ဘလော့ပို့များကို ပြန်လည် စီစစ်ပြီး စာဖတ်သူများ ရှာဖွေရ လွယ်ကူစေရန် ဘေးဘက် မီနူးများကို ပြန်လည် ပြုပြင်နေပါတယ်။ နောင်တွင် မိမိကိစ္စကို ဘေးမီနူးတွင် လွယ်ကူစွာ ရှာဖွေနိုင်ရန်အတွက် ရည်ရွယ်ပါသည်

ဒေါ်သတ္တိ ပြောပြသော ဘာကြောင့် မကြီးပွား မချမ်းသာရတာလဲ

မိုးဥတု၏ တစ်နေ့သ၌ မိုးသည် ညည့်ဦးကတည်းကပင် ပြတ်သည်ဟုမရှိပါပဲ တဖွဲဖွဲ ရွာနေ၏။ လေပြင်းများကလည်း တစ်ချက်ချက် တိုက်ခတ်လျှက်ရှိ၏။ ဟိုးအပြင်ဘက် ခပ်ဝေးဝေးမှ လျှပ်စီးလက်သည်များကိုလည်း မကြာခန ဆိုသလို လှမ်းမြင်နေရ၏။ နံက် (၆)နာရီခန့်တွင် ထမြည်လာသော နှိုးစက်သံကြောင့် ကျွန်ုပ်သည် အိပ်ချင်မူးတူးဖြင့် မျက်လုံးကို မနည်း အားယူ၍ ဖွင့်ကြည့်၏။ သို့သော် ကမ္ဘာပေါ်တွင် အလေးလံဆုံး အရာမှာ သင်၏ အပေါ်မျက်ခွံဖြစ်၏ ဆိုသကဲ့သို့ ကျွန်ုပ်၏ မျက်လုံးများသည် လုံးဝဖွင့်၍ မရပေ။ ထို့ကြောင့် တစ်ခါပြီးတစ်ခါ ထပ်ခါထပ်ခါ ပြန်မြည်နေသော နှိုးစက်ကို မျက်လုံး ပိတ်နေလျှက်ကပင် လက်ဖြင့်စမ်း၍ ပိတ်လိုက်၏။ တစ်ခါတည်းနှင့် မအောင်မြင်။ သုံးလေးခါလောက် စမ်းတ၀ါးဝါး လိုက်ရှာပြီမှ ပိတ်လို့ ရသွားလေတော့၏။ ထို့နောက် ကျွန်ုပ်သည် လူပျင်းတို့၏ ထုံးစံအတိုင်း အိပ်ယာနိုးလျှက် မထသေးမူပဲ ဆက်လက်၍ အိပ်နေလေတော့၏။ အမှန်အတိုင်း ပြောဆိုရပါမူ လုံးဝ အိပ်ပျော်နေသည်လည်း မဟုတ်။ အိပ်ယာမှ ထမည်ဆိုလျှင်လည်း ထလို့ ရနေပြီ ဖြစ်၏။ မထသေးပါပဲ မျက်လုံးကို အသာမှေး၍ မိုးအေးအေးဖြင့် ဆက် ကွေးနေမိ၏။

ကျွန်ုပ်သည် မိုးအေးအေးဖြင့် ဆက်ကွေးနေရာမှ ကျွန်ုပ်၏ ငယ်စဉ်တောင်ကြေး ကလေးဘ၀မှာ စတင်၍ ယနေ့ ဘ၀ အခြေအနေတိုင်အောင် ပြန်လည် တွေးတောမိနေတော့၏။ ကလေးဘ၀တွင် အဖေနှင့်အမေ ရန်ဖြစ်သည် များကိုလည်း ပြန်လည် တွေးတောမိ၏။ အမေ အိမ်ပေါ်က ဆင်းသွားသည်ကို လည်းကောင်း အဖေ ထန်းရည်မူး၍ ပြန်လာသည်ကိုလည်းကောင်း ပြန်လည် တွေးတောနေမိ၏။ နောက်တစ်နေ့တွင် အမေရှိရာ အဘွားအိမ်သို့ ကျွန်ုပ်တို့ ညီကိုမောင်နှမ တသီတတန်းကြီး လိုက်သွားကြသည် ကိုလည်းကောင်း ညနေဘက်တွင် အဖေက အမေ့ကို မူးမူးလေးဖြင့် ပြန်လိုက်ခေါ်ရာ အဘွားက အိမ်အပေါ်ထပ်မှ အဖေ့အား မောင်းထုတ်၏။ ဆူပူ၏။ ကြိမ်းမောင်း၏။ ထိုသို့ ကြိမ်းမောင်းနေစဉ်မှာပဲ ကျွန်ုပ်တို့၏ အမေဖြစ်သူသည် “ မဖြစ်သေးပါဘူး အမရယ် ။ ဒီကလေးတွေ တပြုံတစ်ခေါင်းကြီးနဲ့ ” ဟု ပြောဆိုကာ ကျွန်ုပ်တို့ သားသမီး တစ်ပြုံကြီးကို လက်ဆွဲကာ အဖေ့ စက်ဘီးနောက်သို့ ပြန်လိုက်လာခဲ့တော့၏။ ( ကျွန်ုပ်တို့ အမေက အဘွားဖြစ်သူက အမဟု ခေါ်သည်ကို မှတ်မိသေး၏)

ထိုအချိန်တွင် ကျွန်ုပ်တို့၏ ဖခင်ဖြစ်သူက လယ်အလုပ် တစ်ခုတည်းကို လုပ်၏။ မိခင်ဖြစ်သူက ၃-မိုင်ခန့်ဝေးသော တောမြှို့ကလေးသို့ သွားကာ ကုန်စိမ်းရောင်းရ၏။ ကျွန်ုပ်၏ မိခင်ဖြစ်သူ ဈေးရောင်းပုံ ဈေးရောင်းနည်းကို အနည်းငယ် ပြောပြရပေဦးမည်။ ညနေပိုင်းတွင် အမေဖြစ်သူသည် ခန်တောင်းကို ခေါင်းပေါ်တွင် ရွက်ကာ ရွာနီးနားချင်းများသို့ လှည့်လည်ကာ ကုန်စိမ်းသိမ်းရလေ၏။ ရွာသူရွာသားများသည် ကျွန်ုပ်၏ မိခင်ကို မြင်သည်နှင့် ငှက်ပျောသီးခိုင် ဒန့်သလွန်သီး ၊ သခွါးသီး ၊ ပိန္နဲသီး အစရှိသည်တို့ကို ခေါ်၍ရောင်းချပေး၏။ ဗူးသီး ဖရုံသီးများလည်းပါ၏။ ကွမ်းရွက် ကွမ်းသီးများလည်း ပါလေ၏။ တောကျေးလက် ဒေသအတိုင်း မိမိတို့ ခြံထဲတွင် တနိုင်စိုက်ပျိုးထားသော အသီးအနှံ အရွက်များ ဖြစ်၏။ ညနေ လေးနာရီလောက်မှ ရွာထဲသို့ စတင်ထွက်လာသော အမေသည် ညနေ ခြောက်နာရီလောက်တွင် အမေ၏ ခန်တောင်း (ခေါင်းရွက်တောင်း) ထဲတွင် လူသုံးယောက်လောက်က မ၍ အမေ့ခေါင်းပေါ်သို့ တင်ပေးရလောက်အောင် ပြည့်မောက်လေ၏။

အမေ့ကို ခင်မင်ကြသော သူများက မအုန်းရွှေရယ် နင်... အဲဒီလောက်ကြီး အလေးအပင်တွေ နေ့တိုင်းရွက်နေရင် တစ်နေ့ နင် ဒုက္ခဖြစ်လိမ့်မယ်“ဟု ပြောဆို တားမြစ်ကြကုန်၏။ ထိုအခါ အမေသည် မည်သို့မျှ ပြန်မပြော၊ ဆေးပေါ့လိပ်ကြီးကို သွားဖြင့်ကိုက်ကာ ခပ်ပြုံးပြုံးကြီးပင် လုပ်နေရင်း နေ့စဉ် ထိုလူသုံးယောက်လောက် မ - ၍ ယူရလောက်အောင် လေးလှသော တောင်းကို ရွက်မြဲရွက်၏။ ညဘက် အိမ်ပြန်ရောက်သော အခါတွင် အဖေသည် နှီးထိုးနေရာမှ ထလာ၍ အမေ့ခန်တောင်းကို ထ၍ ချပေးလေ၏။ ထိုကဲ့သို့ အမေရွာစဉ်လှည့်၍ ကုန်စိမ်းများကို သိမ်းယူသော အခါတိုင်း ကျွန်ုပ်သည် အဖေလုပ်ပေးသော နွားကြိမ်လုံးကို လက်တွင်ကိုင်ကာ အမေ့နောက်သို့ နေ့တိုင်း လိုက်ခဲ့ရ၏။

နောက်တစ်နေ့ မိုးမလင်းခင် မနက်(၄)နာရီတွင် ရွာဦးကျောင်းက တုန်းခေါက်သံကြားရ၏။ တုန်းသံကြားလျှင် အဖေက စောစီးစွာ နိုး၏။ တစ်နေ့ကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်ရသော အမေသည် တညည်းညည်း တညူညူဖြင့် အိပ်မောကြနေ၏။ အဖေက အမေ့ကို မအုန်းရွှေ ထတော့ လေးနာရီထိုးပြီဟု လှမ်းနှိုး၏။ အမေက တအင်းအင်း ညည်းညူရင်း အိပ်ယာမှ ကုန်းရုန်းထ၏။ ထို့နောက် မီးဖိုချောင် ဆားဗူးထောင်းထဲမှ ဆားအနည်းငယ်ကို ယူကာ သွားတိုက်၏။ မျက်နှာကို ဆပ်ပြာမပါ ဒီတိုင်းပင်သစ်၏။ အ၀တ်တန်းတွင် လှမ်းထားသော အဖေ့ ရေလဲပုဆိုးဖြင့် မျက်နှာကို ဖြစ်သလို သုတ်၏။ ထို့နောက် မီးဖိုချောင်ထဲသို့ ၀င်ကာ မီးမွှေး၏။ ထိုနောက် ရေနွေးအိုးတည်၏။

ညဦးပိုင်းကတည်းက ပြုတ်ထားသော ပဲပြုတ်အိုးထဲမှ ပဲပြုတ်ကို ပန်းကန်ထဲသို့ ထည့်ပြီး ပဲဆီစစ်စစ် ကို လောင်းထည့်၏။ ရေနွေးဆူသော အခါတွင် စဥ့်ရေနွေးအိုးထဲသို့ လောင်းထည့်၏ ထို့နောက် လဘက်ခြောက် ခပ်များများ ထည့်၏။ ထို့နောက် အဖေ့၏ ပုဆိုးဟောင်း တစ်ထည်ဖြင့် ထိုရေနွေးအိုးအား ကြာရှည် အပူခံစေရန် ရစ်ပတ် ထုပ်ပိုးလိုက်ပြီးလျှင် ထမင်းစားပွဲပေါ်တွင် အဆင်သင့် တင်ထားပေးလိုက်၏။ သူ့အတွက်လည်း ထမင်းချိုင့်လေး ထဲတွင် ထမင်းနှင့် ပဲပြုတ်ကို ထုပ်ပိုးထည့်၏။ ထို့နောက် ကိုသိန်းအောင်ရေ ငါသွားတော့မယ်ဟု လှမ်းအော်ပြောလိုက်ရာ နွားတင်းကုတ်ထဲတွင် နွားစာထည့်ခြင်း နွားချေးကျုံးခြင်း လုပ်နေသော အဖေက ထွက်လာရင် အပြင်သို့ လှမ်းကြည့်လိုက်ကာ အင်း သိတ်မကြာခင် ရောင်နီလာတော့မှာပါ။ ဒီအချိန်ဆို တောဈေးသည်တွေလည်း တက်လာနေလောက်ပါပြီဟု ပြောရင်း အမေ၏ ဈေးတောင်းကို မ၍ ပင့်ပေးလေ၏။ အမေ့ခေါင်းပေါ်သို့ ရောက်သွားမှ အမေလည်း ပြောနေကျအတိုင်း အဲဒီမှာ ထမင်းကြမ်း ခူးခဲ့တယ်။ ပဲပြုတ်နဲ့၊ ရေနွေးကြမ်းလည်း အဆင်သင့် လုပ်ပေးထားခဲ့တယ်ဟု ပြောဆိုကာ မနက် (၅) နာရီပင် မထိုးသေး။ အရှေ့ဘက်က ရောင်နီပင် မလာသေးပဲ အမှောင်ထုထဲသို့ တိုးဝင်သွားလေတော့၏။

ကျွန်ုပ်တို့၏ ဖခင်နှင့် မိခင်သည် ထိုကဲ့သို့ ရွာဒေသ အလုပ်များကို ပင်ပန်းသည်ဟူ၍ တစ်ခါတစ်ရံဘူးမျှ မတွေးတော မိကြလေဘဲ ကျွန်ုပ်တို့ ညီကိုမောင်နှမ (၆) ယောက်ကို လုပ်ကျွေးခဲ့သည်။ တစ်ခါတစ်ရံမျှ ပင်ပန်းသည်ဟူ၍ မငြီးညူ။ သို့သော် ကျွန်ုပ်တို့ အရွယ်ရောက်လာသည့်အထိ တာဝန်ကျေပွန်အောင် လုပ်ကိုင် ကျွေးမွေးခဲ့၏။ ထိုကဲ့သို့ ပင်ပင်ပန်းပန်း လုပ်ကိုင်ကျွေးမွေးသော်လည်း ပိုပိုရှံရှံဟူ၍ မရှိခဲ့ပေ။ တစ်ခါတစ်ရံတွင် အမေသည် ကျွန်ုပ်အား အဖေ့ပုဆိုးတစ်ထည်ကို ပေးကာ နင့်အဒေါ်အိမ်မှာ ဆန်သွားယူချေဟု ဆိုကာ ဆန်းချေးခိုင်း၏။ ကျွန်ုပ်ကလည်း အဖေ့ပုဆိုးလေးကို စလွယ်သိုင်းကာ အဒေါ်အိမ်သို့ သွား၏။ အဒေါ်သည် ကျွန်ုပ်၏ အမူအယာကို ကောင်းစွာ ကျင့်သားရနေလေ၏။ ဆန်တောင်းထဲမှ ဆန်များကို ပုဆိုးထဲသို့ ထည့်ကာ ထုပ်ပိုးပေးလေကာ ကျွန်ုပ်ခေါင်းပေါ်သို့ တင်ပေးလိုက်လေ၏။ ကျွန်ုပ်လည်း ထိုဆန်ထုပ်ကလေးကို ခေါင်းပေါ်တွင် တင်၍ အိမ်ပြန်လာခဲ့၏။

အမေသည် ထိုကဲ့သို့ အဒေါ်အိမ်မှ ဆန်ချေးရသည်ကို မည်သည့်အခါမျှ အဖေ့ကို ပေးမသိပေ။ အဖေရှိနေလျှင် နောက်ဖေးပေါက်မှ ပေးဝင်စေ၏။ နောက်မှ အမေ ဈေးရောင်းရသော ပိုက်ဆံဖြင့် ပြန်ပြန်ဆပ်လေ၏။ ထိုအချိန်က ကျွန်ုပ်သည် အမေ၏ ငွေဗူးထဲမှ ငွေတစ်မတ် ခိုးဘူး၏။ ဆန်တပြည် တစ်မတ်ခေတ်တွင် ကျွန်ုပ်သည် အမေ့ထံသို့ ခိုးယူခဲ့သော ငွေတစ်မတ်ဖြင့် ကျွန်ုပ်ကျောင်းတက်သော မူလတန်း ကျောင်းရှေ့ ညောင်ပင်ကြီးအောက်တွင် မုန့်လုပ်ဆောင်း ရောင်းသော ဒေါ်တင်အေးဆိုသော မုန့်လုပ်ဆောင်း သည်ကြီးထံတွင် ကျွန်ုပ်တို့ သုံးတန်းကျောင်းသား များအားလုံး မုန့်လုပ်ဆောင်း အ၀သောက်ကြ၏။ ထိုကဲ့သို့ မုန့်လုပ်ဆောင်းအ၀ ၀ိုင်းသောက်ကြသည့်တိုင်အောင် ငွေတစ်မတ်သည် မကုန်ခဲ့ပေ။ နောက်တစ်နေ့တွင် မုန့်လုပ်ဆောင်းသည် အဒေါ်ကြီးက အမေ့ကို တိုင်လိုက်သဖြင့် အမေက ဆူပူကာ ခေါင်းခေါက်ခဲ့၏။ ထိုကဲ့သို့ ကျွန်ုပ်သည် ငယ်စဉ်တောင်ကြေး ကလေးဘ၀က မပြည့်မစုံ နေထိုင်ခဲ့ရသည်ကိုလည်း ပြန်လည် အမှတ်ရ တွေးတောနေ၏။

ထို့နောက် ကျွန်ုပ်သည် ဆက်လက်တွေးတော့နေမိ၏။ ဒုတိယအတွေးများတွင် ကျွန်ုပ်၏ ဆယ်နှစ်သားဘ၀မှ စ၍ တွေးမိ၏။ ကျွန်ုပ်တို့ ကျေးရွာသို့ ကြွရောက်တရားပြသော ရခိုင်ဘုန်းတော်ကြီးမှ ကျွန်ုပ်အား ခေါ်ယူမွေးစားခဲ့သည်ကိုလည်း ပြန်လည် အမှတ်ရမိလေ၏။ ဘုန်းကြီးကျောင်းသား ဘ၀နှင့်ပင် ထိုဆရာတော် တရားပြကြွရောက်သော အထက်မြန်မာပြည် အောက်မြန်မာပြည် အနှံ့ လိုက်ပါခဲ့ သည်များကိုလည်း အမှတ်ရမိ၏။ မျှောက်ရှုံးအောင် ဆော့သောကြောင့် မကြာခနဆိုသလို ဘုန်းတော်ကြီး အနားမှ ရေနွေးဓာတ်ဗူးများ ကြွေပုဂံများ ကျကွဲ၏၊ လဲကျ၏။ ထိုကြောင့် ဘုန်းတော်ကြီးက ဒီကောင်ကွာ ၊ ကြည့်လိုက်ရင် လျှပ်စီး လက်နေသလိုပဲဟု ပြောဆို၏။

နောင်သောအခါတွင် ကျွန်ုပ်အား အစဉ်သနားသည်ကို အကြောင်းပြု၍ ယုတ်နိမ့်သော လူသားအဖြစ်မှ မြင့်မြတ်သော ရှင်သာမဏေ ဘ၀သို့ ဆရာတော်ကြီးမှ သွတ်သွင်းချီးမြင့်ပေး၏။ ထိုအခါ ကျွန်ုပ်၏ ရှင်သာမဏေ ဘွဲ့အမည်မှာ ရှင်ကောဏ္ဍည (ကွန်းဒည)ဟူ၍ ဖြစ်၏။ သို့သော် ကျောင်းတွင် အတူနေထိုင်သော သူငယ်ချင်း ဘုန်းကြီးကျောင်းသားများ၏ ကျေးဇူးကြောင့် ကိုရင် ကောဏ္ဍညဟု ဘွဲ့မည်တွင်မည့်အစား ကိုရင်လျှပ်စီးဟူ၍သာ အမည်တွင်လေတော့၏။ ကျွန်ုပ်သည် ကိုရင်ဘ၀ဖြင့် လောကုတ္တရာ စာပေများကို လေ့လာလိုက်စားရ၏။ ကျွန်ုပ် အသက် (၁၆)နှစ်သားတွင် မိဘများ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်းဖြင့် အသက်မွေး နေရသည်ကို မကြည့်ရက်ဘူးဟူ၍ အကြောင်းပြကာ လူထွက်ခဲ့လေတော့၏။ ကျွန်ုပ်သည် ကိုရင် လျှပ်စီးဘ၀တွင် နေထိုင်ခဲ့သည်ကိုလည်း ပြန်လည်တွေးတော နေမိတော့၏။

ထို့နောက် ကျွန်ုပ်သည် မိဘများကို ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာ နေထိုင်စေလိုသောကြောင့် အလုပ်မျိုးစုံ နေရာဒေသမျိုးစုံ သွားရောက် လုပ်ကိုင်အသက်မွေး၏။ အလုပ်ကြမ်းလည်း လုပ်၏။ အရောင်းအ၀ယ်လည်း လုပ်၏။ သူတစ်ပါး ဈေးဆိုင်တွင်လည်း အခစား ၀င်လုပ်၏။ ပန်းရံလည်း လုပ်၏။ လက်သမားလဲ လုပ်ဖူး၏။ လောင်းကစားလဲ လုပ်ဖူး၏။ ရန်ကုန်မြို့ လမ်းတကာ လှည့်ကာ လမ်းဘေးဈေးသည် လုပ်ဖူး၏။ ကွမ်းယာရောင်းခြင်း ၊ ရွှေရင်အေးရောင်းခြင်း ၊ မုန့်ဟင်းခါး ရောင်းခြင်းများလည်း လုပ်ဖူး၏။ သို့သော် ကျွန်ုပ်သည် မိဘများကို ပြန်လည် ထောက်ပံ့ပေးနိုင်ဖို့ နေနေသာသာ ကျွန်ုပ် တ၀မ်းတခါး ၀အောင် လှအောင်တောင် မဆင်နိုင် မစားနိုင် ဖြစ်နေလေတော့၏။ ကျွန်ုပ်တို့ ကျေးရွာသို့ ခေတ္တပြန်သော အခါတွင် ကျွန်ုပ်တို့ ကျေးရွာသူ ကျေးရွာသားများသည် ကျွန်ုပ်အား မောင်သိန်းအောင်သား ငွေတွေ ဘယ်လောက် ပါလာခဲ့သလဲဟေ့ဟု မသိမသာ သော်လည်းကောင်း သိသိသာသာ သော်လည်းကောင်း ရွဲ့ဆောင်းမေးကြလေ၏။ ထိုအခါ ကျွန်ုပ်သည် ထိုသူတို့၏ အမေးကို မည်သို့မျှ ပြန်လည် ဖြေဆိုနိုင်ခြင်း မရှိဖြစ်ကာ ကြက်နာကြီး လည်လိမ်ထားသကဲ့သို့ ဖြစ်ကာ ရှက်ကိုးရှက်ကန်းဖြင့် မချိသွားဖြဲ ပြရလေတော့၏။ ကျွန်ုပ်သည် ထိုကဲ့သို့ နေရာဒေသမျိုးစုံ ဘ၀မျိုးစုံကို အဆင်မပြေမှု့များစွာဖြင့် ဖြတ်သန်းခဲ့ရသည်ကိုလည်း ပြန်လည် အမှတ်တွေးတော နေမိတော့၏။

ကျွန်ုပ်သည် ထိုကဲ့သို့ ကျွန်ု၏ဘ၀ကို စုန်ချည်ဆန်ချဉ် ပြန်လည်တွေးတောနေမိရင်း မိုးအေးအေးဖြင့် ဆက်၍ ကွေးနေမိတော့၏။ အပြင်ဘက်တွင် ရောင်နီတောင် လာနေပြီဖြစ်၏။ မိုးရွာနေသောကြောင့်သာ ခပ်မှောင်မှောင် ဖြစ်နေခြင်း ဖြစ်နေလေ၏။ ထိုနေရာတွင် ကျွန်ုပ်သည် ကြီးပွားချမ်းသာခြင်း ဆိုသောအရာကို လေးလေးနက်နက် စဉ်းစားလိုက်မိတော့၏။ ကျွန်ုပ်သည် ဆင်းရဲသား ကျောမွဲတစ်ဦး ဖြစ်သည့်အားလျှော်စွာ လွန်စွာ ကြီးပွားချမ်းသာ လိုလှ၏။ ထိုအချိန်က မည်မျှလောက် ချမ်းသာ လိုသနည်းဟူမူ ချမ်းသာမယ်ဆိုပါက ဘာမဆို လုပ်နိုင်သည်ဟူ၍ပင် ပြောလို့ရ၏။ ကော့သောင်းဘက်သို့ စက်လှေလိုက်က ချမ်းသာနိုင်သည်ဟု ပြောသံကြားသောကြောင့် ဒလဘက်သွား၍ အဆက်အသွယ်များ ရှာဖွေဘူး၏။ ကော့သောင်းမှ လာသော ကိုဇော်ဆိုသူကိုလည်း ချေဆုပ်လက်နှယ်ပြုက ဖားခဲ့ဘူးလေ၏။ ဖားကန့်တွင် ကျောက်တူးရင် ချမ်းသာမည် ဆိုသောကြောင့် သူငယ်ချင်းများနှင့် တိုင်ပင်ကာ ဖားကန့်ဘက်သို့ သွားဖို့ လုပ်ဖူး၏။ ထိုသို့ စီစဉ်နေရင်းက ကျွန်ုပ်တို့ အားကိုးတကြီး လိုက်သွားမည့် ဖားကန့်မှ သူငယ်ချင်းဆိုသူ ငှက်ဖျားစွဲကာ ရုပ်ပျက်ဆင်းပျက် ပြန်လာသောကြောင့်သာ ကျွန်ုပ်တို့ ဖားကန့်ဘက်သို့ တက်မည့် အစီအစဉ် ပျက်သွားခဲ့ခြင်း ဖြစ်၏။

ထို့နောက် ကျွန်ုပ်သည် ကြီးပွားချမ်းသာခြင်း အကြောင်းကို ဆက်လက်တွေးတွေးနေမိ၏။ ချမ်းသာခြင်းဆိုသော အကြောင်းအရာသည် အရင်ဘ၀ကတည်းက ပါလာသော အရာလား။ အရင်ဘ၀တုန်းက ချမ်းသာသောကြောင့် ဒီဘ၀မှာ ချမ်းသာကြသည်လား။ သို့မဟုတ် အခုဘ၀တွင်ပင် ကံထနိုင်သော အကြောင်းအရာပေလော။ ကံကြောင့် ချမ်းသာသည်မှာ လူတစ်ရာတစ်ထောင်မှာ တစ်ယောက် မတွေ့ခဲဘူးဖြစ်၏။ ထို့ကြောင့် ကံကို အားကိုးဖို့ဆိုသည်မှာ ကျွန်ုပ်အနေနှင့် ထီထိုးထားပြီး ထီပေါက်ရင် ထမင်းအကြွေးပေးမည် ဆိုသော စိတ်ကူးဖြင့် ထမင်းကို အကြွေးစားနေသလိုပင် ဖြစ်တော့၏။ နောက်တစ်ကြောင်းမှာ ကြိုးစားခြင်း ဖြစ်၏။ ကြိုးစားသည် ဆိုသည်ရာတွင်လည်း ကျွန်ုပ်သည်လည်း အတော်ပင် ကြိုးစားရုန်းကန်လာခဲ့ဘူး၏။ နေ့မအား ညမနား ကြိုးစားခဲ့ခြင်း ဖြစ်၏။ ခနတာ ကြိုးစားသည်မျှ မဟုတ် ၊ နှစ်ပေါင်းများစွာ ကြိုးစားရုန်းကန် လာခြင်းပင် ဖြစ်၏။

သို့သော် အဆင်ပြေမလာ၊ တစ်နေ့ထက်တစ်နေ့ ကြပ်သထက်ကြပ်လာ၏။ ခက်ခဲသထက် ခက်ခဲလာ၏။ ပို ဆိုးသထက် ဆိုးလာခဲ့၏။ ထို့ကြောင့် ကြီးပွားချမ်းသာဖို့ အတွက် ကြိုးစားအားထုပ်ခြင်း တစ်ခုတည်းနှင့်လည်း ပြည့်စုံလာမည် မဟုတ်ကြောင်း ကျွန်ုပ် ကောင်းစွာ သိနားလည်မိလေတော့၏။ ထိုကဲ့သို့ စဉ်းစားမိသည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်သည် ကျွန်ုပ်၏ အသက်အရွယ်များ အချိန်များကို ဖြုန်းတီးပစ်ခဲ့ သလို ဖြစ်တော့၏။ အသက်တွေ ကြီးလာပြီဖြစ်၏။ အရင်တုန်းကလို ကြုံရာကျပန်း လုပ်ကိုင်နိုင်သော အနေအထားမျိုးလည်း ကျွန်ုပ်တွင် အရင်တုန်းကလို မရှိတော့ပေ။ ထို့ကြောင့် ကျွန်ုပ်သည် အသက်ကြီးလာသော်လည်း ဘ၀တွင် မည်သည့်အရာမျှ အရာမထင် ဖြစ်ခဲ့သောကြောင့် စိတ်ဓာတ်များ ညှိုးချုံးကျလာလေတော့၏။ မနက်ဖြန်ပေါင်းများစွာကိုလည်း မည်သို့ ရှင်သန် နေထိုင်သွားရမည်ကို မတွေးတတ် ဖြစ်မိ၏။ အနာဂါတ်ကို တွေးတောရင်း ကြောက်လန့်လာ၏။ အသက်ကြီးလာရင် ဒုက္ခပဲ၊ ဘယ်သူ့ကို အားကိုးရပါ့မလဲဟူသော အတွေးများ ၀င်ရောက်လာလေ၏။ ထိုကဲ့သို့ တွေးတောရင်းနှင့် ကျွန်ုပ်သည် စိတ်ဓာတ်များ အကျကြီးကျကာ တစ်ကိုယ်လုံးလည်း ပူလောင်လာလေတော့၏။

ထိုအချိန်တွင် ကျွန်ုပ်၏ အခန်းတံခါးကို အလိုက်ကန်းဆိုး တဒုန်းဒုန်း ဆက်တိုက် ထုရိုက်သံ ကြားရလေတော့၏။ တံခါးကို ညင်ညင်သာသာ ခေါက်ရင် ရပါလျှက်နှင့် ကျယ်လောင်စွာ တဒုန်းဒုန်း ထု၏။ ဆက်တိုက် ထုရိုက်၏။ ထို့ကြောင့် အိပ်ယာထဲတွင် မိုးအေးအေးဖြင့် ကွေးနေသော ကျွန်ုပ်လည်း စိတ်ထဲတွင် အတော်ပင် ဒေါသဖြစ်သွား၏။ ကျွန်ုပ်၏ စိတ်ထဲတွင်လည်း “ ဟာ.. ဘယ်လို ဖြစ်နေတာလဲ။ မနက်စောစောစီးစီး သူများအိမ်တံခါးကို အတင်းလာထုနေတယ်။ ဖြေးဖြေး ညင်ညင်သာသာလေး ခေါက်ရင် ရပါလျှက်နဲ့ ဘာဖြစ်လို့များ တဒုန်းဒုန်း ထုနေရတာလဲ။ မဟုတ်မှလွဲရော သူဂျီးတော်ကြီး လင်နောက်လိုက်သွားလို့ ဖြစ်မယ်။ သူ့ဂျီးတော်ကြီး လင်နောက်လိုက်သွားယုံနဲ့လဲ အဲဒီလောက် အရေးတကြီး ဖြစ်ပုံမရဘူး။ ဖြစ်နိုင်တာက သူ့ ဂျီးတော်ကြီးက သူ့ကို ငွေတွေ ချေးခိုင်းမယ်။ နောက်ဆုံး ငွေးတွေ အများကြီး ဖြစ်လာမယ်။ နောက်ဆုံး မပေးနိုင်တဲ့ အဆုံး သူ့ ဂျီးတော်ကြီးက လင်နောက်ကို လိုက်သွားမယ်။ အကြွေးရှင်တွေ အားလုံးကလည်း သူ့ဆီမှာ အကြွေးတွေ လာဝိုင်းတောင်းကြတာ ဖြစ်မယ်။ ဒါကြောင့် တညလုံး မအိပ်နိုင်ဘဲ မိုးလင်းလင်းခြင်း ဗေဒင်ဆရာ အိမ်ကို ရောက်လာပြီး တံခါးကို တဒုန်းဒုန်း ထုနေတာဖြစ်မယ်” ဟု စဉ်းစားလိုက်မိလေတော့၏။

ထိုအချိန်တွင် အပြင်ဘက်မှ အလိုက်ကန်းဆိုး မသိနားမလည်သော ဧည့်သည်သည် ကျွန်ုပ်၏ အခန်းတံခါးအား ဆက်တိုက်ဆိုသလို ထုနေသောကြောင့် ကျွန်ုပ်လည်း အိပ်ယာ ခေါင်းအုံး စောင်များကိုပင် မသိမ်းနိုင်တော့ဘဲ အခန်းတံခါးကို စိတ်တိုတိုဖြင့် ဆွဲဖွင့်ပေးလိုက်တော့၏။ ထိုအချိန်တွင် အခန်းတံခါးဝတွင် ညဘာက်လက်မှ မိုးရေစက်လက် ထီးကြီးကို ကလန်ကလားကိုင်ထားလျှက် ညဘက်လက်မှ ကျွတ်ကျွန်အိပ်ထုပ်များကို ဆွဲထားသော ဒေါ်သတ္တိကြီးအား တွေ့လိုက်ရလေတော့၏။ ကျွန်ုပ်လည်း ဒေါ်သတ္တိကြီးကို မြင်လိုက်ရသည်နှင့် တပြိုင်နက် စိတ်ထဲတွင် အောင့်မထားနိုင်တော့ဘဲ “ ဟာ... ဘယ်လို ဖြစ်တာလဲ ဒေါ်သတ္တိကြီးရဲ။ မနက် မိုးတောင်မလင်းသေးဘူး၊ သူများ အိမ်တံခါးကို အလိုက်မသိ တဒုန်းဒုန်း လာထုနေရတယ်လို့။ အားနာတတ်တဲ့ စိတ်လေး နဲနဲလေးတောင် မရှိဘူးလားဟု” လှမ်း ပြောလိုက်လေ၏။ ထိုအခါ ဒေါ်သတ္တိကလည်း ကျွန်ုပ်အား အားကျမခံ အောက်ပါအတိုင်း ပြန်ပြောလေ၏။

ဘယ်လိုလဲ မောင်ဟိန်းတင့်ဇော်ရဲ့။ မနက်စောစော စီးစီး မိုးတောင်မလင်းသေးဘူး ဆိုပါလား။ နာရီကိုလည်း ကြည့်လိုက်စမ်းပါဦးကွယ်။ မိုးလင်းလို့ (၇) နာရီတောင် ကျော်နေပါပကောလား၊ အတိအကျ ပြောရရင် (ရ) နာရီကျော်လို့ ၁၈ - မိနစ်နဲ့ စက္ကန့်တံလေးက ၃၈ - စက္ကန့်ဆိုတဲ့ နေရာလေးကို ဖြတ်သန်းနေတဲ့ အချိန် ဖြစ်နေပါပြီကွယ်။ ဒီအချိန်ကို မိုးတောင်မလင်းသေးဘူးလို့ မင်းမို့ ပြောရဲတယ်ကွယ်။ ဒီအချိန်ဟာ ဘုန်းကြီးကျောင်းမှာဆို ဘုန်းကြီးတွေ အာရုဏ်ဆွမ်း ဘုန်းပေးပြီးလို့ စာဝါတောင် လိုက်နေကြပြီကွဲ။ အပြင်မှာလည်း အလုပ်သွားတဲ့ လူတွေက သွားနေကြပြီ။ ဈေးဆိုင်တွေကလည်း ဈေးရောင်းဖို့ ဆိုင်တောင် ဖွင်ပြီးနေကြပြီ။ လူမပြောနဲ့ ကြောင်တွေခွေးတွေတောင် မနက်စာ စားဖို့ လဘက်ရည်ဆိုင်မှာ ဘယ်သူချပေးမလဲလို့ သွားပြီး တန်းစီနေကြပြီ။ မင်းမှာကြတော့ ဒီအချိန်ကြီးတောင် အိပ်ယာက မထနိုင်သေးဘူး။ အပျင်းကလည်း ကြီးလိုက်တာ လွန်ပါရော။ မင်း ဒီလို အပျင်းကြီးနေပုံ ထောက်ရင် ဒီတစ်သက် ကြီးပွားချမ်းသာဖို့ ဝေးတယ်။ ဆင်းရဲတွင်း နက်သထက် နက်နေဦးမှာပဲဟေ့၊ ကဲ့ပါ မောင်ဟိန်းတင့်ဇော်ရယ်၊ စကားမများစမ်းပါနဲ့။ မင်းဖို့ လမ်းထိပ်က လဘက်ရည်နဲ့ အီကြားကွေးပူပူလေးရယ် စမူဆာလေးတွေရယ် ၀ယ်လာတယ်ဟေ့။ မိုးအေးအေးနဲ့ လဘက်ရည် ထိုင်သောက်ရရင် အာဂပါးစပ် လူဖြစ်ကျိုးနပ်မဟဲ့။ ကဲ... ထထ၊ မျက်နှာသစ် - ရေချိုးချေ။ ငါ ဘုရားသောက်တော်ရေ လဲရင်း လဘက်ရည်တွေ ထည့်ထားလိုက်မယ်ဟု ပြောလေတော့၏။

ကျွန်ုပ်လည်း အိပ်ယာခင်းများ ဆောင်များ ခြင်ထောင်များကို သိမ်းနေကျနေရာတွင် သိမ်းလိုက်၏။ ထို့နောက် ရေချိုးခန်းထဲသို့ ၀င်ကာ မျက်နှာသစ်ခြင်း သွားတိုက်ခြင်း စသည်တို့အား အမြန် ပြုလုပ်ရ၏။ ကျွန်ုပ် ရေချိုးခန်းမှ ပြန်ထွက်လာသော အချိန်တွင် ဒေါ်သတ္တိကြီး ဘုရားသောက်တော်ရေများ ၊ ဖယောင်းတိုင် ၊ အမွှေးတိုင်များ ပူဇော်ပြီးယုံမက ကျွန်ုပ်၏ အခန်းကျဉ်းကလေးထဲတွင် ခုံကလေးချကာ လဘက်ရည် ၀ိုင်းလေးကိုလည်း အဆင်သင့် တည်ခင်းထားပြီး ဖြစ်လေတော့၏။ ကျွန်ုပ်လည်း အလျှင်အမြန် အ၀တ်အစားများ လဲကာ ဘုရားရှိခိုးရ၏။ ထို့နောက် ဒေါ်သတ္တိကြီး အဆင်သင့် စောင့်ဆိုင်းနေသော လဘက်ရည်ဝိုင်းတွင် ၀င်ထိုင်လိုက်၏။

ထို့နောက် ကျွန်ုပ်၏ ရှေ့တွင် ဒေါ်သတ္တိကြီး ချထားပေးသော လဘက်ရည်ခွက်ကို ကောက်ကိုင်ကာ ချက်ချင်း မသောက်သေးဘဲ ကောင်းကင်ကို မြောက်ကာ ဒီလဘက်ရည်ခွက်ထဲသို့ ကောင်းကင်မှ ကြီးပွားချမ်းသာစေမည့် ဓာတ်များ ထည့်ပေးတော်မူပါဟု ရွက်ဆိုကာ လဘက်ရည်ခွက်ကို ကျွန်ုပ်၏ နှုတ်ခမ်းတွင် တေ့ကာ တငုံဆိုရုံလေး ဆွဲစုတ်လိုက်ပြီးနောက် ပါးစပ်ထဲတွင်လည်း အနည်းငယ်မျှသော လဘက်ရည်များကို အရသာခံကာ တပြွတ်ပြွတ် လုပ်နေမိလေတော့၏။ ထို့နောက် စီးကရက်တစ်လိပ်ကို အသာ မီးညှိ့ရှိုက်ဖွာလိုက်ရင်း လဘက်ရည်၏ အရသာကို ကောင်းကောင်းကြီး ခံစားနေမိလေတော့၏။ ဒေါ်သတ္တိကြီးလည်း ကျွန်ုပ်လက်ဘက်ရည် သောက်ပုံကို အစအဆုံး စောင့်ကြည့်နေကာ အောက်ပါအတိုင်း ပြောဆိုလေ၏။

ဒီမှာ မောင်ဟိန်းတင့်ဇော်ရဲ့။ မင်းက လဘက်ရည်သောက်တာ ရိုးရိုးတန်းတန်း မသောက်ဘဲ ဘယ်လို သောက်ရတာလဲ။ ဘာတွေ ရွတ်ဆိုပြီး သောက်နေတာလဲ။ ငါတို့ရွာက လူတွေ တောထဲမှာ တောပိုင်တွေ တောင်ပိုင်တွေကို စားခါနီး သောက်ခါနီး ပူဇော်ပသပြီးမှ စားသောက်သလို မင်းလဲ မင်းပုဂ္ဂိုလ်တွေကို ပူဇော်ပြီးမှ စားသောက်နေတာလားဟု မေးလေ၏။ ထိုအခါ ကျွန်ုပ်က ဟာ တောက်တီးတောက်တဲ့ဗျာ။ ဘယ်ကလာ ပူဇော်ပသရမှာလဲ။ ကောင်းကင်က ကြီးပွားချမ်းသာစေမည့် ဓာတ်တွေကို တောင်းပြီး သောက်နေတာဗျ။ အဲဒါ ဘာဖြစ်လို့ လုပ်ရတာလဲလို့ မေးဦးမလို့လား။ ကြီးပွားချင်လို့ ၊ ချမ်းသာချင်လို့ဗျဟု ကျွန်ုပ်က ခပ်တည်တည်ဖြင့် လူတတ်ကြီးလုပ်ကာ ပြောဆိုလိုက်လျှင် ဒေါ်သတ္တိကြီးက တဟားဟား အော်ရယ်ကာ

အင်း မင်း အဲဒီလို လုပ်နေရုံနဲ့တော့ ကြီးပွားချမ်းသာလာမလား မချမ်းသာဘူးလားတော့ တတ်အပ်မပြောတတ်ဘူး။ မင်းလုပ်တဲ့ နည်းစနစ်ကလည်း သူ့နည်းနဲ့သူတော့ ကောင်းပါလိမ့်မယ်။ ဒါပေမယ့် မင်းရဲ့ နေပုံထိုင်ပုံ ပြောပုံဆိုပုံ တွေကို လေ့လာ အကဲခတ် ကြည့်ရသလောက်တော့ ဟင်း... ဟင်း စိတ်မဆိုးနဲ့နော်၊ အမှန်အတိုင်း ပြောတာ ၊ မင်းကို ကြီးပွားချမ်းသာဖို့ မမြင်ဘူးဟေ့ဟု ကျွန်ုပ်အား ဒဲ့ဒိုးကြီး ကစ်လိုက်လေတော့၏။ ကျွန်ုပ်လည်း ဒေါ်သတ္တိကြီးအား.. “ ဘာလဲ ဒေါ်သတ္တိကြီးက လဘက်ရည် ၀ယ်လာ တိုက်ရတယ်ဆိုပြီး နိုင်ထက်စီးနင်း ပြောနေတာလား” ဟု အားကျမခံ ပြန်ပြောလိုက်လေလျှင် ဒေါ်သတ္တိကြီးက “ လဘက်ရည် ၀ယ်တိုက်ရလို့ ပြောနေတာ မဟုတ်ဘူးဟေ့။ အမှန်အတိုင်း မြင်တဲ့အတိုင်း ပြောနေတာ။ မင်းတို့တွေ မချမ်းသာတာ မကြီးပွားတာဟာ မင်းတို့ရဲ့ လိုအပ်ချက်တွေကြောင့် ဆိုတာ မြင်တဲ့အတိုင်း ပြောနေတာ ။ ကဲ သိပြီလား” ဟု ကျွန်ုပ်အား ပြန်ပြောလေ၏။ ထိုအခါ ကျွန်ုပ်က ကဲဗျာ... ဒါဆို ကျုပ်တို့ မကြီးပွား မချမ်းသာရခြင်း အကြောင်းရင်းကို ပြောပြစမ်းပါဦးဟု ဒေါ်သတ္တိကြီးကို မေးလိုက်လေလျှင် ဒေါ်သတ္တိကြီးက..


အေးလေ ။ ပြောဆိုတော့လဲ ပြောပြရသေးတာပေါ့။ ဒါပေမယ့် မင်းကို အခု ပြောမယ့် စကားတွေဟာ ငါပြောတဲ့ စကားတွေ မဟုတ်ဘူးနော်။ မေတ္တာရှင်ရွှေပြည်သာ ဆရာတော် မိန့်တော်မူတဲ့ စကားတွေ ဖြစ်တယ်။ ဆရာတော်ဟောတဲ့ တရားတော်တွေကလည်း ဘုရားရှင်ဟောကြားတဲ့ ဓမ္မဒေသနာတွေ ဖြစ်တယ်။ မင်းအနေနဲ့ အတိအကျ မူရင်းအတိုင်း ဖတ်ချင်မှတ်ချင်တယ် ဆိုရင်တော့် ၂၀၀၈ ခုနှစ် ဇွန်လထုတ် သူရဇ္ဇ မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော်ဘုရားရဲ့ လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ - ဆောင်းပါးကို ပြန်ရှာဖွေပြီး ဖတ်ပေတော့ဟေ့။ ဒါကြောင့် အခု ငါပြောမယ့် စကားတွေကို ငါပြောနေတယ်ဆိုပြီး ဖြစ်သလို နားမထောင်ရဘူး။ ဘုရားဟောတရားတော်တွေ ဖြစ်တယ်ဆိုတဲ့ အသိစိတ်ကလေးနဲ့ လေးလေးနက်နက် နားထောင်ရင်တော့ ပြောပြမယ်ဟု ကျွန်ုပ်အား ပြန်ပြောပြီးနောက် သူမ၏ရှေ့တွင် ချထားသော လဘက်ရည်ခွက်ထဲရှိ လဘက်ရည်များနှင့် အီကြာကွေးကို တို့၍ စားသောက်လေ၏။

ထို့နောက် ရေနွေးကြမ်း ဖန်ခွက်ကို ကောက်ကိုင်ကာ အနည်းငယ် မှုတ်၍ သောက်လေပြီးလျှင် စကားကို ရပ်ထားလေတော့၏။ ထိုအခါ ကျွန်ုပ်ကလည်း ကဲ..ပါ ဒေါ်သတ္တိကြီးရယ် ။ စကားပြောတာ အိုင်တင် ခံမနေစမ်းပါနဲ့။ ဆက်ပြောပြပါ။ ရိုရိုသေသေ နားထောင်ရမယ်ဆိုရင်လည်း ရိုရိုသေသေ လေးလေးစားစား နားထောင်ပါ့မယ်။ ဆက်ပြောပြပါ။ ကျုပ်တို့ မကြီးပွားတာ မချမ်းသာရခြင်းရဲ့ အကြောင်းရင်းကို သိချင်လို့ပါဗျာ ဟု တောင်းတောင်းပန်ပန် ဆက်ပြောလိုက်ရ၏။ ထိုအခါ ဒေါ်သတ္တိကြီးက နှုတ်ခမ်းတွင် ပေနေသော လဘက်ရည် စများကို တစ်ရှုးဖြင့် အသာအယာ တို့ သုတ်လိုက်ရင်း အောက်ပါအတိုင်း ပြောပြလေတော့၏။

ငါဖတ်ရတဲ့ စာအပိုင်းအစလေး အတိုင်း ပြန်ပြောပြမှာနော်။ အဖြစ်အပျက်က ဒီလိုဟေ့။ မေတ္တာရှင်ဆရာတော် - သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု မေးတယ်တဲ့။ အဲဒီမေးခွန်းက ဘာလဲဆိုတော့ မြန်မာတွေဟာတဲ့ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။ ဒါနကုသိုလ်လည်း အများကြီး ပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင် မြန်မာတွေဟာတဲ့ ကမ္ဘာမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်း တွေကြောင့်လဲတဲ့...။ အဲဒီလို ဆရာတော်ကို မေးကြတယ်တဲ့။


အဲဒီတော့ မေတ္တရှင် ဆရာတော်ဘုရားက ဒီလို ပြန်ဖြေလိုက်တယ်။ ဆရာတော် အကျဉ်း ချုပ် ဖြေလိုက်တာက မြန်မာတွေဟာ ဗုဒ္ဓစကားကို နားမထောင်ကြလို့ ဆင်းရဲနေကြ တာလို့ ဖြေလိုက်တယ်။ အဲဒီလို အကျဉ်းချုပ် ဖြေဆိုတော့ လူတွေက သိတ်နားမလည်ဘူးလေ။ ဒါကြောင့် ဆရာတော်ဘုရားက ဆက်ပြီး အကျယ်ချဲ့ပြီး ဖြေပေးတယ်။ ဘယ်လို ဖြေပေးလဲဆိုတော့...

မြန်မာအများစု မကြီးပွါးခြင်း အကြောင်း ၁၁ ချက်ကို တွေ့ရတယ်။ အဲဒီ ၁၁ ချက်ကို ပြင်လိုက်လျှင်တော့ ကြီးပွါးချမ်းသာလာကြမှာ။ အဲဒီ ၁၁ ချက်က - ဘာတွေလဲဆိုတော့

နံပါတ်(၁) တကယ် လိုအပ်သော နေရတွင် မလှူဘဲ နာမည်ကြီးမည့် နေရတွင်သာစုပြုံလှူကြခြင်း။ ဥပမာအားဖြင့် စာသင်တိုက်တစ်တိုက်မှာ ကုဋီ (အိမ်သာ)လိုနေတယ်။ ဒါပေမယ့် လှူမယ့်သူ မရှိဘူး။ ဘာကျတော့ လှူသလဲ ဆိုတော့ဘုရားခန်း ထဲမှာ ရုပ်ပွါးတော် တစ်ဆူ ရှိပြီးဖြစ်လျက်နဲ့ နောက်ထပ် ရှစ်ဆူလောက် ထပ်လှူတော့ ဘုရားကိုးဆူဟာ ကျပ်ကျပ်တည်းတည်း စံနေတော်မူကြရတယ် ဗုဒ္ဓဘာသာ အများစုဟာ ဘုရားဒကာ၊ ဘုရားအမသာ အမည်ခံချင်ကြတာ။ အိမ်သာဒကာ၊ အိမ်သာအမ အမည်မခံချင်ကြဘူး။ လှူတယ်ဆိုတာ ကိုယ့်အတွက် မဟုတ်ပါဘူး။ အလှူခံ အတွက်ပါ။ ဒါကြောင့် အလှူခံ လိုအပ်တာကို ရွေးချယ်ပြီး လှူသင့်တယ်။ ကိုယ်လှူချင်တာကို ရမ်းပြီး မလှူသင့်ဘူးတဲ့။


နောက် မကြီးပွားမချမ်းသာ မတိုးတက်စေတဲ့ နံပါတ်နှစ်အကြောင်းက မြတ်စွာဘုရားက အင်္ဂုတ္တိရ်ပါဠိတော် ဇာဏုသောဏိသုတ်မှာ သမ္ပဒါလေးပါးနဲ့ ပြည့်စုံရင် ကြီးပွါးချမ်းသာမယ်လို့ ဟောခဲ့တယ်။ ဗုဒ္ဓဘာသာ အများစုဟာတဲ့ တစ်ပါးမှ မပြည့်စုံဘူးတဲ့။


နောက် မကြီးပွားမချမ်းသာ မတိုးတက်စေတဲ့ နံပါတ်သုံးအကြောင်းက ဘာသာရေး အပေါ်မှာ ထားတဲ့ မေတ္တာစေတနာမျိုးကို စီးပွါးရေး အပေါ်မှာ မထားကြလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြတာတဲ့။


နောက် မကြီးပွားမချမ်းသာ မတိုးတက်စေတဲ့ နံပါတ်လေးအကြောင်းက ပျင်းရိခြင်း အကုသိုလ်ကို ရောင့်ရဲခြင်း ကုသိုလ်လို့ အထင်မှား ကျင့်သုံးနေတဲ့ အတွက်လည်း မြန်မာတွေဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြတာ ဖြစ်တယ်တဲ့။


နောက် မကြီးပွားမချမ်းသာ မတိုးတက်စေတဲ့ နံပါတ်ငါး အကြောင်းက အတ္တသမ္မာ ပဏီဓိ မင်္ဂလာချို့တဲ့လို့ တစ်နည်းအားဖြင့် မိမိကိုယ်မိမိ ကောင်းတဲ့အလုပ်မှာ ဆောက်တည်နေနိုင်စွမ်း မရှိလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့် သလောက် မကြီးပွါးကြတာ ဖြစ်တယ်တဲ့။


နောက် မကြီးပွားမချမ်းသာ မတိုးတက်စေတဲ့ နံပါတ်ခြောက် အကြောင်းက အချိန်တန်ဖိုးကို မသိကြတဲ့ အတွက်လည်း ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။ အချိန်တန်ဖိုး သိတဲ့ သူများဟာ ဥစ္စာစည်းစိမ်ကို ရခြင်း၊ ကုသိုလ်တရားကို ရခြင်း၊ ပညာဗဟုသုတကို ရခြင်း အမျိုးမျိုးနဲ့ အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတယ်။ အချိန်တန်ဖိုး မသိတဲ့ သူများကတော့ မြူးထူးပျော်ပါး ကစားခြင်း၊ ငြင်းခုံခိုက်ရန် စကားများခြင်း အချိန်ကို တန်ဖိုးမဲ့စွာ အသုံးချနေကြတယ်။ ဒါကြောင့် ဆင်းရဲကြတာဖြစ်တယ်တဲ့။


နောက် မကြီးပွားမချမ်းသာ မတိုးတက်စေတဲ့ နံပါတ်ခုနှစ်အကြောင်းက ကိုယ့်ထက်သာလျှင် မနာလိုဖြစ်ပြီး သူတစ်ပါးအကျိုး ပျက်စီးအောင် ဖျက်ဆီးတတ်ကြတယ်။ ဒီအချက်ဟာလည်း မြန်မာအများစု မကြီးပွါးခြင်းရဲ့ အကြောင်းတစ်ခုပဲ။ ကိုယ့်ထက်သာလို့ ဝမ်းသာရင် မုဒိတာလို့ ခေါ်တဲ့ ကုသိုလ်တရားဖြစ်တယ်။ ကိုယ့်ထက်သာလို့ မနာလိုဖြစ်ရင် ဣဿာဆိုတဲ့ အကုသိုလ်တရား ဖြစ်တယ်။


ပညာရှိ ပညာမဲ့ဆိုတာ ဒီနေရာမှာ ကွဲသွားတာပဲ။ ပညာရှိက ကိုယ့်ထက်သာတဲ့လူကိုတွေ့ရင် ဝမ်းမြောက်ခြင်းဆိုတဲ့ မုဒိတာကုသိုလ်ကို အရယူတယ်။ ပညာမဲ့ကကိုယ့်ထက်သာတဲံသူကို တွေ့ရင် ဣဿာလို့ခေါ်တဲ့ အကုသိုလ်ကို အရယူတယ်။ ဒေါက်တာဘွဲ့ကြီး ရထားပါစေ၊ မနာလိုတတ်တဲ့ သူဟာ ပညာမဲ့ပါပဲ။ ဘာအတန်းပညာမှ မတတ်ရင် နေပါစေ၊ ကိုယ့်ထက်သာတဲ့ သူအပေါ်မှာ ဝမ်းမြောက်ရင် ပညာရှိပဲ။


ဣဿာဖြစ်နေသလား၊ မုဒိတာဖြစ်နေသလား ဆိုတာ သူ့ရဲ့နှုတ်က ထုတ်ဖော် အစီရင်ခံပါလိမ့်မယ်။ တော်တာကို တော်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းစကားပြောရင် သူ့သန္တာန်မှာ မုဒိတာတရား ဖြစ်နေတယ်လို့ သိနိုင်တယ်။ မချီးမွမ်းဘဲ နှုတ်ဆိတ်နေခြင်း၊ မပြောပလောက်တဲ့ အားနည်းချက်ကို ထောက်ပြပြီး အပြစ်ပြောနေခြင်းဟာ သူ့သန္တာန်မှာ ဣဿာဖြစ်တယ်လို့ ပြတာပါပဲ။ ပညာမဲ့က သူ့သန္တာန်မှာ ဣဿာတရားဖြစ်နေတယ် ဆိုတာကို သူတစ်ပါးရဲ့ အပြစ်ကိုအတုံးလိုက် အတစ်လိုက်ပြပြီး ထင်ထင်ရှားရှား ပြတယ်။


ပညာတတ်တွေ ကျတော့သူတို့သန္တာန်မှာ ဖြစ်နေတဲ့ ဣဿာကို ထင်ထင်ရှားရှား မပြဘူး။ မသိမသာဘဲပြတယ်။ ပညာတတ်က သူတို့သန္တာန်မှာ ဣဿာဖြစ်နေတာကို သူတစ်ပါး သိသွားမှာကိုလည်း စိုးရိမ်တယ်။ အဲဒီတော့ ပညာတတ်က အောင်မြင်နေတဲ့ လူတစ်ယောက်ရဲ့ မပြောပလောက်တဲ့ အပြစ်ကလေးကို ခပ်ပါးပါး ထောက်ပြပြီး အမှတ်ယူတတ်တယ်။ အပေါ်ယံ ကြည့်ရင်တော့ အောင်မြင်နေတဲ့ လူရော၊သူ့နောက်လိုက် တပည့်တွေကိုပါ မှားမှာစိုးလို့ သတိပေးတဲ့ ပုံစံမျိုးပေါ့။ အမှန်က မိမိရဲ့ ဣဿာကို သူတစ်ပါး မသိအောင် ခပ်ပါးပါး လှစ်ပြတာပါပဲ။


နောက်တစ်ခုကတော့ မြန်မာအများစု မကြီးပွါးခြင်းရဲ့ နံပါတ်ရှစ် အကြောင်းကတော့ စာပေဗဟုသုတ မရှိတာပါပဲတဲ့...။


၉။ နံပါတ် ၉ အကြောင်းကတော့ ဒေသန္တရ ဗဟုသုတ မရှိတာပါပဲ။ ဒါကြောင့် စာပေဗဟုသုတ ရှိအောင် စာမျိုးစုံ ဖတ်သင့်ပြီး တစ်နှစ် တစ်ကြိမ် ဒေသန္တရ ဗဟုသုတ ခရီးကို သွားသင့်ပါတယ်လို့ ဆရာတော်က မိန့်တယ်ဟေ့။


၁၀။ နံပါတ်တစ်ဆယ် အကြောင်းကတော့ ခေါင်းဆောင်စိတ် နည်းပါးတာပါပဲ။ ကောင်းတဲ့ အလုပ်ဆိုရင် မခိုင်းဘဲ လုပ်တာ။ အလုပ်ကို အများကြီး လုပ်ပြီး အခွင့်အရေးကို နည်းနည်း ယူတာတွေဟာ ခေါင်းဆောင်စိတ်ပါပဲ။ ဆန့်ကျင်ဘက်အားဖြင့် ခိုင်းမှ လုပ်တတ်တာ။ အလုပ်ကို နည်းနည်းလုပ်ပြီး အခွင့်အရေး အများကြီး ယူတာဟာ နောက်လိုက်စိတ် ခေါ် ကျွန်စိတ်ပါပဲ။


၁၁။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ ၁၁ ခုမြောက် နောက်ဆုံး အကြောင်းကတော့ ကိုယ့်အားကိုယ်ကိုးလိုစိတ် နည်းပါးတာပါပဲ။ အနောက်တိုင်းနိုင်ငံ အများစုက အရှေ့တိုင်းနိုင်ငံ အများစုထက် ချမ်းသာကြွယ် ဝနေရခြင်းရဲ့ အဓိက အကြောင်းဟာ ၁၈ နှစ်ပြည့်တာနဲ့ ကိုယ့်အားကိုယ်ကိုးပြီး စီးပွါးရေး အလုပ်လုပ်ကြလို့ပဲ။ အနောက်နိုင်ငံက လူငယ်တွေဟာ ၁၈ နှစ်ပြည့်ပြီးတာနဲ့ လူကြီးဖြစ်ပြီလို့ သတ်မှတ်ပြီး စီးပွါးရေးလုပ်ငန်း၊ တစ်နည်း ငွေဝင်တဲ့ လုပ်ငန်းတစ်ခုခုကိုမဖြစ်မနေ လုပ်ကြတော့တာပဲ။


မြန်မာ အမျိုးသမီး တစ်ဦး နယူးဇီလန် နိုင်ငံကို ပညာတော်သင် ရောက်သွားတယ်။ တစ်နေ့ ကိစ္စတစ်ခုရှိလို့ တက္ကစီ ငှားစီးသွားတယ်။ ကားမောင်းသမားလေးက အသက် ငယ်ရွယ်သူလေး ဖြစ်နေလို့ ကျောင်းမတက်ဘူးလားလို့ မေးကြည့်တဲ့ အခါေ ဆးတက္က သိုလ် နောက်ဆုံးနှစ် ကျောင်းသားဖြစ်နေတယ်။ မြန်မာ အမျိုးသမီးဆိုတော့ မြန်မာပြည်ရဲ့ အလေ့အထ အတိုင်း မိဘက မတတ်နိုင်လို့ တက္ကစီ မောင်းနေရတာလို့ထင်သွားတာပေါ့။ ဘယ်ဟုတ်ရမှာလဲ။

မေးလိုက်တဲ့အခါ ဟိုက ဘယ်လို ပြောသလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အလေ့အထက အနောက်တိုင်းဆန်ပါတယ်။ ဒါကြောင့် ၁၈နှစ် ပြည့်ပြီးတာနဲ့ မိဘကို အားကိုးပြီး မနေကြပါဘူး။ ကိုယ်ပိုင်လုပ်ငန်း တစ်ခုခုလုပ်ပြီး ငွေရှာပါတယ်။ အဲဒီငွေနဲ့ ကျောင်းတက်ပါတယ်။ ၁၈ နှစ်ပြည့်ပြီးရင် လူကြီးဖြစ်ပြီလို့ သတ်မှတ်ပါတယ်။ လူကြီးဘဝ ရောက်နေပြီ ဖြစ်ရက်နဲ့ မိဘလုပ်စာ ထိုင်စားရမှာ မိဘလုပ်စာနဲ့ ကျောင်းတက်ရမှာကို အင်မတန် ရှက်ကြပါတယ်။

၁၈ နှစ်ပြည့်ပြီး သူငယ်ချင်းတွေ တွေ့ကြတဲ့အခါ ဘယ်အလုပ် လုပ်သလဲလို့မေးမြန်းနှုတ်ဆက်တတ်ပါတယ်။ ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရက်နဲ့ စီးပွါးရေး အလုပ်တစ်ခုမှ မလုပ်တဲ့ သူကို လူရာမဝင်သူလို့ သတ်မှတ်ပြီး ဘယ်သူမှ အပေါင်းအသင်း မလုပ်ကြပါဘူးလို့ အားရပါးရ ပြန်ပြောတယ်။ ဒီမှာတော့ ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး ကျောင်းတက်တဲ့ လူကို ဆင်းရဲသားဆိုပြီး ဝိုင်းအထင်သေးကြတယ်။ မိဘလုပ်စာစား၊ မိဘအိမ်က ကားနဲ့ စတိုင်ကျကျ ကျောင်းတက်နိုင်သူကိုမှ သူဌေးဆိုပြီး အထင်ကြီးကြတယ်။ဒါကြောင့် မြန်မာ အများစုဟာ ဂုဏ်မယူသင့်တာတွေကို ဂုဏ်ယူပြီး ဂုဏ်ယူသင့်တာကို ဂုဏ်မယူတဲ့ အတွက် ကြီးပွါး သင့်သလောက် မကြီးပွါးကြတာဘဲ လို့ ဆရာတော်ဘုရားက ပြန်ဖြေပေးတော်မူတယ်။


အဲဒီတော့ မောင်ဟိန်းတင့်ဇော်ရေ..။ မင်းအနေဲ့ ကြီးပွားချင်တယ်၊ ချမ်းသာချင်တယ် ၊ အောင်မြင်ချင်တယ်ဆိုရင် မင်းရဲ့ အလေ့အကျင့်အတိုင်း အဓိဋ္ဌာန်တွေ ၀င်တာလဲ ၀င်ပါ။ ဂါထာတွေ ရွတ်စရာရှိရင်လည်း ရွတ်ပါ။ မင်းလုပ်စရာရှိတာတွေလည်း မင်းရဲ့ ယုံကြည်ချက်အတိုင်း လုပ်လို့ ရပါတယ်။ အေး ဒါပေမယ့် အပေါ်မှာ ဆရာတော်ဘုရား ဟောတော်မူထားတဲ့အတိုင်းလည်း ရှောင်စရာရှိတာတွေ ရှောင်လေပေါ့ကွယ်။ အဲဒီ ဆယ့်တစ်ချက်ကို ဆောင်ထားရင်တော့ မင်း ဆင်းရဲမယ်။ နုံချာမယ်၊ အောက်တန်းကျမယ်။


အဲဒါတွေကို ပြောင်းပြန်ပြန်လိုက်ပြီး ရှောင်လိုက်မယ်ဆိုရင်တော့ မင်းလိုချင်တဲ့ မင်းတောင့်တတဲ့ မင်းရည်မှန်းတဲ့ ချမ်းသာခြင်းဆိုတဲ့ အရာဟာ မင်းဆီကို မလွဲမသွေ ဧကန်မုချ ရောက်ရှိလာလိမ်မယ်ဟူ၍ ၊ တွံ - ညဏ်သိမ်ဖျဉ်းသော အရိပ်ပြ၍ အကောင်မမြင်တတ်သော မောင်ဟိန်းတင့်ဇော်ဆိုတဲ့ သူငယ်နှပ်စားကလေးဖြစ်သော သင်သည်၊ ဂဏှာဟိ၊ ကောင်းစွာမသွေ မသေမချင်း မှတ်ထားပေတော့ဟေ့.... ဟု ခပ်တည်တည်ဖြင့် ပြောဆိုကာ အခန်းတွင်းသို့ ဗေဒင်မေးရန် ဧည့်သည်များ ရောက်ရှိလာလေသောကြောင့် ကျွန်ုပ်အား နှုတ်ဆက်ကာ မိုးအေးအေးထဲတွင် အပူအပင်ကင်းကာ အကြောင့်အကျ မဲ့သော ခြေလှမ်းများဖြင့် ပြန်ထွက် သွားလေတော့သတည်း....

အားလုံးကို ခင်မင်လေးစားစွာဖြင့်
ဆရာဟိန်းတင့်ဇော် (ထိုင်းနိုင်ငံ ၊ မဟာချိုင်မြို့)

4 comments :

Alice said...

could you please explain what သမ္ပဒါလေးပါး are?

IT GARDEN said...
This comment has been removed by the author.
IT GARDEN said...

လာရောက်ဖတ်ရှု အားပေးသွားတယ် ဆရာ ဒီထက်ကောင်း မွန်သော
အရာ များ တတ်သိနားလည် သင်ပေးနိုင်ပါစေ ဗျာ
ချစ်ခင်လေးလျက်
ညီသူ..
http://sun-itgarden.blogspot.com/

sss said...

လေးစားပါတယ်ဆရာ၊ ဒီလိုစာသားတွေများများတင်နိုင်ပါစေဗျာ၊ ဒါမှ မြန်မာလူမျိုးတွေ ကြီးပွားတိုးတက်မှာ

Post a Comment

မရှင်းလင်း၍ မေးသည်များကို အီးမေးလ် ပေးပို့ပြီး မေးရင် ပိုပြီးထိရောက်စွာ ကူညီဖြေပေးပါမည်။ (sayaheintintzaw@gmail.com)

 

စာအုပ်များအမှတ်စဉ်(၁)အုပ်ရေ(၅၀၀)

စာအုပ်များ အမှတ်စဉ်(၃) အုပ်ရေ (၅၀၀)

စာအုပ်များအမှတ်စဉ် (၂) အုပ်ရေ (၅၀၀)