မြန်မာစာအုပ်ပေါင်း (၈၀၀၀)ကျော် ရှိပါတယ်။ အားလုံးကို မီဒီယာဖိုင်းမှာ အပ်ပလို တင်ပြီးပါပြီ။ အခု ၀က်ဆိုက်မှာ တင်ပေးနိုင်အောင် ကြိုးစားနေပါတယ်

ဝင်လာမဆဲ တသဲသဲ (ဘယ်တော့မှ လာဘ်မတိတ်စေသော နည်း)

တစ်ခုသောလတွင် ကျွန်ုပ်သည် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ခေတ္တခန အလည်အပတ် ပြန်သွားခဲ့၏။ ထိုသို့ ပြန်သွားသော အခိုက်အတန့်တွင် ကျွန်ုပ်၏ ဇာတိဖြစ်သော မြန်အောင်မြို့လေးကို ပြန်ရောက်ခဲ့လေ၏။ ဗန်ကောက်မှ ရန်ကုန်သို့ လေယာဉ်ဖြင့် သွား၍ ရန်ကုန်မှ မြန်အောင်သို့ ကနောင်မင်းသားကားဖြင့် လိုက်ပါခဲ့၏။ မြန်အောင်ကားဂိတ်သို့ ရောက်သောအခါတွင် ကျွန်ုပ်၏ သိဟောင်းကျွမ်းဟောင်းများဖြစ်သော ဆိုက်ကားသမား များမှ ကျွန်ုပ်အား ၀ိုင်းဝန်းကြိုဆိုကြလေ၏။ ထိုဆိုက်ကားသမားများထဲတွင် အသက်အရွယ်အားဖြင့် ၃၃နှစ်ခန့်ရှိသော ကိုမြင့်အေးဆိုသူ ဆိုက်ကားသမား၏ ဆိုက်ကားကိုငှား၍ မြန်အောင်မြို့နှင့် ၁၅-မိုင်ခန့် ဝေးသော ဇာတိရွာကလေး သို့ ပြန်လာခဲ့လေ၏။

ကျွန်ုပ်နှင့် ဆိုက္ကားသမား ကိုမြင့်အေးတို့သည် မြန်အောင်ကားဂိတ်တွင် လဘက်ရည်နှင့် မုန့်ဟင်းခါး တစ်ယောက်တစ်ပွဲစီ အစာပြေစားပြီး၍ ရွာဘက်သို့ စတင်ထွက်ခွါလာလေ၏။ လမ်းတွင် ကိုမြင့်အေးက ဆရာတို့ကတော့ နိုင်ငံခြားတွေ ဘာတွေရောက်ပြီး အဆင်ပြေနေပြီပေါ့။ တပည့်တို့ကတော့ ဆိုက်ကားသမား ဘ၀က လွတ်နိုင်မယ် မထင်တော့ပါဘူး။ လွန်ခဲ့တဲ့ လေးငါးနှစ်တုန်းကလည်း ဆိုက်ကားသမား အခုလည်း ဆိုက်ကားသမား ဘာမှ မယ်မယ်ရရ တိုးတက်တယ်ဆိုတာ မရှိဘူးဟု စိတ်ပျက်အားလျှော့သော လေသံဖြင့် ပြောလေ၏။

ကျွန်ုပ်လည်း ကိုမြင့်အေး၏ နေလောင်ထားသော မျက်နှာ နီကြောင်ကြောင်ဖြစ်နေသော ဆံပင် အသက်နှင့် မမျှအောင် ရင့်ချော်နေသော မျက်နှာ စိတ်ဓာတ်ကျနေသောကြောင့် ခပ်မွဲမွဲဖြစ်နေသော ၎င်း၏ မျက်လုံးကို လှမ်း၍ ကြည့်လိုက်ရင်း အော်... ကိုမြင့်အေးရယ် ကျုပ်တို့လည်း နိုင်ငံခြားကို ရောက်ပြီး အဆင်ပြေနေတယ်လို့ မထင်ပါနဲ့ဗျာ။ ခင်ဗျားနဲ့ ကျုပ်နဲ့ သိပ်ပြီး ကွာမယ် မထင်ပါဘူး။ လွန်ခဲ့တဲ လေးငါးနှစ်တုန်း ကလည်း ဆိုက်ကား ငှားစီးရတယ်။ အခုကြတော့လည်း ဆိုက်ကား ငှားစီးရတဲ့ ဘ၀က မလွတ်သေးပါဘူးဟု ကျွန်ုပ်က ပြန်ပြောလိုက်လေရာ ကိုမြင့်အေးက ဆရာသမားကလည်း နောက်နေပြန်ပြီဟု နှဖူးမှ ချွေးစများကို ညာဘက်လက်ဖမိုးဖြင့် သုပ်ရင်း ပြန်ပြောလေ၏။ ထိုအခါ ကျွန်ုပ်က...

မနောက်ပါဘူး ကိုမြင့်အေးရယ်။ တကယ်ပြောတာပါ။ ဒါပေမယ့် ခင်ဗျားအနေနဲ့ တစ်နှစ်ပြီးတစ်နှစ် တိုးတက်မလာဘူးဆိုရင်တော့ ကိုယ့်အခြေအနေကို ကိုယ်ပြန်ပြီး သုံးသတ်မိဖို့လိုလိမ့်မယ်။ ဘာကြောင့် မတိုးတက်တာလဲပေါ့။ ၀င်ငွေ မရှာနိုင်လို့လား။ အလုပ်မကောင်းလို့လား။ ငွေအသုံးကြမ်းလို့လား စသည်ဖြင့် လူမှာ တစ်ခု မဟုတ် တစ်ခုတော့ ချွတ်ယွင်းချက် အားနယ်ချက် တစ်ခုမဟုတ် တစ်ခုတော့ ခင်ဗျား တွေ့ရမှာပဲ။ အဲဒီတွေ့တာလေးကို ခင်ဗျား ပြင်ဆင်လိုက်မယ်ဆိုရင်တော့ ခင်ဗျား တစ်နေ့ပြီးတစ်နေ့ တစ်ရက်ပြီး တစ်ရက် အဆင်ပြေလာပါလိမ့်မယ်ဟု ပြောလိုက်လေ၏။ ထိုအခါ ကိုမြင့်အေးက...

ဘာကြောင့်လဲဆိုတာ ပြောရခက်ပါတယ် ဆရာရယ်။ အလုပ်ကတော့ နေ့တိုင်း လုပ်နေတာပါပဲ။ တစ်ရက်မှ မပျက်ပါဘူး။ မိုးရွာမရှောင် နေပူမရှောင်ကို လုပ်နေတာပါ။ နားတယ် အားတယ်ဆိုတဲ့ အချိန်တောင် မရှိပါဘူး။ ဒါပေမယ့် ရှေ့ဘုန်းရှေ့ကံက ပါမလာဘူး ထင်ပါတယ်။ ဆင်းရဲတဲ့ဘ၀က လွတ်တယ်လို့ကို မရှိဘူးဟု ပြန်ပြောလေ၏။ ထိုအခါ ကျွန်ုပ်က...

အလုပ်ပဲ လုပ်လုပ် ၊ စီးပွားရေးပဲ လုပ်လုပ်၊ ပညာပဲသင်သင် လူဆိုတာ စီမံကိန်းရှိရတယ်ဗျ။ ဒါမှ တိုးတက်တော့မပေါ့ဟု ပြန်ပြောလိုက်လေလျှင် ကိုမြင့်အေးက စီမံကိန်းဆိုတာ လုပ်ငန်းရှင်ကြီးတွေမှ လိုအပ်တာ မဟုတ်လား။ ကျွန်တော်တို့လို လက်လုပ်လက်စား သာမန်ဆင်းရဲသားတွေက စီမံကိန်းတွေ ဘာတွေ လိုအပ်လို့လား ဆရာသမားရယ်၊ တကယ်လို လိုအပ်တယ်ဆိုရင်လဲ ဘယ်လို စီမံကိန်းထားရမလဲဟု ပြန်မေးလေ၏။

လိုအပ်တာပေါ့ ကိုမြင့်အေးရဲ့။ ဘယ်သူပဲ ဖြစ်ဖြစ်၊ ဆင်းရဲသားပဲ ဖြစ်ဖြစ်၊ သူဌေးပဲ ဖြစ်ဖြစ် ၊ ပညာသင်နေတဲ့ ကျောင်းသားပဲဖြစ်ဖြစ် ၊ အရောင်းအ၀ယ်သမားပဲ ဖြစ်ဖြစ် အားလုံးဟာ စီမံကိန်းရှိရမှာပေါ့။ စီမံကိန်း မရှိရင် တက်မရှိတဲ့ လှေလို သွားချင်ရာသွား ။ ရောက်ချင်ရာ ရောက်ကုန်မှာပေါ။ ဒါကြောင့် စီမံကိန်းဆိုတာ ဘ၀အတွက် မရှိမဖြစ်တဲ့ လိုအပ်ချက် တစ်ခုပဲ။ အောက်ခြေ လူတန်းစားတော်တော်များများနဲ့ ပညာမတတ်ကြတဲ့ လူတန်းစား တော်တော်များများဟာ ကျွန်တော်အပ်အ၀င်ပေါ့ဗျာ။ ဘ၀ကို ပြီးစလွယ် ဖြတ်သန်းနေကြတယ်။ ဦးတည်ချက် ပျောက်နေကြတယ်ဗျ။ ရည်ရွယ်ချက် ကင်းမဲ့နေကြတယ်။ ရှာမယ် ၊ စားမယ် ၊ သုံးမယ်။ ကုန်ရင် ထပ်ရှာမယ်။ ပြီးရင် ပြန်သုံးပစ်လိုက်မယ် ။ ဒီလိုနဲ့ပဲ အချိန်တွေ တော်တော်များများကို ကုန်ဆုံးပစ်နေကြတယ်ဟု ကျွန်ုပ်က ပြောလိုက်လေ၏။ ထိုအခါ ကိုမြင့်အေးက ဒါဆိုရင် ကျွန်တော်က ဘယ်လို စီမံကိန်းထားရမလဲဟု ပြန်မေးလိုက်လျှင် ကျွန်ုပ်က...

စီမံကိန်းဆိုတဲ့ နေရာမှာ အဓိက ဦးစားပေးစဉ်းစားရမှာက နံပါတ်(၁) ခင်ဗျား မဖြစ်မနေ စဉ်းစားရမှာက ခင်ဗျားရဲ့ လုပ်နိုင်စွမ်းရည်ပဲ။ ခင်ဗျားက နိုင်ငံတော် သမ္မတကြီး တစ်ယောက်လောက်တော့ လုပ်နိုင်စွမ်း မရှိနိုင်ဘူး။ ဒါပေမယ့် ခင်ဗျားလည်း ခင်ဗျားလောက်တော့ လုပ်နိုင်တဲ့ စွမ်းရည်ရှိတယ်။ အဲဒါဟာ ဘယ်လောက် အတိုင်းအတာရှိလဲ ဆိုတာကို ကိုယ်ကိုယ်တိုင် ကောင်းကောင်း သိရမယ်။

နံပါတ်(၂)ကတော့ နောက်ကနေ ပံပိုးမှု့ပေါ။ အင်္ဂလိပ်လို ပြောရရင်တော့ ဘက်ဂရာင်းပေါ့။ နောက်ခံပေါ့ဗျာ။ ခင်ဗျား လုပ်ချင်တာတွေကို နောက်ကနေ ပံ့ပိုးပေးနိုင်တဲ့ အခြေအနေတွေ အပေါင်းအသင်းတွေ ၊ အင်အားတွေကို ထည့်ပြီး စဉ်းစားရမယ်ဗျ။ အဲဒါတွေ မရှိဘူးဆိုရင်တော့ ကိုယ့်အားကိုယ်ကိုးရမှာပေါ့ဗျာ။

နံပါတ်(၃)ကတော့ အချိန်ပေါ့ဗျာ။ ဘယ်အချိန် ဘယ်ကာလ အတွင်းမှာပေါ့။ ဘ၀အောင်မြင်ေ၇းအတွက် အချိန်ကာလဆိုတဲ့ လစ်မစ်ရှိရမယ်ဗျ။ လစ်မစ်မရှိလို့ကတော့ အချိန်တွေသာ ကုန်သွားမယ်။ ဘာမှ ထူးထူးခြားခြား အောင်မြင်လာမှာ မဟုတ်ဘူး။ ဒါကြောင့် ခင်ဗျားက ဘယ်နှစ်နှစ်အတွင်းမှာ ဘာဖြစ်ရမယ်ဆိုတာ ကိုလည်း ခင်ဗျား ခေါင်းထဲမှာ ထည့်ထားရမယ်။

နံပါတ်(၄)ကတော့ စည်းရုံးနိုင်တဲ့ စွမ်းရည် ဦးဆောင်နိုင်တဲ့ အရည်အချင်းရှိရမယ်။ ဥပမာ ဆိုကြပါစို့။ ခင်ဗျားမှာ မိသားစု(၅)ယောက်ရှိတယ် ဆိုကြပါစို့။ အဲဒီ မိသားစု ငါးယောက်မှာ ကိုယ်တစ်ယောက်ကပဲ ကြီးပွားချမ်းသာ ချင်နေလို့လည်း မဖြစ်ဘူး။ မိသားစုဝင် အားလုံးကိုလည်း ကြီးပွားချမ်းသာချင်တဲ့ စိတ်တွေ ၀င်လာအောင် တိုးတက်ရာ တိုးတက်ကြောင်း အကြံအစည်ကောင်းတွေကိုလည်း ကိုယ်ကိုတိုင် ပေးနိုင်ရမယ်။ အားလုံးတက်ညီ လက်ညီ ရှိရမယ်။ တာဝန်ယူနိုင်တဲ့ စိတ်တွေ ၀င်လာအောင် အပြုသဘောဆောင်တဲ့ အနေနဲ့ ပြောဆို စည်းရုံးနိုင်ရမယ်။ ဒါမှ လိုရာ ခရီးကို ရောက်မယ်။ ကိုယ်တစ်ယောက်တည်း ရှေ့ကနေ ကြိုးစားနေလို့ကတော့ မြန်မာ စကားပုံလိုပဲ။ အိပ်ပေါက်နဲ့ ဖားကောက်ဆိုသလိုပဲ ။ေ၇ှ့ကနေ ကြိုက်သလောက် ရှာ။ နောက်ကနေ အလိုလို ကုန်နေမှာပဲဟု ကျွန်ုပ်က ပြောလိုက်လေ၏။

နံပါတိ(၅)ကတော့ မမျှော်လင့်တဲ့ ကိစ္စတွေအတွက်လည်း ကြိုတင် ပြင်ဆင်ထားနိုင်ရမယ်ဗျ။ ဥပမာဗျာ။ မပြောကောင်း ပြောကောင်း ခင်ဗျား ဆိုက်ကားနင်းနေရင်းနဲ့ ကားတစ်စီးက ၀င်ပွတ်မိသွားတယ် ဆိုကြပါစို။ ခင်ဗျား ခြေထောက်ကြီး နာသွားတယ်ဗျာ။ ဆိုက်ကား မနင်းနိုင်တော့ဘူး။ တစ်လလောက် နားလိုက်ရမယ် ဆိုကြပါစို့။ ခင်ဗျား ဘာလုပ်မလဲ။ ဒါမှမဟုတ် ခင်ဗျား သားအကြီးကောင် ရန်ဖြစ်ပြီး အချုပ်ထဲ ရောက်သွားမယ် ဆိုကြပါစို့။ ခင်ဗျား ဘာလုပ်မလဲ။ အဲဒါ ဥပမာပြောတာနော်။ သဘာဝ ဘေးအန္တရယ်တွေပဲ ဖြစ်ဖြစ် ၊ ဒါမှမဟုတ် မမျှော်လင့်တဲ့ အခက်အခဲတွေ ပဲဖြစ်ဖြစ် ကြုံလာမယ်ဆိုရင် ဘယ်လို လုပ်သင့်သလဲ စတဲ့ ကိစ္စတွေကိုလည်း ခင်ဗျားအနေနဲ့ ကြိုတင် စဉ်းစား ပြင်ဆင်ထားသင့်တယ်ဗျ။

နောက်တစ်ခုက တကယ်ပဲ ကြီးပွားချမ်းသာ အောင်မြင်ချင်တယ်ဆိုရင် ကိုယ့်ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံထက် မနည်းတဲ့ ၀င်ငွေကို ကိုယ့်မိသားစု ရှေ့ရေးအတွက် ကြိုတင်တွက်ဆပြီး စုဆောင်းနိုင်ရမယ်။

နောက်တစ်ခုက ပိုက်ဆံတွေ စုမိဆောင်းမိဖြစ်လာပြီး။ များလာပြီဆိုရင်လည်း ဒီအတိုင်း မထားရဘူး။ သူ့ကို တိုးပွားလာအောင် ခိုင်းစေနိုင်ရမယ်။ နွားအုပ်တွေလိုပဲ တဖြေးဖြေး တိုးပွားလာအောင် မွေးမြူရမယ်။ စသည်ဖြင့် ကျွန်ုပ်က စကားများကို ဆက်လက် ပြောဆိုလေရာ ကိုမြင့်အေးက ဆရာတို့အိမ်ရောက်ရင် ဒီအကြောင်းတွေကို မမေ့အောင် စာရွက်တစ်ရွက်နဲ့ ပြန်ပြီး ကူးရေးသွားရမယ်။ အဲဒါကို ကျွန်တော့် အိပ်တဲ့ ခေါင်းရင်း ထရံမှာ ကပ်ပြီး နေ့တိုင်း ဖတ်ပေးရမယ်ဟု ပြန်ပြောလေ၏။ ထိုအခါ ကျွန်ုပ်က အဲဒီအတွက်တော့ မင်းအနေနဲ့ စာရွက်နဲ့ ပြန်မကူးပါနဲ့ကွာ။ ပင်ပန်းပါတယ်။ ငါပြောတာတွေ အားလုံးပါတဲ့ စာအုပ်တစ်အုပ် မင်းကို ငါ အပြီးအပိုင် လက်ဆောင်ပေးလိုက်ပါမယ်။ အဲဒီ စာအုပ်အတိုင်းသာ ဖတ်ပြီး လက်တွေ့လိုက်နာပြီး အလုပ်ကြိုးစားမယ်ဆိုရင် မင်းသေချာပေါက် ကြီးပွားချမ်းသာ လာပါလိမ့်မယ်ဟု ပြောလိုက်လေ၏။

ဤသို့နှင့်ပင် ကိုမြင့်အေးနှင့် ကျွန်ုပ်တို့သည် စကားတပြောပြောနှင့် ခရီးနှင်လာကြရာ တစ်နာရီခွဲခန့် အကြာတွင် ကျွန်ုပ်တို့ ကျေးရွာသို့ ရောက်ရှိကြလေတော့၏။ အိမ်သို့ ရောက်သောအခိုက်တွင် အသက် (၇၀)ကျော် ပါးရည်နားရည်များ တွန့်နေပြီ ဖြစ်သော မိခင်နှင့် ဖခင်မှ ၀မ်းသာအားရ ကြိုဆို၏။ ကျွန်ုပ်လည်း နှစ်ပေါင်းများစွာ မတွေ့ရသော မိခင်နှင့် ဖခင်ဖြစ်သူအား ၀မ်းသာအားရ ထိုင်၍ ကန်တော့၏။ ညီအကို မောင်နှမများကိုလည်း ပျော်ရွှင်စွာ နှုတ်ဆက်ရ၏။ ထို့နောက် ခေတ္တကြာလျှင် ဆိုက်ကားသမား ကိုမြင့်အေးက ပြန်တော့မယ် ဆရာဟု နှုတ်ဆက်လေ၏။ ကျွန်ုပ်ကလည်း ကောင်းပါပြီဗျာဟု ပြန်ပြောလိုက်မိလေ၏။

ထိုအခါ ကိုအေးမြင့်က ဆရာကလည်း မေ့နေပြီလား။ ပေးမယ်ဆိုတာလေး ပေးဦးလေဟု ပြန်ပြောကာမှ ကျွန်ုပ်လည်း သတိရသွား သောကြောင့် ကျွန်ုပ်သွားလေရာ ဆောင်သွားလေ့ရှိသော စာရေးဆရာကြီး ဖေမြင့်၏ ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ် အမည်ရသော စာအုပ်ကို လက်ဆောင်ပေးလိုက်လေ၏။ ကျွန်ုပ်ပေး လိုက်သော ထိုစာအုပ်ကို တရိုတသေ လှမ်းယူပြီး မပြန်သေးဘဲ မတ်တတ်ရပ်နေသေး၏။ ထိုအခါ ကျွန်ုပ်က ခင်ဗျား ပြန်ချင်ရင် ပြန်တော့လေဟု ကိုမြင့်အေးက အားတော့နာပါတယ် ဆရာရယ်၊ အမြန်ကြီးပွားချမ်းသာ စေမယ့် ယတြာလေးလည်း ပေးပါဦးဟု ပြောလေသောကြောင့် ကျွန်ုပ်လည်း မွဲလွန်းသူများအတွက် အမြန် ကြီးပွားချမ်းသာစေသော အောက်ဖော်ပြပါ ယတြာကို ကိုမြင့်အေးအား ပေးလိုက်လေတော့သတည်း။


အမြင့်တစ်နေရာတွင် လင်ဗန်းတစ်ချပ် တင်ပါ။ (လင်ဗန်းက လေးဒေါင့်လင်ဗန်း ဖြစ်ရမည်။ မည်သည့် လင်ဗန်းမဆို ရပါသည်) လင်ဗန်းပေါ်တွင် ငွေရောင် (အတာအိုးဆိုပါကလဲရ၏) အိုးတစ်လုံး တင်ပါ။ ထိုငွေအိုးအတွင်း ငွေကျပ်တစ်ဆယ် ထည့်ပါ။ ငွေအိုးကို အဖုံးဖုံးပါ။ ငွေအိုး၏ တစ်ဘက်တစ်ချက်တွင် ကြွေပန်းကန်ပြားငယ် တစ်ဘက်တစ်ချပ် ထားပါ။ အုန်းယိုကို ပန်းကန်ပြား တစ်ချပ်တွင် ထည့်ပါ။ ဇီးယိုကို ပန်းကန်းပြား တစ်ချပ်တွင် ထည့်ပါ။ ထို့နောက် ငွေအိုးအဖုံးပေါ်တွင် ဖယောင်းတိုင် အဖြူကို ထွန်းပေးပါ။ စတင် ဆောင်ရွက်သောနေ့သည် တနင်္လာနေ့ နံနက် (၉၄၅) ဖြစ်ရမည်။ နောက်နေ့များတွင် အုန်းယိုနှင့်ဇီးယို ဖြည့်၊ ငွေတစ်ဆယ်ကို ငွေအိုးထဲတွင် ထည့်၊ အဖုံးပိတ်၊ အဖုံးပေါ်တွင် ဖယောင်းတိုင် အဖြူတစ်တိုင် ထွန်းပါ။ ထိုကဲ့သို့ နေ့စဉ် ဆောင်ရွက်ပါ။ စုဆောင်းထားသော ငွေများ များပြားလာပါက ရဟန်းသံဃာတော်များ၊ သူတော်စင်များ၊ စသော ပုဂ္ဂိုလ်တိုပ အား လှူဒါန်းနိုင်ပါသည်။

ထိုယတြာကို ကိုမြင့်အေးအားပေးလိုက်၏။ ကိုမြင့်အေးလည်း ကျွန်ုပ်ပေးလိုက်သော စာအုပ်နှင့် ယတြာကို ယူကာ လေကလေး တချွန်ချွန်နှင့် သူ၏ ဆိုက်ကားကို နင်းကာ ပြန်သွားလေတော့၏။

အချိန်ကာလများလည်း ကြာမြင့်ခဲ့ပြီ ဖြစ်လေ၏။ ယခုတစ်ခေါက် ကျွန်ုပ် မြန်မာပြည်သို့ ပြန်သွားသော အခိုက်အတန့်တွင် လွန်ခဲ့သော နှစ်များက ဆိုက်ကားနှင့် လာကြိုခဲ့သော ကိုမြင့်အေးသည် ဆိုင်ကယ်နှင့် ကြိုလင့်နေသည်၊ လန်ဒန်ဆေးလိပ်ကို ဟန်ပါပါ ခဲထားသည်ကို ကြည့်ခြင်းအားဖြင့် ကျွန်ုပ်ပေးလိုက်သော ကြီးပွားရေး လမ်းညွန်စာအုပ်နှင့် ကြီးပွားချမ်းသာစေသော ယတြာသည် သူ့အတွက် အတော်ကြီးဟုတ်နေသည် ဆိုသည်ကိုတော့ ကိုမြင့်အေး မပြောပဲ သိလိုက်မိ၏။ ကိုမြင့်အေး၏ စီးကရက်ကို ခဲရင်း ဟန်ပါပါ အပြုံးကို ယနေ့တိုင် မြင်ယောင်နေမိသေးလေတော့၏။

အားလုံး၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

0 comments :

Post a Comment

မရှင်းလင်း၍ မေးသည်များကို အီးမေးလ် ပေးပို့ပြီး မေးရင် ပိုပြီးထိရောက်စွာ ကူညီဖြေပေးပါမည်။ (sayaheintintzaw@gmail.com)

 

စာအုပ်များအမှတ်စဉ်(၁)အုပ်ရေ(၅၀၀)

စာအုပ်များ အမှတ်စဉ်(၃) အုပ်ရေ (၅၀၀)

စာအုပ်များအမှတ်စဉ် (၂) အုပ်ရေ (၅၀၀)