မြန်မာပြည် ပြန်ရောက်နေပါတယ်။ ရန်ကုန်မှာ ဗေဒင်ဟောခန်း ဖွင့်ဖို့ စီစဉ်နေပါတယ်။(09421167282)

မိနစ်ပိုင်းအတွင်း ပြဿနာပြေလည်အောင် ဖြေရှင်းနည်း

တစ်နေ့သ၌ ထိုင်းနိုင်ငံ မဟာချိုင်-နေ၀စ်ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းသို့ မရောက်တာ ကြာပြီဖြစ်သော လွန်စွာ အကြောက်ကြီးသော ဒေါ်သတ္တိဟူသော အဖွားကြီးတစ်ဦး ရောက်ရှိလာပြန်လေ၏။ ထိုအဖွားကြီးသည် စကားပြောလျှင် အသံကျယ်ကျယ်ဖြင့် အော်ကြီးဟစ်ကျယ် ပြောဆိုတတ်၏။ ယနေ့တွင် လည်း ထိုအဒေါ်ကြီးသည် ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းသို့ အော်ကြီးဟစ်ကျယ် နှုတ်ဆက်ပြီး ၀င်ရောက် လာလေတော့၏။

ဘယ်လိုလည်း ဗေဒင်ဆရာ နေကောင်းရဲ့လား။ အလုပ်အကိုင်တွေရော အဆင်ပြေရဲ့လား။ ကျန်းခန့်သာလို့ မာပါစ ဗေဒင်ဆရာ စသည်ဖြင့် အော်ဟစ်နှုတ်ဆက်၍ ၀င်ရောက်လာလေ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းတွင် ဗေဒင်မေးရန်ရောက်ရှိနေသော လူလေးငါးယောက်လည်း ရောက်ရှိနေချိန် ဖြစ်၏။ ဗေဒင်မေးရန် စောင့်ဆိုင်းနေသော ထိုလူများသည် အော်ကြီးဟစ်ကျယ်နှင့် အော်၍ ၀င်လာသော ဒေါ်သတ္တိကြီးကို ကြည့်၍ မသိမသာ နှာခေါင်းရွံကြလေ၏။ ထိုလူများကိုလည်း ဒေါ်သတ္တိကြီးက ဖုတ်လေသည့် ငါးပိ ရှိလေသည်မထင်သည့် ပုံစံဖြင့် လုံးဝဂရုမစိုက်ပဲ ၀င်ရောက်လာလေတော့၏။

ကျွန်ုပ်လည်း ဒေါ်သတ္တိကြီးအား ခပ်ရွံ့ရွံ့နှုတ်ဆက်လိုက်၏။ ကဲ.... အေးအေးဆေးဆေး ထိုင်ပါဦး ဒေါ်သတ္တိရဲ့။ အမောလေး အပန်းလေး ဖြေပါဦး။ ရေလေးဘာလေး သောက်ပါဦး၊ ခနတဖြုတ် နားပါဦးဟု လေပြေအေးလေးနှင့် နှုတ်ဆက်လိုက်၏။ ထိုအခါ ဒေါ်သတ္တိက မီးပြင်းပြင်း တောက်လောက်နေသော နေရာကို ရေစက်အနည်းငယ်နှင့် ပက်ဖြန်းလိုက်သကဲ့သို့ ပိုမို၍ပင် ဆိုးသွားကာ... အမလေး... ဘယ်လို ပြောလိုက်တာလဲ ဗေဒင်ဆရာ၊ အေးအေးဆေးဆေး နားပါဦးလို့ ပြောလိုက်သလား၊ အေးအေးဆေးဆေး နားနေနိုင်ရင် ဗေဒင်ဆရာဆီကို ရောက်လာပါ့ဦးမလား၊ အေးအေးလူလူ မနေနိုင်လို့ ဗေဒင်ဆရာဆီကို ရောက်လာခဲ့တာ။ အလကား အားအားယားယား လာနေတယ်လို့ ထင်လို့လားဟု ကျွန်ုပ်အား ရန်ပြန်တွေ့လေသောကြောင့် ကျွန်ုပ်လည်း ခေါင်းကိုအသာလေး ငုံ့လိုက်ရလေတော့၏။

ကဲ... ဘာပဲပြောပြော ထိုင်ပါဦးဗျာ။ ဒီမှာ လူလေးငါးယောက်လောက် ဗေဒင်တွက်ပေးလိုက်ဦးမယ်ဟု ပြောလိုက်လေလျှင် ဒေါ်သတ္တိကြီးက ဗေဒင်မေးရန် စောင့်ဆိုင်းနေသော လူလေးငါးယောက်ကို ခပ်ဆတ်ဆတ် ဝေ့ကြည့် လိုက်ပြီးလျှင် အော် .... မြန်မာလူမျိုးတွေ လူကြီးသူမကို ဦးစားပေးရမယ်ဆိုတာ နားမလည်ဘူးလား၊ အခု ဒီအထဲမှာ ငါက နင်တို့အားလုံးနဲ့ နှိုင်းယှဉ်လိုက်ရင် အသက်အကြီးဆုံးပဲ။ အသေအချာ တွက်ကြည့်လိုက်ရင် ငါက နင်တို့ရဲ့ အမေအရွယ်ပဲ။ ဒါကြောင့် ငါ့ကို ဦးစားပေးရမယ်။ ဒါမှ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှု့နဲ့ ကိုက်ညီမှာဟု ဘာမဆိုင်ညာမဆိုင် နိုင်ထက်စီးနင်း ပြောဆို၍ ကျွန်ုပ် ဗေဒင်ဟောပေးသော စာပွဲခုံရှေ့သို့ အတင်း ၀င်ရောက်ဝင်ထိုက်လိုက်ပြီးလျှင် ကျွန်ုပ်အား ကဲ... ပြောမယ်ဟု စကားစလေတော့၏။

ကျွန်ုပ်လည်း ဒေါ်သတ္တိမတိုင်ခင် ကြိုတင်ရောက်ရှိနေသော ဗေဒင်မေးမည့် လူများကို လွန်စွာအားနာသော မျက်လုံး အမူအယာဖြင့် လှမ်းကြည့်လိုက်မိလေလျှင် ထိုသူတို့မှလည်း ဒီအဒေါ်ကြီး မြန်မြန် ပြီး -ပြီးရောဟူသော သဘောဖြင့် လုပ်ပေးလိုက်ပါ ဆရာရယ်ဟု ပြန်ပြောလေသောကြောင့် ကျွန်ုပ်လည်း အင်မတန် မသိသား ဆိုးရွားလှသော ဒေါ်သတ္တိကြီးအား စိတ်မရှည်သော လေသံဖြင့် ကဲ... ပြော ကျွန်တော် ဘာတွက်ပေးရမလဲ ဟု စိတ်တိုသော လေသံဖြင့် ပြောလိုက်လေလျှင် ဒေါ်သတ္တိကြီးသည် စိတ်တိုနေသော ကျွန်ုပ်၏ အမူအယာကို ကြည့်လျှက် အင်မတန် သဘောကျသော အမူအယာဖြင့် တဟားဟား ရယ်မောလေတော့၏။ ကလေးတစ်ယောက်ပမာ ဟက်ဟက်ပက်ပက် ရယ်မောနေသော ဒေါ်သတ္တိကြီး၏ အမူအယာကို ကြည့်ရင်း သူမ၏ ပျော်ရွှင်နေသော ဓာတ်များသည် ကျွန်ုပ်ထံသို့ ကူးစက်လာပြီးလျှင် ကျွန်ုပ်လည်း ကျေကျေနပ်နပ် ဟက်ဟက်ပက်ပက် ရယ်မောလိုက်လေတော့၏။ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်မောနေသော ကျွန်ုပ်တို့နှစ်ဦး၏ အဖြစ်ကို တွေ့မြင်ကြသော ဗေဒင်မေးရန် စောင့်ဆိုင်းနေသော သူများသည်လည်း လိုက်၍ ရယ်မောကြလေတော့၏။ ထိုအခိုက်အတန့်တွင် ကျွန်ုပ်၏ ဗေဒင်ဟောခန်းလေး အတွင်း၍ တဒင်္ဂတခဏ ရယ်သံမောသံလေးများနှင့် စည်ပင်ဝေဆာ သွားလေတော့၏။

ကျွန်ုပ်လည်း ဒေါ်သတ္တိအား ဗေဒင်ဟောပေးမည်ဟု စိတ်ကူးလိုက်၍ တားရော့ကို ကိုင်လိုက်သည့် အချိန်တွင် ကျွန်ုပ်၏ အခန်းအတွင်းသို့ တတိယမြောက်ဧည့်သည် တစ်ယောက်သည် ကျွန်ုပ်အား အော်ကြီးဟစ်ကျယ် နှုတ်ဆက်၍ ၀င်ရောက်လာပြန်လေ၏။ ထိုသူသည် အသက်(၅၀)ခန့်ရှိသော အမျိုးသားတစ်ဦးပင် ဖြစ်၏။ ထိုသူသည်လည်း ကျွန်ုပ်တစ်ကြိမ်တစ်ခါက ဘလော့ပို့တင်ခဲ့ဘူးသော ဦးမိုးဟု အမည်ရသော အညာသား ဘုန်းကြီးလူထွက်ကြီးတစ်ဦး ဖြစ်၏။ ဘုန်းကြီးလူထွက်ဘ၀နှင့် အိမ်ထောင်ကျ ကလေးများရကာ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော သူတစ်ဦးပင်ဖြစ်၏။ ထိုသူသည်လည်း ဒေါ်သတ္တိကြီးနှင့် သူမသာကိုယ်မနာ ဆိုသကဲ့သို့ အော်ကြီးဟစ်ကျယ် စကားပြောဆိုတတ်၏။ စကားပြောလျှင် ပွင့်ပွင့်လင်းလင်း ဒဲတိုးကြီး ပြောဆိုတတ်၏။ သူသည်လည်း ယခု ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းသို့ ရောက်ရှိလာပြီးလျှင် ဒေါ်သတ္တိအပါအ၀င် ဗေဒင်မေးရန် စောင့်ဆိုင်းနေသော လူအများကို နည်းနည်းမှပင် အားနာမှု့မရှိပဲ ၀င်ရောက်လာပြီးလျှင် ကျွန်ုပ်အား အောက်ပါအတိုင်း ပြောဆိုလေတော့၏။

ဒီမှာ ဆရာလေးရေ...။ ကျုပ်က ဗေဒင်မေးဖို့ ၀င်လာတာ မဟုတ်ပါဘူး။ ဒီရပ်ကွက်ထဲကို ရောက်တာ လမ်းကြုံတာနဲ့ ကိုယ့်ဆရာ နေထိုင်ကောင်းရဲ့လား၊ အဆင်မှပြေရဲ့လားလို့ သတင်းမေးချင်တာက တကြောင်း နောက်တစ်ခုက ကိုယ့်ဆရာအကြောင်းကို အပြင်မှာ ပြောတာ ကြားနေရတာ လေးတွေလည်း ဖောက်သည်ချချင် တာကတကြောင်း အဲဒီ အကြောင်းနှစ်ခုနဲ့ ၀င်လာခဲ့တာပါဟု ကျွန်ုပ်အား ပြောလေ၏။ ထိုအခါ ကျွန်ုပ်က ဒေါ်သတ္တိကြီးအား ဗေဒင်ဟောဖို့ပင် မေ့သွားကာ ငါ့အကြောင်းကို လူတွေက ပြောနေကြတယ်။ ဘာတွေများ ပြောနေကြတာပါလိမ့်ဟု အတွေးဝင်ကာ လွန်စွာ စိတ်ဝင်စားစွာဖြင့် ဟာ... ဟုတ်လား ၊ ကျုပ်အကြောင်းကို ဘာတွေများ ပြောဆိုတာ ကြားခဲ့ရတာပါလိမ့်ဗျာ။ ပြောပြစမ်းပါဦးဟု ပြန်ပြောလိုက်လေလျှင်....ထိုလူကြီးက ...

ပြောရမှာကတော့ အချိန်မရလို့ လိုရင်းတိုရှင်းပဲ ပြောပြပါ့မယ်။ တစ်ခုက ကောင်းကြောင်း နောက်တစ်ခုက မကောင်းကြောင်းဟု ပြောလေ၏။ ထို့နောက် ၎င်းက ဆက်လက်၍ ဒီလိုပါ။ ဆရာလေးရယ်။ ကျုပ်က အလုပ်ကလည်း မယ်မယ်ရရ မရှိဆိုတော့ အချိန်တွေက အားနေတာနဲ့ အသိမိတ်ဆွေတွေဆီကို လျှောက်သွား လည်နေတာပေါ့။ အဲဒိလိုသွားရင် ဟိုတလောတုန်းက ကျုပ်အသိ အိမ်တစ်အိမ်ကို ရောက်ခဲ့တယ်။ အဲဒီ အိမ်ဘုရားခန်းမှာ ဆရာလေး ပေးထားတဲ့ အဆောင်တွေကို မှန်ဘောင်သွင်းပြီး ကျကျနန ချိတ်ဆွဲ ပူဇော် ဆောင်ထားတာ တွေ့ခဲ့ရတယ်။

ဆရာလေးဆီ လာတဲ့ဧည့်သည်တွေကို ပေးနေကျ ဘုရားပုံတော်တွေ ၊ အဆောင်ပုံတွေ၊ အင်းစမပုံတွေလေ။ အဲဒါကို မြင်တော့ ကျုပ်က မသိချင်ယောင်ဆောင်ပြီး ဒီအဆောင်တွေက ဘာတွေလဲလို့ မသိမသာ မေးလိုက်တာပေါ့။ အဲဒီမှာ ကျုပ်မိတ်ဆွေ လင်မယားနှစ်ယောက်က အမလေး ဆရာလေးရယ် ၊ ဆရာလေးကို ချီးမွမ်းခန်း ဖွင့်လိုက်ကြတာ။ အဲဒီဆရာလေးက ဘယ်လိုတော်ကြောင်း၊ ဘယ်လောက် ဗေဒင်မှန်ကြောင်း ၊ လူတွေအပေါ်မှာ ဘယ်လို စေတနာထားကြောင်း ယတြာချေပေးရင် အခမဲ့ မေတ္တာနဲ့ ဆောင်ရွက်ပေးတာ ဖြစ်ကြောင်း ပြောလိုက်ကြတာ။ ကျုပ်ဖြင့် ဆရာလေးရယ် ကိုယ့်ဆရာလေး ကောင်းတဲ့ အကြောင်းတွေကို ကြားလိုက်ရတာ ၀မ်းသာလွန်းလိုက်တာ။ အင်မတန်ကို အားရ၀မ်းသာ ဖြစ်မိသဗျာဟု ပြောလေ၏။

ကျွန်ုပ်လည်း မိမိ၏ ကောင်းကြောင်းကို ပြောဆိုနေသည်ကို ကြားရလေရာ ကောင်းတာကို ပြောသည်ကို ကျေနပ်လေ့ရှိသော အားရလေ့ရှိသော ပုထုဇဉ် လူအန္ဓတို့၏ သဘောအတိုင်း လွန်စွာကျေနပ် ပျော်ရွှင်တတ်သော သဘောရှိလေရာ ကျွန်ုပ်၏ စိတ်တွင်းမှ ကျေနပ်ပျော်ရွှင်ခြင်းကို ဖုံးဖိ၍ပင် မထားနိုင်သကဲ့သို့ ကျွန်ုပ်၏ မျက်နှာသည် ပြုံးဖြီးဖြီးကြီး ဖြစ်လျှက် လွန်စွာ သဘောကျ နေလေတော့၏။ ဗေဒင်မေးရန် စောင့်ဆိုင်းနေသော ဒေါ်သတ္တိကြီးသည်လည်း ကျွန်ုပ်၏ မျက်နှာအား သေသေချာချာ ကြည့်၍ အကဲခတ်နေလေတော့၏။

ထို့နောက် ဦးမိုးက ဆက်လက်၍ သိတ်လည်း ကျေနပ်မနေနဲ့ဦး ဆရာလေးရေ...။ ပြောပြရဦးမယ်။ နောက်တစ်အိမ်ကို ရောက်တော့ ကိုယ့်ဆရာကို အကြောင်းပြုပြီး လင်မယားနှစ်ယောက် စကားများ ငြင်းခုန်နေကြတာ။ မသိရင် ရန်ထဖြစ်တော့မယ့် အတိုင်းပဲ။ သူ့မိန်းမက ဆရာပေးလိုက်တဲ့ ဘုရားပုံတော်တွေ အဆောင်ပုံတွေ၊ အင်းစမတွေကို သေသေချာချာ ကျကျနန ဘုရားခန်းမှာ ကပ်မယ်လည်းလုပ်ရော သူ့ယောက်ျားက လုံးဝ ကန့်ကွက်တော့တာပဲဗျို့။ အဲဒီသူ့ယောက်ျားက ကျုပ်ရှေ့မှာတောင် မရှောင်ဘူးဗျာ။ သူ့မိန်းမကို ပြောဆိုနေတာများ။ သူပြောတဲ့အတိုင်း ဆရာ့ကို ပြန်ပြောရဦးမယ်။ သူ့မိန်းမကို သူက ဘယ်လိုပြောလဲ ဆိုတော့..

ဒီမှာ မအေး ။ မင်း ဘာပုံတွေ ဘယ်ကနေ ယူလာပြန်ပြီလဲ။ မင်းကို ကြည့်လိုက်ရင် အားအားရှိ ဒီဗေဒင်ပဲ သွားမေးနေတာ။ ငါက ဗေဒင်တွေ ဘာတွေ သိတ်အယုံအကြည်ရှိတာ မဟုတ်ဘူး။ ငါ မပြောလိုက်ချင်ဘူး။ မင်းတို့ ဗုဒ္ဓဘာသာ မဟုတ်ဘူးလား ၊ ဘာသာရေးကို တကယ် သက်ဝင် ယုံကြည်တယ်ဆိုရင် ဟိုဟာကောင်းနိုး ဒီဟာကောင်းနိုး မလုပ်စမ်းပါနဲ့ မအေးရာ။ ဘုရားဟောတဲ့ တရားတော်အတိုင်း လိုက်နာကျင့်သုံးတာ အကောင်းဆုံးပဲ။ မင်းတို့တွေ လူဖြစ်ရတဲ့ ဘ၀ခဏတာလေးမှာ လမ်းလွဲမရောက်ကြနဲ့လို့ သူ့မိန်းမကို ပြောလိုက်တယ်။

အဲဒီတော့ သူ့မိန်းမကလည်း ဆတ်ဆတ်ထိ မခံဘူး ကိုယ့်ဆရာရေ။ ရှင်က ဘာသာရေးကို အကြောင်းပြုပြီး ပြောနေရအောင် ရှင်ကလည်း ဘာသာရေးကို ဘယ်လောက်ထိ နက်နက်ရှိုင်းရိုင်း သက်ဝင် ယုံကြည်နေလို့လဲ။ ကျွန်မလေ ရှင့်အကြောင်း မသိရင်ခက်မယ်။ သူများကို အပြစ်ပြောတော့မယ်ဆိုရင် ကိုယ်က အရင်ကောင်းအောင် စံနမူနာဖြစ်အောင် အရင် လုပ်ပြနေပြရမယ်။ ပြီးတော့ ပြောရဦးမယ်။ ကျွန်မတို့ ဆွေစဉ်မျိုးဆက် ဗေဒင်မေးလာတာ။ အခုမှ မဟုတ်ဘူး။ ဒီဗေဒင်မေးလိုက်တော့ ရှင့်အတွက် ဘာဖြစ်သွားမှာ မို့လို့လဲ။ ဘာတွေ ထိခိုက်သွားမှာ မို့လို့လဲလို့ ပြန်ပြောတယ်ဗျ။ အဲဒီတော့ သူ့ယောက်ကျားကလည်း အရမ်း ဒေါသဖြစ်သွားတဲ့ ပုံနဲ့ သူ့မိန်းမကို ဒီလို ပြောတော့တာပဲ။

မင်းတို့ မိန်းမတွေက အဲဒါတွေ ခက်တာပဲ။ ဗုဒ္ဓဘာသာဝင်ဆိုလည်း.. ပီပီပြင်ပြင်ပေါ့.. ဘောက်မယ့်ကြောင့်.. အုတ်အရောရော၊ ကျော်အရောရော.. လုပ်နေရလည်းဆိုတာ ငါတော့ နားမလည်တော့ဘူး.. ဗေဒင်ဆရာဆိုတဲ့ လူတွေကလည်း ဘာကြောင့်လူတွေကို မှိုင်းတိုက်နေရတာလဲ မသိဘူး။ ဒီလောကကြီးထဲမှာ ဗေဒင်ဆရာဆိုတဲ့ လူတွေ မရှိရင် သိတ်ကောင်းမှာပဲ။ ဒီမှာ မအေး ငါတို့ ဘုရားဟောထဲမှာလည်း ကြီးပွားရာ၊ ကြီးပွားကြောင်း တရားတွေ ဟောခဲ့ပါတယ်.. ငါးပါးသီလလုံးခြုံပြီး ကံ၊ ဥာဏ်၊ ၀ီရီယ မျှတဖို့နဲ့ ဒါန၊ သီလလိုက်စားဖို့သာ အရေးကြီးတယ် မဟုတ်လား။ ဗေဒင်မေးစရာ မလိုပါဘူးကွာ။ အပိုအလုပ်တွေ မလုပ်စမ်းပါနဲ့လို့ သူ့မိန်းမကို ပြောလိုက်တယ်။ အဲဒီတော့ သူ့မိန်းမကလည်း ဘယ်လို ပြန်ပြောသလဲဆိုတော့....

ဒီမှာ ရှင့်ပြောသလို ငါးပါးသီလလုံးခြုံပြီး ကံ၊ ဥာဏ်၊ ၀ီရီယ မျှတဖို့နဲ့ ဒါန၊ သီလလိုက်စားနေရင်တော့ ရှင်ပြောသလို ဗေဒင်မေးစရာလည်း မလိုဘူး။ ယတြာချေစရာလည်း မလိုဘူးဆိုတာ ကျွန်မလည်း သိနေတာပဲ။ ရှင့်ကိုရှင် ပြန်စဉ်းစားကြည့်ပါဦး။ လူတွေက ငါးပါးသီလ လုံဖို့ဆိုတာ လွယ်တယ်များ မှတ်နေသလား။ ရှင့်ကိုယ်ရှင်ပဲ ပြန်ပြီး သုံးသတ်ကြည့်ပါဦး။ ရှင်ရော ငါးပါးသီလကို ဘယ်လောက်တောင် လုံခြုံနေပြီလဲ။ ဆရာတော်တွေဆီက သီလယူပြီး ဆရာတော်တောင် ပြန်မကြွသေးဘူး။ သီလက ပျက်ချင်ချင် ဖြစ်နေပြီ မဟုတ်လား။

အသေအချာ တွေးကြည့်ရင် ရှင်တို့ဟာက ဘုရားကိုလည်း နေ့တိုင်း လိမ်နေသလို ဖြစ်နေတယ်။ သံဃာတော်တွေကိုလည်း ဂတိပေးလိုက်။ ပြီးတော့ ကိုယ်ပေးတဲ့ ဂတိကို ကိုယ်ပြန်ဖျက်လိုက်နဲ့။ အစောကြီး ကတည်းက ကိုယ်မလုပ်နိုင်ရင် ဂတိမပေးနဲ့ပေါ့။ အခုတော့ အာမဘန္တေ- မှန်ပါ့ အရှင်ဘုရား။ တပည့်တော် ဒါတွေဒါတွေကို လုံးဝ မလုပ်တော့ပါ။ ရှောင်ကြည်ပါတော့မယ်လို့ ဂတိပေးတယ်။ ပြီးတော့ ဆရာတော်တောင် ကျောင်းပြန်မကြွရသေးဘူး။ မဟုတ်တာ လုပ်နေကြပြီ။

တစ်ချို့ဆို ရာသက်ပန်လို့တောင် ဂတိပေးသေးတယ်။ အဲဒီတော့ ရှင်တို့က ကျွန်မတို့ထက် ပိုပြီး အပြစ်ကြီးတယ်။ အဲဒါ ရှင်သိရက်လားလို့ ။ ဗေဒင်မေးတာလေးကိုပဲ မသိရင် အပြစ်ကြီးတစ်ခု လုပ်နေသလိုလို၊ လောကကျင့်ဝတ်ကိုပဲ ဖော်ဖျက်နေသလိုလို ပြောနေသေးတယ်။ ကျွန်မ ဒီဗေဒင်လေး မေးလိုက်တာ လောကကြီး ဘာထိခိုက်သွားမှာမို့လဲ။ ဘယ်သူတွေကရော ကျွန်မအတွက်နဲ့ အရှက်တကွဲ အကျိုးနည်း ဖြစ်သွားလို့လဲလို့ သူ့မိန်းမကလည်း အားကျမခံ ပြန်ပြောတယ် ကိုယ့်ဆရာရေ...။ နောက်တော့ တစ်ယောက်ကို တစ်ယောက် ငယ်ကျိုးငယ်နာတွေ ဖော်ပြီး စကားတွေများ ရန်ဆက်ဖြစ်ကြလို့ ကျုပ်တောင် မနည်း ဖြန့်ဖြေ ပေးခဲ့ရသေးတယ် ကိုယ့်ဆရာရေ.. ကဲ ... ကျုပ်လည်း အချိန်မရလို့ ပြန်လိုက်ဦးမယ် ဆရာလေးရေဟု ဦးမိုးက နှုတ်ဆက်၍ ပြန်သွားလေတော့၏။


ကြည်လင်နေသော ကျွန်ပ်၏ စိတ်အစဉ်သည် ချက်ချင်းဆိုသလိုပင် သူတစ်ပါးတို့၏ ဝေဖန်ခြင်းကို ခံနိုင်လောက် အောင် စိတ်ဓာတ် မရင့်သန်သေးသော ပုထုဇဉ်လူသား ဖြစ်သည့်အားလျှော်စွာ ချက်ချင်းဆိုသလိုပင် ပျော်ရွှင်နေသော စိတ်အစဉ်သည် နေသာ၍ကြည်လင် နေရာမှ မိုးအုံ့လာသကဲ့သို့ အုံ့မှိုင်း၍ သွားလေတော့၏။ ချက်ချင်းဆိုသလို စိတ်မကောင်းလည်းဖြစ်သွား၏။ စိတ်ထဲတွင်လည်း ၀မ်းနည်းသလို ဖြစ်သွားမိ၏။ ထိုစိတ်ခံစားချက်များ နှင့်အတူ ကျွန်ုပ်၏ မျက်နှာသည်လည်း ချက်ချင်းဆိုသလို ညှိုးချုံးကြသွားလေတော့၏။ ဗေဒင်ဟောသော နေရာတွင်ပင် ငူငူကြီးထိုင်နေပြီးလျှင် ၀မ်းနည်းခြင်း ၊ စိတ်မကောင်းဖြင်း ၊ ယူကျုံးမရခြင်း ၊ စိတ်ပူပန်ခြင်းစသော စိတ်ခံစားချက်များနှင့် အတူ တဒင်္ဂတခဏ လောကကြီးနှင့် ကင်းကွာသွားလေတော့၏။ ထိုအချိန်တွင် ဒေါ်သတ္တိက ... သူမထံမှ တစ်ကြိမ်တစ်ခါမျှ မကြားဖူးသော အင်မတန် နူးညံ့၍ နွေးထွေးသော ၊ အင်အားပါသော လေသံမျိုးဖြင့် အောက်ပါအတိုင်း ကျွန်ုပ်ကို ပြောလေတော့၏။

ဒီမှာ ငါ့သား။ မင်းကို ကြည့်နေတာ။ ခုနက လူကြီးက ကောင်းတဲ့အကြောင်းတွေကို ပြောနေတဲ့ အချိန်တုန်းက ငါ့သားမျက်နှာက လပြည့်ဝန်းကြီး ကျနေတာပဲ။ ပြုံးလို့ ၊ ပျော်လို့ ၊ ၀င်းလို့ ၊ ပျော်နေလိုက်တာ။ နောက် စိတ်မကောင်းစရာတွေ လာပြောတော့လည်း ချက်ချင်းဆိုသလို မျက်နှာက မဲ့သွားတယ်။ ညှိုးသွားတယ်။ စိတ်မကောင်းဖြစ်သွားတဲ့ ပုံပေါက်သွားတယ်။ အဲဒါကို လေ့လာကြည့်လိုက်တော့ ငါ့သားမှာက ကောင်းတာကြားရရင် ၀မ်းသာတတ်တယ်။ မကောင်းတာ ကြားရရင် ၀မ်းနည်းတတ်တယ် ဆိုတဲ့ အင်မတန် စိတ်ခံစားချက်ကို ဦးစားပေးတတ်တဲ့ စိတ်မျိုးကို ပိုင်ဆိုင်ထားသလိုဖြစ်နေတယ်။

ဒီလို စဉ်းစားကြည့်ရအောင် ငါ့သားရယ်။ ချီးမွမ်းခြင်းရယ် ကဲ့ရဲ့ခြင်းရယ် နှစ်မျိုးရှိတဲ့ နေရာမှာ လူတွေဟာ သူတို့အတွေးနဲ့ သူတို့ ချီးမွမ်းချင် ချီးမွမ်းမယ်။ ကဲ့ရဲ့ချင် ကဲ့ရဲ့မယ်။ တစ်ခါတစ်လေ ချီးမွမ်းစရာ မဟုတ်တာကို ချီးမွမ်းတတ်တယ်။ ကဲ့ရဲ့စရာ မဟုတ်တာကို ကဲ့ရဲ့တတ်တယ်။ တစ်ခါတစ်လေ စိတ်ထဲက မပါပဲ ပါးစပ်ဖျားက ချီးမွမ်းတတ်တယ်။ အဲဒါတွေကြောင့် ကိုယ်က လိုက်ပြီး စိတ်လှုပ်ရှားနေမယ်ဆိုရင် ငါ့သားဟာ တော်တော် စိတ်ဓာတ် မခိုင်မာတဲ့သူ ဖြစ်နေမှာပေါ့။

ချီးမွမ်းတာ ကဲ့ရ့တာ ဝေဖန်တာတွေကို ဘယ်လိုမှ သဘောမထားဘဲနဲ့ ကိုယ်ဟာကို စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ၊ အေးအေးချမ်းချမ်းနဲ့ ကိုယ်လုပ်သင့်တဲံ အလုပ်ကို ဖြောင့်ဖြောင့်တန်းတန်း လုပ်နိုင်မှသာ စိတ်ဓာတ်ရင်ကျက်တဲ့ သူလို့ ခေါ်နိုင်မှာပေါ့ ငါ့သားရဲ့။ လူတွေ ဝေဖန်တိုင်း ကိုယ်က စိတ်ဆင်းရဲမယ်ဆိုရင် သူတို့ နှိတ်စက်တာကို ကိုယ်က ခံနေရသလို ဖြစ်သွားပြီ မဟုတ်ဘူးလား။ သူတို့ တန်ဖိုးထားမှ ကိုယ်ဟာ တန်ဖိုးရှိတဲ့သူ ဖြစ်မယ်။ အဲဒီလို ယူဆသလား။ အဲဒီလို ယူဆရင် ကိုယ့်တန်ဖိုးဟာ သူတို့ လက်ထဲကို ရောက်သွားပြီ။ ကိုယ့်ကို သူများက တန်ဖိုးဖြတ်ပေးနေပြီ။

နောက်တစ်ခုက သူတစ်ပါးက စေတနာအမှန်နဲ့ ကောင်းကောင်းမွန်မွန် ဝေဖန်တာကို ကိုယ်က စိတ်ညစ်သွားတယ်။ စိတ်ဆိုးသွားတယ်။ စိတ်တိုသွားတယ်၊ စိတ်ဓာတ်ကျသွားတယ်ဆိုရင် ကိုယ့်ကိုကိုယ် ပြန်ပြောပါ။ “ ငါ့လုပ်ပုံ ကိုင်ပုံ တွေးပုံ တွေ ကို ထောက်ပြတာ၊ ဝေဖန်တာ ငါမယူတတ်လို့ ၊ ငါ သဘောထား မမှန်လို့ ငါ စိတ်ဆင်းရဲရတာ ” အဲဒီလို သဘောထားမျိုး ထားနိုင်ရမယ်။ ဒါမှသာ ငါ့သားဟာ ရင်ကျက်တဲ့ စိတ်ထား၊ ရှိတယ်။ ဒါမှသာ ငါ့သားဟာ တိုးတက်မယ်၊ ဒါမှ စိတ်ချမ်းသာမယ် ငါ့သားဟု အင်မတန်နွေးထွေးသော လေသံဖြင့် တစ်လုံးချင်းတစ်လုံးချင်း ပြောလေတော့၏။ ဒေါ်သတ္တိကြီး ပြောသော စကားလုံးများသည် ကျွန်ုပ်၏ နှလုံးအိမ်အတွင်းသို့ ရွံ့ပျော့ပျော့အတွင်းသို့ လောင်လေးခွဖြင့် တစ်ချက်ချင်း ပစ်ထည့်လိုက်သော အခါ လောက်စာလုံးများသည် ရွံ့အတွင်းသို့ စွပ်ခနဲ့ စွပ်ခနဲ့ ၀င်သွားသကဲ့သို့ ကျွန်ုပ်၏ နှလုံးအိမ်အတွင်းသို့ ၀င်သွားလေတော့၏။ ထို့နောက် ဒေါ်သတ္တိကြီးက ဆက်လက်၍

ဒီမှာ ငါ့သား။ နောက်တစ်ခု သတိထား စဉ်းစားရမယ်။ ကိုယ့်ကို ဝေဖန်သူ အကြံညာဏ်ပေးသူ ဆိုတာ နှစ်မျိုးနှစ်စား ရှိတယ်။ စိတ်နေသဘောထား လေးနက်တဲ့သူ ၊ ရင့်ကျက်တဲ့သူ၊ သဘောထားကြီးတဲ့ သူတွေဟာ သူများလုပ်တာတွေ လွဲတာ မှားတာကို မြင်ရတဲ့အခါ အဲဒီ အလုပ်ကိုပဲ လွဲကြောင်းမှားကြောင်း ၊ နောက် ဘယ်လို လုပ်ရင် ကောင်းတဲ့အကြောင်းကို ပြောတယ်။ စိတ်နေသဘောထား မလေးနက်တဲ့ သူ၊ မရင်ကျက်တဲ့ သူ ၊ စိတ်သဘောထား သေးသိမ်တဲ့ သူတွေကြတော့ သူများလုပ်တာ လွဲမှားတာကို မြင်ရတဲ့အခါ အဲဒီ အလုပ်ကို ဝေဖန်ပြီး ဘယ်လိုလုပ်ရင် ကောင်းမယ်လို့ မပြောဘူး။ လုပ်တဲ့လူ မကောင်းကြောင်း ပုဂ္ဂိုလ်ကို ဦးတည်ပြီးတော့ ပုဂ္ဂိုလ်ရေး ရှုံ့ချတဲ့ စကားမျိုး ပြောတတ်တယ်။ ပုဂ္ဂိုလ်ကို ချိုးချိုးဖဲ့ဖဲ့ ဝေဖန်တာကြတော့ ရက်စက်ချင်တဲ့ စေတနာပါတယ်။

ဒါကြောင့် ငါ့သားကို အမေ... အလေးအနက် မှာချင်တာက တန်ဖိုးရှိတဲ့ အလုပ်ကို လုပ်နေတဲ့သူဟာ နေ့စဉ် မလွဲသာ မရှောင်သာ တွေ့ရတတ်တဲ့ အဆင်မပြေမှု့လေးတွေကို ဂရုမစိုက်ဘူး။ မတုန့်ပြန်ဘူး။ သူ့မှာ အဲဒါတွေအတွက် အချိန်နဲ့ အင်အားကို မပေးနိုင်ဘူး။ ကိုယ်ကိုလည်း သူတစ်ပါးက လွမ်းမိုးနေတာကို စိုးမိုးနေတာကို အတွေးတွေနဲ့ ချယ်လှယ်နေတာကို လက်မခံတတ်ဘူး။ ဒါကြောင့် ငါ့သားလဲ အဲဒီလို စိတ်နေစိတ်ထားမျိုး ရအောင် လေ့ကျင့်ပါ။ နှလုံးသွင်းပါ။ ဒါဆိုရင် ငါ့သားဟာ ကောင်းတာတွေ ကြားရပြီး အရမ်းဝမ်းသာတယ်ဆိုတာလည်း သိတ်မဖြစ်တော့ဘူး။ မကောင်းတာတွေ အပြောခံရလို့ အရမ်းစိတ်မကောင်း မဖြစ်တော့ဘူး။ လာကကြီးမှာ လွတ်လပ်တဲ့ ပေါ့ပါးတဲ့ လွှမ်းမိုးမှု့ကင်းတဲ့ စိတ်အစဉ်နဲ့ ကောင်းမွန်စွာ ဖြတ်သန်းနိုင်ပါလိမ့်မယ်ဟု တစ်ခွန်းခြင်း လေးနက်စွာ ပြောလေတော့၏။

ကျွန်ုပ်လည်း ဒေါ်သတ္တိကြီး ပြောပြသော စကားများကို နားထောင်ပြီးနောက် ကျွန်ုပ်၏ နောက်ကျိနေသော စိတ်အစဉ်သည် ပြန်လည် ကြည်လင်လာလေတော့၏။ ထို့ကြောင့် ကျွန်ုပ်က ကဲပါ.... ဒေါ်သတ္တိရယ်။ ဒီနေ့ ကျွန်တော်ဆီလာတာ ကျွန်တော် ဘာကူညီပေးရမလဲ၊ ဘာတွက်ပေးရမလဲ၊ ဘာကြည့်ပေးရမလဲဟု မေးလိုက်လေရာ ဒေါ်သတ္တိက...

ဒီလိုပါ ငါ့သားရယ်...။ ခုနက ငါ့သားဖြစ်သလို အမေမှာလဲ လှုမှု့ရေး ပြဿနာလေးတွေ ရှိနေပါတယ်။ သူကကြတော့ အမေ့ကို ဝေဖန်တာ ကဲ့ရဲ့တာမဟုတ်ပါဘူး။ အထင်လွဲတာပါ။ အထင်လွဲတော့ အမေ့ကို ကွယ်ရာမှာ အမျိုးမျိုး ပြောဆိုတော့တာပေါ့။ အမှန်က သူက အမေ့ကို အထင်လွဲနေတာပါ။ ဖြစ်ပုံက ဒီလို။ သူ... ပိုက်ဆံလိုတယ်ဆိုလို့ အမေက တစ်ယောက်ဆီက အတိုးနဲ့ ချေးပေးပြီး ကူညီပေးလိုက်တာပါ။ အတိုးက ၂၀ တိုးပေးရတယ်။ များတော့ များတာပေါ့။ ဒါပေမယ့် ကိုယ့် မရှိတော့ အခက်အခဲ ဖြစ်တော့လည်း မယူလို့ မရတဲ့ အခြေအနေဆိုတော့လည်း ယူပေးလိုက်ရတာပေါ့။ အမေက စိတ်သန့်သန့်လေးနဲ့ ကူညီပေးလိုက်တာပါ။ အဲဒါကို အခု သူက ကွယ်ရာမှာ သူများဆီက တစ်ဆယ်တိုးနဲ့ ယူပြီး နှစ်ဆယ်တိုးနဲ့ ပြန်ချေးတယ် ဘာညာဆိုပြီး လိုက်ပြောနေတယ်လေ။

အဲဒါကြတော့ အထင်လွဲနေတာဆိုတော့ ဒါကိုကြတော့ သူနားလည်အောင် ရှင်းပြမှ ဖြစ်မယ်။ ကိုယ့်စေတနာကို စော်ကားတာကြတော့ မခံနိုင်ဘူး မဟုတ်လား။ ဒါကြောင့် အဲဒီ မိန်းကလေးကို သွားပြီး ရှင်းပြမှာ။ ပြဿနာ မဖြစ်ချင်ဘူး။ နောက်ပြီး နားလည်စေချင်တယ်။ အဲဒါ ဘယ်လို လုပ်ရမလဲ။ ဒီတစ်ခါတော့ ငါ့သားက ကူညီပေးပါဟု ပြောလေသောကြောင့် ကျွန်ုပ်လည်း အောက်ဖော်ပြပါ မိနစ်(၉၀)အတွင်း ပြဿနာဖြေရှင်းနည်း ဆိုသော ယတြာနည်းကို ဒေါ်သတ္တိကြီးအား ပေးလိုက်လေတော့သတည်း။

ယတြာနည်းတစ်ခု ပေးလိုက်ပါ့မယ်။ အဲဒီနည်းအတိုင်းသာ လုပ်ပါ။ ပြဿနာတွေ လုံးဝ ပြေလည်သွားပါလိမ့်မယ်။ သူတစ်ပါးက ကိုယ့်ကို အထင်အမြင်လွဲနေတယ်။ သူနဲ့ ကိုယ်နဲ့ ထိပ်တိုက် ပြဿနာ ဖြေရှင်းလိုက်မှ အဆင်ပြေမယ်လို့ ထင်တယ်။ လုံးဝကို ရှောင်လို့လည်း မရတော့ဘူး။ ဒါဆိုရင် အဲဒီ တစ်စုံတစ်ယောက်နဲ့ ပြဿနာဖြေရှင်းဖို့အတွက် ထိပ်တိုက်တွေ့ဆုံဖို့ အတွက် ဒီနည်းကို အသုံးပြုပါ။ ဒီယတြာနည်းက မခက်ပါဘူး။ အချိန်ကာလလေးတစ်ခုကို သိထားဖို့ရယ် အဆောင် ပန်းအညွန့်လေးကို ဆောင်ပြီး မျက်နှာမူပြီး ဖြေရှင်းရမယ့် အရပ်ဒေသကို မှတ်ထားရင် ရပါပြီ။( အောက်မှာ အားလုံး နားလည်အောင် ဇယားလေးဖြင့် ဖော်ပြပေးလိုက်ပါတယ်။)



အထက်ပါဇယားကို ကြည့်ပါ။ ဥပမာအားဖြင့် တနင်္ဂနွေသားသမီး တစ်ဦးဦးသည် ထိပ်တိုက် ဆုံတွေ့၍ ပြဿနာ အခက်အခဲ တစ်ခု ကြုံလာပြီ ဆိုပါစို့။ အင်္ဂါနေ့ နံက် (၁၀း၃၀ မှ ၁၂း၀၀) အတွင်း သွားပါ။ ကံကော်ညွန့်ကို ဆောင်သွားပါ။ အနောက်အရပ်ကို မျက်နှာမူ၍ မိမိ ဖြေရှင်းလိုသည့် ကိစ္စကို ဖြေရှင်းပါ။ သေချာပေါက် အဆင်ပြေသွားပေလိမ့်မယ်။

မိတ်ဆွေ... သင်သည် မီးနစ်အနည်းငယ် အသုံးပြု၍ အထက်ပါဇယားကို ကူးယူထားပါက တစ်နေ့နေ့ တစ်ချိန်ချိန်တွင် မုချအသုံးဝင်လာပါလိမ့်မည်။

သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

0 comments :

Post a Comment

မရှင်းလင်း၍ မေးသည်များကို အီးမေးလ် ပေးပို့ပြီး မေးရင် ပိုပြီးထိရောက်စွာ ကူညီဖြေပေးပါမည်။ (sayaheintintzaw@gmail.com)

 

စာအုပ်များအမှတ်စဉ်(၁)အုပ်ရေ(၅၀၀)

စာအုပ်များ အမှတ်စဉ်(၃) အုပ်ရေ (၅၀၀)

စာအုပ်များအမှတ်စဉ် (၂) အုပ်ရေ (၅၀၀)