်ပါပဲ။ လုပ်ငန်းသစ်စတာ တဖြေးဖြေးတိုးချဲ့တာ၊ စပ်တူရှယ်ရာအလုပ်၊ စာချုပ်လုပ်ငန်းတွေ ကောင်းပါတယ်။ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စက္ကူ။ စာအုပ်၊ အင်္ဂါနံတွေ အလုပ်ဖြစ်မယ်။ မထင်မှတ်ဘဲ အိမ်အလုပ်၊နေရာ၊ ရာထူး၊ ဆိုင်ခန်း၊ အခွင့်အရေးတွေ ကြုံတတ်ပါတယ်။ နိုင်ငံခြားနှင့် ပတ်သက်နေတဲ့ အခွင့်အရေးကောင်း အဆက်အသွယ် ကောင်းတွေလည်း ရတတ်ပါတယ်။ မိတ်ရင်း ဆရာရင်း တို့ကြောင့် စိတ်ရှုပ် ရတတ်ပါတယ်။ ငွေကံကတော့ အတော်လေး နိမ့်နေပါတယ်။ ငွေများများ ရှိရင်လည်း ဆေးဖိုးဝါးခ ဖြစ်သွား တတ်ပါတယ်။ အိမ်ထောင်ရှင်များ၊ အဆင်မပြေမှု့တွေ ပြေလည်သွား လိမ့် မယ်။ ချစ်သူရည်းစား များကတော့ ဆုံးဖြတ်ရခက်တဲ့ အကျပ်အတည်းမျိုး ကြုံလာတတ်ပါတယ်။ (၃၁) အတွဲလိုက် စတဲ့ ထီလက်မှတ်ကို ရှာပြီး ထိုးသင့်ပါတယ်။
ယတြာ...
ညံ့တာတွေ ပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် သြဇာသီး (၄) လုံး ဘုရားလှူဒါန်း၍ လိုရာ ဆုတောင်းပါလေ။


စနေသားသမီးများအတွက်
ဒီလအတွင်းမှာ ထွက်နေ၊ ဆုံးရှုံးနေတဲ့ ငွေတွေ၊ ပစ္စည်းတွေ အခွင့်အရေးတွေ ပြန်ရတတ်ပါတယ်။ လုပ်ငန်းဟောင်း နေရာဟောင်း၊ လုပ်ဖော်ကိုင်ဖက် ဟောင်းတွေနဲ့လည်း ပြန်လည် ဆုံဆည်းရတတ်ပါတယ်။ ပြဿနာဟောင်း၊ ရောဂါဟောင်းတွေ ပြန်ပေါ်တတ်တာကိုလည်း သတိပြုဖို့ လိုပါတယ်။ ငွေ တအားရွှင်မယ်။ ရတနာပစ္စည်းတွေ အလှကုန် ပစ္စည်းတွေ တအားရွှင်မယ်။ ကား၊ ကျောက် ၊ ကွန်ပြူတာ၊ ကင်မရာ၊ ရွှေ၊ အလှကုန်လုပ်ငန်းတွေ အကျိုးပေးအောင်မြင်မယ်။ သူတစ်ပါး မနာလိုဖြစ်လောက်အောင် စီးပွားတက် အောင်မြင်မယ့် ကိန်းမျိုးဖြစ်ပါတယ်။ တမင် ရန်စနှောက် ယှက်တာ မျိုးတွေ ခံရတတ်ပါတယ်။ လူရင်း လူယုံ ဒုက္ခပေးတတ်ပါတယ်။ ဘယ်ကိစ္စမဆို အနှောင့်အယှက်လေးတွေ ကြုံပြီးမှ အောင်မြင်တတ်ပါတယ်။ ချစ်သူရည်စားများအတွက် ကံကြမ္မာ အထူးပွင့်လင်းနေပြီး အိမ်ထောင်ရှင်များ အတွက်တော့ မတင်မကျ ကိစ္စလေးတွေ ရှိနေပါလိမ့်မယ်။ ထီဝါသနာရှင်များ အနေနှင့်ကတော့ ၂၄-၄၂-အတွဲလိုက်စတဲ့ ထီနံပါတ်ကို ဖိဖိစီးစီး ထိုးသင့်ပါတယ်။

ယတြာ......
ညံ့တာတွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် ကလေးများကို ချောကလက် ဒါနလုပ်ပြီး လိုရာဆုကိုတောင်းပါလေ။
 
အားလုံး၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်(ထိုင်းနိုင်ငံ၊မဟာချိုင်မြို့)

ကျွန်ုပ်နှင့် အချစ်ကြီးသော မိန်းကလေးတစ်ဦး

တစ်နေ့သ၌ ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းသို့ အသက်အရွယ် အားဖြင့် ၂၅- နှစ်ကျော်ခန့်ရှိသော မိန်းကလေး တစ်ဦးသည် ခပ်တည်တည် မျက်နှာထားဖြင့် ၀င်ရောက် လာလေ၏။ ထိုမိန်းကလေး ၀င်ရောက်လာသော အချိန်တွင် ကျွန်ုပ်အခန်းတွင်  ဗေဒင်မေးမည့်သူ (၈)ဦးနှင့် ကျွန်ုပ်မှ ယတြာချေရန် ရောက်ရှိလာသော သူ(၂)ဦး အားလုံးပေါင်း (၁၀) ယောက်  ရှိနှင့်နေ၏။ ကျွန်ုပ်မှ အရင်နေ့က အခက်အခဲရှိသောကြောင့် ယတြာချေရန် ချိန်းဆိုထားသူများအား န၀င်းယတြာချေပေးရန် ပြင်ဆင်ပေးနေသော အချိန်လည်း ဖြစ်လေ၏။ အမှန်အတိုင်း ပြောဆိုရပါမူ ကျွန်ုပ်သည် ထိုအချိန်တွင် အလုပ် အနည်းငယ် များနေသော အချိန်လည်း ဖြစ်လေ၏။ ထိုမိန်းကလေး သည် ကျွန်ုပ် န၀င်းယတြာ ပြင်ဆင်နေသော စာပွဲပေါ်သို့ ခပ်လတ်လတ် စာအိပ်တစ်လုံးထဲမှ ဓာတ်ပုံ သုံးပုံကို ဖွင့်ယူ၍ ပြစ်တင်လိုက်ရင်း ကျွန်ုပ်အား အောက်ပါအတိုင်း ပြောလေတော့၏။

အဲဒီ ဓာတ်ပုံသုံးပုံကို ဆရာ မှတ်မိမလားပဲ။ ကြည့်လိုက်ပါဦး။ လွန်ခဲ့တဲ့ ခြောက်လလောက်က ဆရာ့ကိုယ်တိုင် ယတြာချေပေးထားတဲ့ သူတွေလေ။ အဲဒီ ဓာတ်ပုံသုံးပုံထဲမှာ အမျိုးသားအမည်က ကိုထွန်းလင်းတဲ့။ နောက်တစ်ယောက်က မနွယ်၊ နောက်ဆုံးတစ်ယောက်က ကြည့်လိုက်ပါဦး ဘယ်သူနဲ့ တူလဲလို့ဟု လှမ်း ပြောလိုက်လေရာ ကျွန်ုပ်က အသာအယာ ကောက်ယူပြီး ကြည့်လိုက်လေရာ ကျွန်ုပ်ရှေ့ တွင် ထိုင်နေသော သူမကိုယ်တိုင် ဖြစ်နေလေ၏။  ကျွန်ုပ်မှလည်း ၎င်းချပြသော ဓာတ်ပုံများကို အသာအယာ ကောက်ယူကြည့်လိုက်ပြီး အသာအယာ ခုံပေါ်တွင် ပြန်ချထားလိုက်ရင်း ကဲ... ပြောပါဦး၊ ကျွန်တော် ဘာများ ကူညီပေးရမလဲဗျာဟု မေးလိုက်လေရာ ၎င်းအမျိုးသမီးက....

ကျွန်မ နာမည်က မဝေလို့ ခေါ်တယ်။ ကျွန်မ အခုလာတာ ဗေဒင်မေးဖို့လဲ မဟုတ်ဘူး။ ယတြာချေဖို့လဲ မဟုတ်ဘူး။ ကျွန်မရင်ထဲမှာ ခံစားနေရတာကို ရင်ထဲမှာ အောင့်မထားနိုင်လို့ စကားနည်းနည်းလောက် ပြောချင်လို့ လာခဲ့တာပါဟု ပြန်ပြောလေ၏။ ထို့နောက် ၎င်းမိန်းကလေးက ဆက်လက်၍ အဲဒီ ဓာတ်ပုံတွေကို ပြလိုက်ကတည်းက ဆရာ မှတ်မိနိုင်မှာပါ။ လွန်ခဲ့တဲ့ (၆)လလောက်တုန်းက ဆရာ့ဆီမှာ အမျိုးသမီးတစ်ဦး ယတြာ လာလုပ်ခိုင်းတယ် မဟုတ်လား။ ဟိုဓာတ်ပုံထဲက တစ်ယောက်ပေါ့။ သူ့ယောက်ျားက နောက်မိန်းကလေး တစ်ယောက်နဲ့ ရှုပ်နေတယ်ဆိုပြီး ယတြာလာ လုပ်ခိုင်းတဲ့ မိန်းကလေးလေ။ ဆရာ ကြည့်လိုက်ရင် မှတ်မိမှာပါ။ အဲဒီတော့ ဆရာရယ် ကျွန်မ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ သူယောကျားနဲ့ ဖြစ်နေတယ်ဆိုတဲ့ တစ်ယောက်ဆိုတာ တခြားလူ မဟုတ်ဘူး၊ ကျွန်မပဲဟု ပြောလေ၏။ ထို့နောက် သူမသည် ကျွန်ုပ်အား ခပ်တင်းတင်း ကြည့်လိုက်ပြီး သူမ၏ နှုတ်ခမ်းကို မသိမသာ မဲ့လိုက်ပြီးလျှင်.....

နေပါဦး ဆရာ။ မသိလို့ မေးပါရစေ...။ အဲ့လိုတွေ ယတြာ လုပ်ပေးနေတဲ့ ဆရာကရော တဖက်မိန်းကလေး အပေါ် ဘယ်လောက်နားလည်နေလို့လဲ........  မဝေဆိုတဲ့ ကျွန်မကရော အိမ်ထောင်ရှိမှန်း သိရက်နဲ့  သူများ အိမ်ထောင်ရေးကို ဖျက်လိုဖျက်ဆီး လုပ်မယ်ဆိုတဲ့ စိတ်နဲ့ ဘယ်မိန်းကလေးကမှ စ-မတွဲခဲဘူး........မသိလို့ ကျူးလွန်မိတယ်......... တွဲမိတယ်.... တွဲရာကနေ ချစ်မိသွားတဲ့ မိန်းကလေးကရော အပြစ်ရှိသလားဆရာ။

သူများပြောတိုင်း ယတြာ လုပ်ပေးနေရအောင်ရော ယတြာလုပ်ပေးလိုက်တဲ့ ကောင်မလေး အကြောင်း ကိုရော ဆရာက ဘယ်လောက်များ သိနေလို့လဲ။ ကျွန်မ ဘက်ကရော မနစ်နာဘူး ထင်ထားတာလား.....

သူက ကလေးရှိလို့ ပိုနစ်နာနေတာလား...... ကျွန်မတို့ သုံးယောက်အကြောင်းကိုရော ဘယ်လောပ်သိနေလို့ ယတြာ လုပ်ပေး လိုက်ရတာလဲ......
ကျွန်မဘက်ကိုရော နဲနဲမှ သားသမီးချင်း ညီမ အစ်မလိုရော ကိုယ်ချင်းစာစိတ်မရှိဘူးလား....... တဖက် မိန်းကလေးဖြစ်တဲ့  ကျွန်မကိုကြတော့ ဆရာက ကိုယ်ချင်းစာစိတ် နည်းနည်းလေးတောင် မရှိပဲနဲ့  ယတြာတောင် လုပ်ပေးနေသေးတယ်.. ဘယ်မှာလဲ ဆရာ့မှာ နှမသားချင်း စာနာစိတ်ဆိုတာ၊ သနားအောင်ပြောလို့ လုပ်ပေးကြေးဆို ကျွန်မလဲ သနားအောင် ပြောပြရမှာလား.........

ကိုထွန်းလင်းအပေါ်မှာ ညီမဘယ်လောက် ချစ်တယ်ဆိုတာ ဘယ်လိုပြောပြရမှာလဲ၊ ဘယ်လောက်ရော အနစ်နာခံတယ်ဆိုတာရော ပြောပြရမှာလား သေလောက်အောင် ချစ်မနေပဲနဲ့ တော့ အိမ်ထောင်ရှိတယ် စသိကတည်းက လမ်းခွဲလိုက်မှာပေါ့ ...မဟုတ်ဘူးလား။

ညီမမှာရော ဘယ်လို အခက်အခဲတွေရှိလဲ သိထားလား၊ ဘယ်အရာကိုမှ သေချာမသိဘဲနဲ့  သနားအောင် ပြောလိုက်တာနဲ့  တဖက်မိန်းကလေး ဘယ်လိုဖြစ်သွားဖြစ်သွား စာနာစိတ်မရှိ  ယတြာ လုပ်ပေးနိုင်တဲ့  ဆရာ့ကို လေးပဲလေးစားရမလား ၊ ဘယ်လို နားလည်ပေးရမလဲ မသိတော့အောင်ကို အရမ်း စိတ်ပျက်တယ်၊ မနွယ်အကြောင်းလဲမသိ ကိုထွန်းလင်း အကြောင်းလဲမသိ ကျွန်မ အကြောင်းလဲမသိ  သနားအောင်ပြောလို့ ယတြာ လုပ်ပေးကြေးဆို ကျွန်မလည်း သနားအောင်တော့ ပြောပြတတ်ပါတယ်..........

မဝေဆိုတဲ့ မိန်းကလေးကပဲ အကျပ်ကိုင်ပြီး သူ့ယောက်ကျားကို အတင်းဖမ်းထားတဲ့ ပုံပြောနေတာနဲ့ပဲ သနား လိုက်တယ်ပေါ့နော်.......... အကျပ်ကိုင်ထားလား မထားဘူးလား ကိုထွန်းလင်းဆိုတဲ့လူ အသိဆုံး သူတင်မကဘူး သူပေါင်းနေတဲ့ အပေါင်းအသင်းတွေအားလုံး ညီမကိုသိတယ်. သူနဲ့ ညီမနဲ့ ဘယ်သူ့ကို ဘယ်သူနိုင်တယ်..........ဘယ်သူက ဘယ်လောက် အလျော့ပေးထားတယ်ဆိုတာ လူတိုင်းသိတယ်........
လူတိုင်း သူ့အပေါ် ညီမဘယ်လောပ် ချစ်တယ်ဆိုတာ အကုန်သိကြတယ်....

ယတြာ လုပ်ပေးလိုက်တာကိုလဲ ခုမှ သိလို့ အခုမှ အကြောင်းပြန်ပြောနေရတာပါ .........လုပ်ပေးပြီးတာက လုပ်ပေးပြီးသွားပီ။ ဒီကိစ္စကို ဘယ်လိုပြန်လုပ်ပေးမှာလဲ.......... နောက်ဆိုလဲ သတိထားပြီး လုပ်ပေးပေါ့............

ဘုရားရှင်တောင် ဟောထားပါတယ်.........သည်းခံခြင်းသည် အောင်နိုင်ရာ၏တဲ့ .........
မနွယ်က ကိုထွန်းလင်းအပေါ်မှာ သူပြောသလိုပဲလို့ ထင်ထားတာလား ဆရာက........
အဲဒီ မိန်းမ မနွယ်ကရော ဘာအမှားမှ မကျူးလွန်ထားဘူးတဲ့ လား........
အိမ်ထောင်ကျပီးမှ တခြားယောက်ကျား တယောက်နဲ့ သွားအိပ်ရဲ့ တဲ့  မိန်းမရဲ့ စကားကိုယုံပြီး ယတြာလုပ်ပေးနေတဲ့ ဆရာ့ကို ယုံကြည်နေတဲ့ လူတွေအတွက် စိတ်မကောင်းဘူး.........

လူတွေပြောတိုင်းယုံနေတဲ့ ဆရာ့ကိုမှ သူတို့ကိစ္စတွေ တိုင်ပင်နေတာကို တကယ်စိတ်မကောင်းဘူး.........
နောက် လူတယောက်ရဲ့ အကြောင်းကို သေချာမသိပဲနဲ့  သနားအောင်ပြောတိုင်း ယတြာ လုပ်ပေးမနေပါနဲ့ ဆရာ .......

တကယ်ကို လှိုက်လှိုက်လှဲလှဲနဲ့ တောင်းပန်နေတာပါ.. မဝေဆိုတဲ့ ကျွန်မ ဘက်ကိုလဲ တချက်လောက် သနားပေးပါဦး၊ ဆရာ လုပ်ထားတဲ့ ယတြာကိုလဲ ပြန်ကြေအောင်လုပ်ပေးပါလို့ ကျွန်မ တောင်းဆိုချင်ပါတယ်။ ဒါမှလဲ ဆရာလည်း ညီမကို သနားရာရောက်မှာလေ.......... ညီမဘက်ကိုလဲ စာနာပေးပါ။ ဒါပါပဲ ကျွန်မ သွားလိုက်ပါဦးမယ်ဟု ဆိုကာ ကျွန်ုပ်အခန်းမှ ရုတ်တရက် ထပြန်သွားလေတော့၏။

ကျွန်ုပ်လည်း ထိုကဲ့သို့ ရုတ်တရက် ပြောချင်ရာပြော ဆိုချင်ရာဆိုကာ ထပြန်သွားသော ထိုမိန်းကလေး၏ ကျောပြင်ကို ငေးပြီး ငုတ်တုတ်ကြီး ထိုင်ကာ ကျန်နေခဲ့လေ၏။ မည်သည့် စကားတစ်ခွန်းမှ ပြောခွင့်မပေးပဲ မိမိ ပြောချင်ရာ ပြောဆိုသွားသော ထိုမိန်းကလေးအား ကျွန်ုပ်သည် စိတ်ဆိုးရမည်လား၊ မကျေမနပ် ဖြစ်ရမည်လား၊ သနားပဲ သနားရမည်လား မတွေးတတ်အောင်ပင် ဖြစ်နေတော့၏။ ထိုအချိန်တွင် ကျွန်ုပ်၏ အခန်းတွင် ဗေဒင်မေးရန်နှင့် ယတြာချေရန် ရောက်ရှိနေကြသော လူများထံမှ အသံများ ထွက်ပေါ်လာလေတော့၏။

တစ်ချို့မှ အောက်ပါအတိုင်း ပြောဆိုကြကုန်၏။ ဟင်း.... ဒီမိန်းကလေးနှယ် သူကလည်း သူများ ယောက်ျားကို သွားကြိုက်သေးတယ်။ ပြီးတော့ ဟိုယောက်ျားက သူ့မိန်းမနဲ့ သူ ပြန်အစဉ်ပြေသွားလို့ သူ့ဆီ မလာတော့တာလေ။ သူ့အနေနဲ့ အစောကြီးကတည်းက ဒီလို အိမ်ထောင်ရှိရက်နဲ့ ကိုယ့်ကို လာကြိုက်ပြီ ဆိုကတည်းက ကိုယ့်ကို မရှိသုံးသုံးတာ တခနသုံးတာဆိုတာ မသိလေရော့သလား။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူမှာ အိမ်ထောင်ရှိပြီ ဆိုကတည်းက ကိုယ့်အသိစိတ်နဲ့ကိုယ် ဆင်ခြင်လိုက်သင့်တာ။ သူ မဆင်ခြင်လို့  လက်ရှိ မယားကြီးက ဗေဒင်ဆရာဆီကို ယတြာ လာချေရတာပေါ့။ 

ပြီးတော့ အဲဒီ ယောက်ျားလေးကလည်း ဘာ ကောင်းလို့လဲ။ ကိုယ့်မှာ အိမ်ထောင်ရှိတာကို ဒီမိန်းကလေးကို ကြိုတင် အသိမပေးဘူး ဆိုကတည်းက ကိုယ့်အပေါ် မရိုးသားတာပဲ ။ လိမ်ညာတာပဲ။ အဲဒါလို ကိုယ့်အပေါ် ပေါ်တင်ကြီး လိမ်ညာတဲ့ ယောကျားလေးကိုများ သူမို့လို့ အချစ်သူရဲကောင်း လာလုပ်နေသေးတယ်။ သူ့နေရာမှာ ငါသာဆို ဟွန်း မပြောချင်ဘူး။ ဒီမိန်းကလေးနှယ် ကြိုက်စရာ ယောကျားရှားလို့။ ပြောကို မပြောချင်တော့ဘူးဟု မဲ့ကာ ရွဲ့ကာ ပြောလေ၏။

ထိုအခါ ကျွန်ုပ်က အော်.... အဒေါ်ရယ် ... အဲဒီလိုကြီးတော့ မပြောပါနဲ့ဗျာ။ သူ့ခမျာလဲ ရင်ထဲမှာ တော်တော်လေး ပူပန်နေရှာလို့ ဖြစ်မှာပါ။ တော်တော်လည်း မခံချိမခံ သာ ဖြစ်နေလို့ ပြောရှာတာဖြစ်မှာပါ။ သူ့စကားထဲမှာလဲ ပါတာပဲလေ။ သူက အရမ်းချစ်သွားမိလို့လို့ သူကိုယ်တိုင် ၀န်ခံသွားရှာပြီးပဲ။ ဘာပဲဖြစ်ဖြစ် သူလဲ သူ့ကံနဲ့ သူပေါ့ အဒေါ်ရယ် မဟုတ်ဘူးလား။ အပြစ် မတင်ပါနဲ့။ ခမျာလေးမှာ အပြစ်မရှိရှာပါဘူး။ တကယ် အပြစ်တင်ချင်ရင်တော့ ကိုယ့်ကိုကို လူပျိုလိုလို ဘာလိုလိုနဲ့ လိမ်ညာပြီး မိန်းကလေးတစ်ယောက်ရဲ့ အချစ်ကို လိမ်ညာ ရယူတဲ့ ဟို ယောက်ျားလေးကို အပြစ်တင်ရမှာ မဟုတ်လားဟု ကျွန်ုပ်က ပြောလိုက်လေရာ ကျွန်ုပ်အခန်းမှ အခြားတစ်ယောက်မှ....

အမလေးလေး ကျွန်မတို့က ဆရာ့ကို ဒီမိန်းကလေး ပြောသွားတာ နာလို့ ပြောနေရတာ ဆရာရေ...။ ဆရာလည်း နောက်နောင်ကို အဲဒီလို အိမ်ထောင်ရေး ကိစ္စတွေမျာ ၀င်ပြီး သူရဲကောင်း မလုပ်နဲ့လေ။ ကျန်တဲ့ကိစ္စတွေမှာ ယတြာလုပ်ပေး။ ဒီလို အိမ်ထောင်ရေး ယတြာတွေ ချေပေးမနေနဲ့ ။ ကိုယ်က မေတ္တာနဲ့ အခမဲ့ ယတြာလည်း ချေပေးရသေးတယ်။ အခုလို အပြစ်တင်တာလဲ ဘလိုင်းကြီး ခံလိုက်ရသေးတယ်ဆိုတော့ ဆရာဟာကလည်း မမြတ်မယ့် အပြင် အရှုံးပေါ် အရှုံးဆင့်နေပြီလေ။ ဒါကြောင့် နောက်ကို မည်သည့်အခါမှ အိမ်ထောင်ရေးကိစ္စများ ယတြာ ချေမပေးပါလို့ ဆိုင်းဘုတ်ရေး တင်ထားလိုက်ပေတော့ဟု ကြားဖြတ် ပြောလေ၏။ထိုအခါ အခြားတစ်ယောက်မှ

ဟုတ်သားပဲ။ ဆရာကလည်း ဒီမိန်းကလေးခမျာ သနားစရာ ကောင်းပါတယ်။ သူ့ခများ ဟိုတစ်ဖက် ယောကျားလေးရဲ့ လိမ်ညာတာကိုလဲ ခံလိုက်ရသေး။ ပြီးတော့ ဆရာ ယတြာလုပ်ပေးလိုက်လို့ ဟို ယောကျားလေးကလည်း သူ့ဆီကို မလာတော့ဘူးဆိုတော့ အင်း သူ ပြောမယ် ဆိုရင်လဲ ပြောသင့်ပါတယ်။ ဆရာက နှမချင်း သမီးချင်း ညီမချင်း ကိုယ်ချင်းမစာ ဘာလို့ ကွဲအောင် ယတြာချေပေး လိုက်ရတာလဲဟု အပြစ်တင်သော လေသံဖြင့် ပြောလေ၏။ ထိုအခါ အခြားတစ်ယောက်မှ

ထိုအခါ အခြားတစ်ယောက်က အော် အဒေါ်ရယ် ဗေဒင်ဆရာပါဆိုနေမှ အိမ်ထောင်ရေး ကိစ္စတွေ ယတြာချေမပေးဘူးလို့ ပြောလို့ ရမလား။ ကိုယ့်ဆီကို လာပြီး အကူအညီ တောင်းရင်တော့ လုပ်ပေးရမှာပေါ့။ ဒါပေမယ့် ဆရာ့အနေနဲ့ တစ်ခုတော့ သတိထားရမှာပေါ့။ အိမ်ထောင်ရေးကိစ္စတွေ ယတြာချေပေးတဲ့နေရာမှာ အကြီးနဲ့ အငယ်နဲ့ ယှဉ်လာရင် အကြီးဘက်ကပဲ ရပ်တည်ပေးသင့်တာပေါ့။ အငယ်ဘက်ကနေပြီး ယတြာလုပ်ပေးမယ်ဆိုရင်တော့ ဆရာကောင်းတစ်ဦး ဘယ်ဖြစ်တော့မလဲ။ သူများ မိသားစုကို ဆရာကိုယ်တိုင် ဖျက်စီးပစ်သလို ဖြစ်နေတာပေါ့ မဟုတ်ဘူးလားဟု ၀င်ပြောလေရာ ကျွန်ုပ်က ဟုတ်ကဲ့ပါ ကျွန်တော်လဲ တစ်ခါမှ မယားငယ်ဘက်က ရပ်တည်ပြီး ယတြာချေမပေးဘူးပါဘူး။ အဲဒီလိုလဲ မလုပ်ကောင်းဘူးလို့ အဘမင်းသိင်္ခလဲ သွန်သင်ဆုံးမခဲ့ပါတယ်ဟု ပြန်ပြောလိုက်လေ၏။

ထိုအချိန်တွင် ယတြာချေရန် စောင့်ဆိုင်းနေသော မိန်းကလေးမှ ကဲပါ ဆရာတို့ စကားပြောနေမယ်ဆိုရင် ပြီးတော့ ဆက်ပြောပေါ့။ အခု ကျွန်မက ညဂိုင်းအလုပ်ကနေ ထွက်လာခဲ့တာနော်။ တစ်ညလုံး မအိပ်ရသေးဘူးနော်။ ဒီက ပြန်မှ အိပ်ရမှာ။ ကျွန်မကို အရင် ယတြာချေပေးပေတော့ဟု လှမ်းပြောလိုက်လေတော့၏။ ထိုအခါ အခြား အမျိုးသမီးတစ်ဦးက ညည်းကရော ဘာကိစ္စ ယတြာ လာချေတာလဲဟု သူမနှင့် မဆီမဆိုင် လှမ်း၍ စပ်စုလေ၏။ ထိုအခါ ယတြာချေမည့် အမျိုးသမီးက ကျွန်မလား အိမ်ထောင်ရေး အဆင်မပြေလို့ ယတြာလာချေတာ။ အော် အိမ်ထောင်ရေး ဆိုလို့ ပြောရဦးမယ်။ ကျွန်မက မယားကြီးစစ်စစ်ပါရှင်။ ကလေးတောင် သုံးယောက်ရှိပါတယ်။ အခု ကလေးသုံးယောက်ရမှ ကျွန်မယောကျား အဖိုးကြီးက နောက်တစ်ယောက်နဲ့ ဘာလိုလို ညာလိုလို သတင်းကြားလို့ ဘာလုပ်ရမှန်း မသိ ဖြစ်နေတာ။ အသိတစ်ယောက်က ဒီဆရာ အဲဒီလို သုံးပွင့်ဆိုင် ဇာတ်လမ်းတွေမှာ ဒီဆရာဆီမှာ ချစ်သူနှစ်ဦး မုန်းရစ်လေဦးဆိုတဲ့ ယတြာ ချေလို့ရတယ်လို့ ပြောလို့ ဆရာ့ဆီမှာ ကြိုတင်ပြီး ယတြာလာချေထားတာ တော်ရေ....ဟု ပြန်ပြောလေတော့၏။

ကျွန်ုပ်လည်း ယတြာချေပေးရမည့် သူများကို ယတြာချေပေးလိုက်၏။ ထို့နောက် ဗေဒင်ဟောပေးရမည့် သူများကို ဗေဒင်ဟောပေးလိုက်၏။ အားလုံးသောကိစ္စများ ပြီး၍ ကျွန်ုပ်အခန်းထဲတွင် ကျွန်ုပ်တစ်ယောက် တည်းသာ ကျန်နေတော့၏။ ထိုအချိန်တွင် ကျွန်ုပ်သည် အဖြစ်အပျက် အားလုံးကို အစအဆုံး ပြန်လည်တွေးတော နေမိ၏။ ကျွန်ုပ်၏ စိတ်ထဲမှလည်း အင်း.... ဒီလို ယတြာချေပေးလိုက်တာ ပျော်တဲ့လူကတော့ ပျော်သွားတယ်။ စိတ်ဆင်းရဲတဲ့ လူကလည်း စိတ်ဆင်းရဲ သွားတယ်တဲ့။ တစ်ချို့လူတွေကလည်း ငါ့ကို ကောင်းတယ်လို့ အားပေးကြတယ်။ တစ်ချို့ကြပြန်တော့ ငါ့ကို စာနာစိတ် ညှာတာစိတ် မရှိဘူးလို့ အပြစ်ပြောကြတယ်။ ဘာလို့ ငါ့ကို နားလည် မပေးကြတာလဲ မသိဘူး။ ငါ့ဟာ ဗေဒင် ဗေဒင်ဆရာ တစ်ဦး ဖြစ်တယ်။ ပြီးတော့ သူပြောသလို သနားလို့ လုပ်ပေးလိုက်တာလဲ မဟုတ်ဘူး။ ငါအလုပ်ကို ငါက ကောင်းကောင်းမွန်မွန် လုပ်ပေးလိုက်တာပဲ။ အင်း... စိတ်ညစ်စရာ ကောင်းလိုက်တာ။ နောက်ဆိုရင် အိမ်ထောင်ရေးယတြာတွေ လုပ်မပေးတော့ ရင် ကောင်းမလားပဲဟု ငြိမ်သက်တွေးတော့နေခိုက် မည်သည့် နေရာမှ လာသည်မသိသော အသံတစ်သံ ကို ကြားလိုက်ရလေတော့သတည်း။

ဒီမှာမိတ်ဆွေ......

လောကကြီးမှာ ငြင်းခုန်စရာ ရယ်လို့ ဘာမှမရှိဘူး...
လိုက်လျောညီညွတ်ဖို့ပဲ လိုတယ်...။
အမှန်နဲ့အမှားဆိုတာ (၂)ခု မဟုတ်ဘူး.....။
တစ်ခုတည်းသော အရာရဲ့ ဟိုဘက်ဒီဘက် မျက်နှာစာတွေ ဖြစ်တယ်။

အဲဒီလိုပဲ......

အကောင်းအဆိုး ၊ အမာအပျော့ ၊ အမြင့်အနိမ့် ၊ အလှအပနဲ့ အကျဉ်းတန်တဲ့ အရာရယ်လို့ (၂)ခုလုပ်ပြီး ပြောနေကြပေမယ့် တကယ်က (၂) ခု မဟုတ်ဘူး။ တစ်ခုတည်းရဲ့ အခြေအနေ မတူညီမှု့တွေ ဖြစ်တယ်။ အပူအအေးတိုင်းတဲ့ ပြဒါးတိုင်ကို တွေ့ဖူးတယ် မဟုတ်လား။ အပူတိုင်းတဲ့ ပြဒါးတိုင်က တစ်ခု၊ အအေးတိုင်းတဲ့ ပြဒါးတိုင် တစ်ခုဆိုပြီး (၂)ခု ဆောင်ထားရတာမျိုး မဟုတ်ဘူး။ ဒီပြဒါးတိုင် တစ်ခုတည်းကပဲ အပူကိုပြတယ်။ ဒီတစ်ခုတည်းကပဲ အအေးကို ပြတယ်။ ဘယ်မှာလဲ နှစ်ခု။

ဒါကြောင့်........

လှတယ်လို့ပြောတဲ့ လူကို အကျဉ်းတန်တဲ့ ဘက်က ငြင်းခုန်ရန် အကြောင်း မရှိပါဘူး။ မြင့်တယ်လို့ ပြောတဲ့လူကို နိမ့်တဲ့ဘက်က ခြင်းဖို့လဲ မရှိပါဘူး။ ဒီအရာတွေဟာ တကယ်ရှိတဲ့ အရာ မဟုတ်ဘူး။ နှိုင်းဆမှု့နဲ့ ပြောနေရတာ.....။

အဲဒီလိုပါပဲ....

သင့်ကို ဗေဒင်ပညာ သင်ပေးလိုက်တာဟာ
ငြင်းခုန်ဖို့ မဟုတ်ဘူး.....။
ကြိုက်တဲ့လူက ချီးမွမ်းလိမ့်မယ်....။
မကြိုက်တဲ့လူက ကဲ့ရဲ့လိမ့်မယ်....။
ချီးမွမ်းတဲ့လူရော ကဲ့၇ဲ့တဲ့လူရော....။
နှစ်ယောက်စလုံး မှားတယ်....။

သင်ကမူ......

အဲဒီအရာနှစ်ခုနဲ့ လွတ်အောင်နေပြီး
ဗေဒင်ပညာကို ပီပီသသ အသုံးချစမ်းပါ။
ဘာဖြစ်လို့ ငြင်းနေရမှာလဲ....။

(ဗေဒင်ဆရာတစ်ဦး ထားရှိသင့်တဲ့ စိတ်ထား သဘောထားကို အမြဲတမ်း ထားတတ်အောင် ဓမ္မဆိုသော အရာကို သွန်သင်ပြသ ပေးခဲ့သော ဆရာသခင် အဘမင်းသိင်္ခအား ရိုသေစွာ ကန်တော့လိုက်ပါသည်)