ဘလော့ပို့များကို ပြန်လည် စီစစ်ပြီး စာဖတ်သူများ ရှာဖွေရ လွယ်ကူစေရန် ဘေးဘက် မီနူးများကို ပြန်လည် ပြုပြင်နေပါတယ်။ နောင်တွင် မိမိကိစ္စကို ဘေးမီနူးတွင် လွယ်ကူစွာ ရှာဖွေနိုင်ရန်အတွက် ရည်ရွယ်ပါသည်

မဟာမြိုင်စခန်း အ၀င်လမ်း (မဟာဂန္ဓာရီမှတ်တမ်း)(မင်းသိင်္ခ) (အပိုင်း-၉)

ပုတီစခန်း၊ အဓိဋ္ဌာန်လမ်းကို စနစ်တကျ လိုက်စားလိုသော သူများအတွက် ရည်ရွယ်ပါသည်။ အစမှ အဆုံးတိုင် နေ့စဉ် ကြိုးစား၍ တင်ပေးနိုင်အောင် အားထုပ်ပါမည်။ ဤစာအုပ်တွင် ပုတီးစိပ်ခြင်း၊ အဓိဋ္ဌာန် ၀င်ခြင်း အစရှိသော ဂန္ဓာရီလမ်းနှင့် ပါတ်သက်၍ ပြည့်စုံစွာ ဖော်ပြပေးထားပါသည်။

မဟာမြိုင်စခန်း အ၀င်လမ်း (အပိုင်း-၁) (အပိုင်း-၂) (အပိုင်း-၃) (အပိုင်း-၄) (အပိုင်း -၅) (အပိုင်း -၆)
(အပိုင်း - ၇) (အပိုင်း - ၈)

အခန်း (၁၁) အံ့ဖွယ်ကိုးဆူ ဓိဋ္ဌာန်ယူ

တစ်နေ့တွင် ...ဦးသူတော်က ကျွန်ုပ်အား..“ မောင်အောင်ထွန်း..... မင်းက ကျုပ်ဆီမှာ ပုတီးစိပ် သင်နေတာ မဟုတ်လား၊ ခုတော့ ပုတီးစိပ်သင်တာက နောက်ရောက်သွားပြီ ၊ လေလံပစ်တဲ့ လုပ်ငန်းတွေ၊ အပေါင်ဆုံး ပစ္စည်းတွေဝယ်တဲ့ လုပ်ငန်းတွေက ရှေ့တန်းရောက်နေပြီ။ ” ဟုပြောလိုက်လျှင် ကျွန်ုပ်လည်း အဖြစ်မှတ်ကို ပြန်လည်သုံးသပ်မိပြီး....ဟုတ်ပါ့ဗျာ....ပုတီးရိုးရိုး မဟုတ်တော့ဘဲ၊ ပုတီးလေလံဖြစ်နေပြီ... ဦးသူတော်။ လေလံပွဲတွေကိစ္စကို ခဏရပ်ပြီး...ပုတီးလက်ချာလေး ဆက်ပေးပါဦး ” ဟု ပြောလိုက်လေ၏။ ထိုအခါ ဦးသူတော်သည် အားပါးတရ ရယ်မောလေတာ့၏။

“ ဒီနေ့ ဘာနေ့လဲ ...မောင်အောင်ထွန်း ” “ တနင်္ဂနွေနေ့ပါ...ဦးသူတော် ” “ ဟန်ပါ့ကွာ....ငါတို့နှစ်ယောက် ဒီနေ့ ရွှေတိဂုံဘုရား သွားမယ်။ ကားသွားထုတ်ချေ။ မှတ်စုစာအုပ်ပါ ယူလာခဲ့။ ဒီနေ့...ပုတီးလက်ချာက သိပ်အရေးကြီးတယ်။ အထက်လမ်းရဲ့ အတတ်လမ်းအစလို့ ပြောရမှာပဲ။ ” ဟု ဦးသူတော်က ပြောလေ၏။ ထို့နောက် ကျွန်ုပ်တို့နှစ်ဦးသည် “ အနန္တသိဒ္ဓိဒီပံ ” စာတမ်းထိုးထားသည့် ကားလေးနှင့် ရွှေတိဂုံဘုရားသို့ ဘုရားဖူး သွားကြလေ၏။ ရွှေတိဂုံဘုရားသို့ ရောက်သောအခါ...ဦးသူတော်က ကျွန်ုပ်အား ရင်ပြင်တော် စနေထောင့်သို့ ခေါ်သွားပြီးလျှင် စေတီငယ် တစ်ဆူရှေ့၌ ရပ်ပြီး ထိုစေတီငယ် မုဓ်ခုံးပေါ်သို့ လက်ညှိုးထိုးပြကာ....

“ ဝိဇ္ဇာဇော်ဂျီရုပ်တွေ တွေ့တယ်မဟုတ်လား။ အဲဒီစေတီကို ဝိဇ္ဇာရှစ်သောင်းဘုရား လို့လည်း ခေါ်တယ်။ “ အထက်လမ်းအစ ဝိဇ္ဇာရှစ်သောင်းဘုရား ” က လို့တောင် အဆိုရှိတယ်။ အဲဒီစေတီရှေ့မှောက် “ အရဟံ ” ဂုဏ်တော်ကို တစ်နေ့ကိုးပါတ် ကိုးရက်တိတိ စိပ်ရလိမ့်ယ်။ မောင်အောင်ထွန်း....” ဟု ပြောလေ၏။

ကျွန်ုပ်လည်း ထိုစေတီငယ်၏ မုဓ်ခုံးပေါ်သို့မော့၍ ကြည့်လိုက်ရာ ဇော်ဂျီရုပ်များကို တွေ့ရလေ၏။ “ ဟန်လိုက်လေကွာ...ဒီနေ့ တနင်္ဂနွေပဲ မဟုတ်လား။ ဒီဝိဇ္ဇာဇော်ဂျီဘုရားမှာ အရဟံ ဂုဏ်တော်ကို ပုတီးကိုးပတ်စိပ်ပါ။ ငါစောင့်နေမယ်။ မင်းပုတီးစိပ်ပြီးမှ ကျန်တဲ့နေရာထူးတွေကို လိုက်ပြမယ်။ ”  ဟု ဦးသူတော်က ပြောလိုက်လေရာ ကျွန်ုပ်လည်း ပါလာသောပုတီးကို ထုတ်ပြီး “ ဝိဇ္ဇဇော်ဂျီဘုရား ” ရှေ့၌ ထိုင်ကာ အဓိဌာန်ပုတီးကို စ၍ စိပ်ပါတော့သတည်း။” ပုတီးကိုးပတ်ပြည့်သောအခါ၌ ....ကျွန်ုပ်သည် မှတ်စုစာအုပ်၌ “ ဝိဇ္ဇာဇော်ဂျီ ဘုရား”  “ အရဟံ ဂုဏ်တော်ကိုးပတ်ကိုးရက် ”  ဟုရေးမှတ်လိုက်လေ၏။

ထို့နောက်.. ဦးသူတော်သည် ကျွန်ုပ်အား ရင်ပြင်တော်ပေါ်ရှိ ရာဟုထောင့်သို့ ခေါ်သွားပြန်၏။ “ မောင်အောင်ထွန်း .... ဒီဘုရားကို “ ဘားလေးဘားဘုရား ” လို့လဲခေါ်တယ်။ နောက်တော့ ...ရှင်စောပု ဘုရင်မကြီးက အဓိဌာန်ပြုပြီး ဆုတောင်းပြည့်လို့ “ ရှင်စောပုဘုရား” “ဆုတောင်းပြည့်ဘုရား ” လို့လည်းခေါ်တယ်။ ဒီဘုရားမှာက “ သမ္မာသမ္ဗုဒ္ဓေါ ” ဂုဏ်တော်ကို ကိုးပတ်ကိုးရက် စိပ်ရမယ်...ဟု ဦးသူတော် ကြီးက ပြောလိုက်ရာ ကျွန်ုပ်သည် မှတ်စုစာအုပ်၌ “ ရှင်စောပုဘုရား ”  “ သမ္မာသမ္ဗုဒ္ဓေါ ” ဂုဏ်တော်ကို ကိုးပတ်ကိုးရက် ”ဟု ရေးမှတ်လိုက်၏။

ဘုရားအနီးတွင် စကားစိမ်း၊ စကားဝါ ၊ စကားနီ ၊ စကားဖြူ ၊စကားလေးပင်ပေါက်နေ၍နေခြင်းမှာ ထူးဆန်းလှပေ၏။

“ မောင်အောင်ထွန်း...ရှင်မထီးဘုရားကို သွားကြရအောင် ...” အဲဒီဘုရားမှာက “ ဝိဇ္ဇာစရဏ သမ္ပန္နော ” ဂုဏ်တော်ကို ကိုးပတ် ကိုးရက် စိပ်ရလိမ့်မယ်။ ” ဟု ဦးသူတော်ကြီးက ပြောလိုက်လေရာ ကျွန်ုပ်က “နောင်တော်ကြီးဘုရားရဲ့ မြောက်ဘက်က အာရုံခံတန်ဆောင်းထဲမှာ ရှိတဲ့ဘုရား မဟုတ်လား... ဦးသူတော်ကြီးဟု မေးလိုက်၏။ ” ဟုတ်တာပ..မောင်အောင်ထွန်း ၊ လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ထောင်ကျော်လောက်က ရှင်မထီး ဆရာတော် တည်သွားတဲ့ ဘုရားပဲ။ အဲဒီဘုရားမှာ အဓိဌာန်ဝင်ရင်တော့ သတိတော်တော်ထားရလိမ့်မယ်။ အထက်လမ်းရဲ့ အတက်လမ်းကို စဖျက်မယ့်နေရာပဲ။ အဖျက်အဆီးတော်တော်များများ တွေ့ရလိမ့်မယ်..ဟု ဦးသူတော်ကြီးက ပြောလေ၏။

ရှင်မထီးဘုရားသို့ ရောက်သောအခါ၌ ကျွန်ုပ်သည် မှတ်စုစာအုပ်၌ “ ရှင်မထီးဘုရား ”  ဝိဇ္ဇာစရဏ သမ္ပန္နော ဂုဏ်တော် ကိုးပတ်ကိုးရက် ဟုရေးမှတ်လိုက်လေ၏။ ထို့နောက် ကျွန်ုပ်နှင့် ဦးသူတော်ကြီးတို့ နှစ်ဦးသည် နောင်တော်ကြီးဘုရား၏ တောင်ဘက်တွင်ရှိသော အာရုံခံတန်ဆောင်းကြီး အတွင်းသို့ ဝင်ခဲ့ကြလေ၏။ ထိုအာရုံခံတန်ဆောင်းအတွင်း၌ ပုဂံခေတ်က ရွှေမိုးငွေမိုးရွာစေခဲ့သော ဆရာတော်အဖြစ် ထင်ရှားခဲ့သည့် ရှင်အဇ္ဇဂေါဏ ဆရာတော် တည်ထားသော ဘုရားတစ်ဆူကို ဖူးတွေ့ရ၏။ ထိုဘုရားရုပ်ပွားတော်မှာ မျက်လုံးတော် တစ်ဖက်ကျဉ်း တစ်ဖက်ကျယ် ထုလုပ်ထားသည်ကို ထူးဆန်းစွာ ဖူးတွေ့ရလေ၏။

ထိုအခါ ကျွန်ုပ်သည် “ ရှင်အဇ္ဇဂေါဏဘုရားသုဂတောဂုဏ်တော် ကိုးပတ်ကိုးရက် ဟူ၍ မှတ်စုစာအုပ်၌ ရေးမှတ်လိုက်လေ၏။ ဓမ္မစေတီဘုရားတော့ မင်းသိတယ် မဟုတ်လား မောင်အောင်ထွန်း ဟု ဦးသူတော်ကြီးက ပြောလိုက်လေရာ ကျွန်ုပ်က သိပါတယ် ဦးသူတော် ၊ ကျားရုပ်နှင့် ခြင်္သေ့ရုပ်ရှိတဲ့ ဓမ္မစေတီးဆုတောင်းပြည့် ဘုရားကို ပြောတာမဟုတ်လားဟု ကျွန်ုပ်က ပြန်၍ ပြောလိုက်လေ၏။ ထို့နောက် ကျွန်ုပ်တို့နှစ်ဦးသည် ဘိုးဘိုးအောင် တန်ဆောင်းနှင့် ကျောချင်းကပ်လျက်ရှိသော ဓမ္မစေတီ ဆုတောင်းပြည့် ဘုရားသို့ ရောက်ရှိခဲ့ကြ၏။

မောင်အောင်ထွန်း ..ဒီဘုရားမှာ “ လောကဝိဒူ ” ဂုဏ်တော်ကို ကိုးပတ်ကိုးရက် စိပ်ရလိမ့်မယ်။ ထူးခြားတာက ဒီဘုရားမှာ လောကီဝိဇ္ဇာ ဖြစ်ရပါလို၏ လို့စပြီး ဆုပန်ရလိမ့်မယ် ဟု ဦးသူတော်ကြီးက ပြောလိုက်လေရာ ကျွန်ုပ်လည်း မှတ်စုစာအုပ်၌ “ ဓမ္မစေတီဘုရား ” “ လောကဝိဒူဂုဏ်တော် ” ကိုးပတ်ကိုးရက် ဟူ၍ မှတ်သားထားလိုက်လေ၏။ လာဟေ့ မောင်အောင်ထွန်း “ ဆံတော်တွင်းတန်ဆောင်း ” ဘက်ကို သွားကြရအောင် ၊ အဲဒီတန်ဆောင်းမှာ ရုပ်ပွားတော် တစ်ဆူရှိတယ်။ အဲဒီမှာ “ အနုတ္တရော ပုရိသ ဓမ္မသာရထိ ” ဂုဏ်တော်ကို စိပ်ရလိမ့်မယ် ဟုဦးသူတော်ကြီးက ပြောလေ၏။

ထိုဆံတော်တွင်း တန်ဆောင်းမှာ ဘီစီ ၅၈၉ ခုနှစ်က ဗုဒ္ဓမြတ်စွာထံမှ ရရှိသည့် ဆံတော်များကို ရွှေတိဂုံစေတီ မတည်မီက ရေဖြင့် ဆေးကြောခဲ့သော နတ်ရေတွင်းကို ငုံ့၍ ၁၈၇၉ ခုနှစ်က အုတ်ပြဿဒ်ကို တည်ဆောက်ခဲ့ဖြစ်သည်ဟု အဆိုရှိပါသည်။ ကျွန်ုပ်လည်း မှတ်စုစာအုပ်၌ ဆံတော်တွင်းဘုရားအနုတ္တရောပုရိသ ဓမ္မသာရထိ ဂုဏ်တော်ကို ကိုးပတ်ကိုးရက် ” ဟူ၍ ရေးမှတ်ရပြန်တော့၏။ ထို့နောက် ကျွန်ုပ်နှင့် ဦးသူတော်ကြီးတို့နှစ်ဦးသည် အရှေ့မုဓ်ဦးနှင့် အင်္ဂါထောင့်ကြား၌ ရှိသော စေတီတော် တစ်ဆူသို့ ရောက်ခဲ့ကြ၏။ ၎င်းစေတီတောင်ဘက် မုဓ်အတွင်း၌ ကြေးဆင်းတု ရုပ်ပွားတော်မြတ် တစ်ဆူရှိ၏။ လွန်စွာမှ အချိုးအစား ကျနပြေပြစ်လှ၏။ ရွှေတိဂုံကုန်းတော်ပေါ်ရှိ ဆင်းတုတော်များ အနက် လွန်စွာမှ သပ္ပါယ်လှသော ဆင်းတုတော် တစ်ဆူ ဖြစ်၏။ နဖူးတော် နေရာ၌ အနည်းငယ်မျှ မို့မောက်နေသောကြောင့် ပြဒါးရှင်လုံး ဌာပနာထားသည်ဟုလည်း ပြောစမှတ်ပြုကြ၏။ ထိုပြဒါးရှင်ဘုရား၌သတ္တာဒေဝ မနုဿာနံ ” ဂုဏ်တော်ကို ကိုးပတ်ကိုးရက် စိပ်ရမည် ဖြစ်ပါသည်။

 “ မောင်အောင်ထွန်း လောကီပညာရပ်တွေ လိုက်စားတဲ့ အခါမှာ ဘယ်ဟာ အရေးကြီးဆုံးလည်း သိလား ” ဟု ဦးသူတော်ကြီးက မေးလိုက်ရာ ကျွန်ုပ်က သီလ နဲ့ သမာဓိပေါ့ ဦးသူတော် ဟု ကျွန်ုပ်က ပြန်၍ ဖြေလိုက်လေ၏။ မှန်တော့မှန်တယ် ဒါပေမဲ့ အပြည့်အဝတော့ မဟုတ်သေးဘူး.. ကတိနဲ့ သစ္စာမတည်ရင် လောကီပညာ ရပ်တွေမှာ ပေါက်ရောက်အောင် အားမထုတ်နိုင်ဘူးကွ ...ဟု ဦးသူတော်က ပြောလေ၏။ ဤသို့ ကျွန်ုပ်တို့နှစ်ဦးသည် စကားတပြောပြောနှင့် လျှောက်လာခဲ့ကြရာ အရှေ့ဘက် အာရုံခံ မုဓ်ဦးရှေ့သို့ ရောက်ခဲ့ကြလေ၏။ ထို့နောက်အာရုံခံ တန်ဆောင်းပေါ်သို့ တက်ခဲ့ကြလေ၏။ ထိုအာရုံခံ တန်ဆောင်းအတွင်းရှိ ဂန္ဓာကုဋီ တိုက်တွင်ရှိတော်မူသော “ ကကုသန္ဓ ဗုဒ္ဓ ရုပ်ပွားတော် ”ကို ဖူးမြော်ကြ၏။ ထိုရုပ်ပွားတော်ကို ပဉ္စလောဟာ သတ္တုစပ်ဖြင့် သွန်းလုပ်ပူဇော်ခဲ့ခြင်း ဖြစ်သည်။ လက်ျာဘက်လက်တော်မှာ ပက်လက်အနေ အထားဖြစ်ခြင်း ဖြစ်သောကြောင့် “လက်ပက်လက်ဘုရား ” ဟု ဘွဲ့တော်အမည်ထင်ရှားတော်မူ၏။

ထို့နောက် ....ကျွန်ုပ်၏ မှတ်စုစာအုပ်တွင် “ ကကုသန္ဓရုပ်ပွားတော် ” - “ ဗုဒ္ဓါဂုဏ်တော် ကိုးပတ်ကိုးရက် ” ဟူ၍ ရေးမှတ်လိုက်လေတော့၏။ “ နောက်ဆုံး ဂုဏ်တော်တစ်ပါးဖြစ်တဲ့ “ ဘဂဝါ ဂုဏ်တော် ” ကို ကိုးပတ်ကိုးရက် တိတိပုတီး အဓိဌာန်စိပ်ရမယ့် နေရာကတော့ အထက်ပစ္စယံပေါ်မှာ တည်ထားတဲ့  “ တဝဂူဘုရား ” ပဲ....မောင်အောင်ထွန်း။ ” ဟု ဦးသူတော်က ပြောလေ၏။

ထို “ တဝဂူဘုရား ” မှာ နဖူးတော်နှင့် မျက်လုံးတော်တို့၌ ပတ္တမြားမျက်ရှင် ရုပ်ပွားတော် ” ဟူ၍လည်း ထင်ရှားတော်မူ၏။ ၁၈၅၂ ခုနှစ်က Major Fraser တို့အဖွဲ့ ဌာပနာတိုက်ဖောက်ခဲ့သော နေရာမှာ ထို “ တဝဂူဘုရား ” နေရာဖြစ်၏။ ဘုရားတန်ခိုးတော်ကြောင့် မအောင်မြင်ခဲ့ပါ။ စစ်ကဲဦးတော်လေးက အုတ်ဖြင့် ပြန်လည်ပိတ်ဆို့ခဲ့ရသည်ဟု စာဟောင်းများ၌ ပါရှိလေ၏။

ကျွန်ုပ်နှင့် ဦးသူတော် တို့နှစ်ဦးသည်  တောင်ဘက်အာရုံခံမုဓ်ဦး နံဘေးလှေခါးမှ အထက်ပစ္စယံသို့ တက်ခဲ့ကြပြီးလျှင် “ တဝဂူပတ္တမြားမျက်ရှင်ဘုရား ” ကို သွားရောက်ဖူးမြော်ကြလေ၏။ ထို့နောက်....အထက်ပစ္စယံပေါ်မှ ဆင်းလာခဲ့ကြပြီးလျှင် ၁၉၂၀ ခုနှစ်က ဂေါပကလူကြီး “ ဦးရာသီ ” ဆောက်လုပ်လှူဒါန်းခဲ့သော မီးအိမ်နှင့် ကြာပွတ်ကိုင်ထားသော ကုလားရုပ်ကြီးရှေ့၌ထိုင်ကြလေ၏။ ထိုကုလားရုပ်ကြီး နှစ်ရုပ်မှာ အိန္ဒိယနိုင်ငံမှ မှာယူခဲ့ခြင်းဖြစ်၏။ ( မှတ်ချက်....ထိုသံထည် ကုလားရုပ် ကြီးများကို ဖယ်ရှားလိုက်ပြီ ဖြစ်၏။)

“ ကဲ...မောင်အောင်ထွန်း...မှတ်စုစာအုပ်ထုတ်ပြီး မှတ်ဖိုပြင်ပေတော့...။ အထက်လမ်းရဲ့ အတက်လမ်းကိုတော့ စောစောက ပြခဲ့တဲ့ အံ့ဖွယ်ကိုးဌာနမှာ စရလိမ့်မယ်။ ကိုးဌာန ၊ ကိုးရက် စီဆိုတော့ ၉၁ ရက်တိတိ ကြာလိမ့်မယ်။ အဲဒီ အဓိဌာန်ကိုတော့ “ အံ့ဖွယ်ကိုးဆူ အဓိဌာန်ယူ ” လို့ မင်းရဲ့ မှတ်စုစာအုပ်မှာ မှတ်ထားလိုက်ပေတော့ ” ဟု ဦးသူတော်က ပြောလေ၏။ ကျွနု့်ပ်လည်း ဦးသူတော်ကြီး ပြောသည့်အတိုင်း မှတ်စုစာအုပ်၌ ရေးမှတ်လိုက်လေတော့၏။

“ ကိုးဆူအဓိဌာန်ပြီးရင်...အထက်လမ်းရဲ့ အထက်လမ်းကို စပြီလို့သာ မှတ်လိုက်ပေတော့  မောင်အောင်ထွန်း...” ဟု ဥိးသူတော်က ပြောလိုက်လေရာ .... ကျွန်ုပ်က အဲဒီအဓိဌာန် ပုတီးတွေစိပ်တဲ့ အခါမှာ သက်သက်လွတ်ပါစားဖို့ လိုသလား ဦးသူတော် ” ဟု မေးလိုက်လေ၏။ ထိုအခါ ဦးသူတော်ကြီးက သက်သက်လွတ်စားရုံတင် ဘယ်ကမလဲ ...“ နဝင်္ဂ ဥပုသ်သီလ ” ပါ ဆောက်တည်ရလိမ့်မယ်။ ပြီးတော့ ...“ ကိုးဆူအဓိဌာန် ” ပြီးတာနဲ့ ရက်မခြားပဲ နောက်တစ်ရက်မှာ  “အောင်မြေကိုးဌာန ” ရဲ့ အောင်မြေတစ်ဌာနစီမှာ အလင်းတိုင် ( ဖယောင်းတိုင် ) ကိုးတိုင်စီထွန်းပြီး၊ အဓိဌာန် ဝင်ရလိမ့်မယ်။ အောင်ဓါတ်လင်း လို့ ရေးမှတ်လိုက်ပေတော့...မောင်အောင်ထွန်း ”  ဟုပြောလိုက်လေ၏။

ကျွန်ုပ်လည်း မှတ်စုစာအုပ်၌  “အောင်မြေနဝင်း အောင်ဓါတ်လင်း ” ဟု ရေးမှတ်ရပြန်လေ၏။  ဦးသူတော်ပြောပြသော  အောင်မြေ ကိုးဌာနမှာ အောက်ပါအတိုင်း ဖြစ်လေ၏။

  • ပထမအောင်မြေ.........အထက်ပစ္စယံအရှေ့ဘက်တည့်တည့် တဝဂူပတ္တမြား မျက်ရှင်ဘုရား.
  • ဒုတိယအောင်မြေ..........စနေထောင့်တွင် ရှိသော နေလဘုရား
  • တတိယအောင်မြေ.........ရာဟုထောင့်တွင်ရှိသော ဆုတောင်းပြည့် ရှင်စောပုဘုရား။
  • စတုတ္ထအောင်မြေ...........နောင်တော်ကြီးစေတီ၏ မြောက်ဘက် ရှင်မထီးတန်ဆောင်း။
  • ပဉ္စမအောင်မြေ..............ဘိုးဘိုးအောင် တန်ဆောင်း
  • ဆဌမအောင်မြေ.............ခြင်္သေ့ရုပ်နှင့် ကျားရုပ်ရှိသော ဓမ္မစေတီဘုရား..
  • သတ္တမအောင်မြေ............အင်္ဂါထောင့်ရှိ ကျေးရုပ် သုံးရုပ်ရှိသော တန်ဆောင်း။
  • အဌမအောင်မြေ..............ရာဟုထောင့်ရှိ ရေပြင်
  • နဝမအောင်မြေ...............မြောက်ဘက်တွင်ရှိသော ဝိဇ္ဇာတန်ဆောင်း

ထို့နောက်....ဦးသူတော်သည် “ ပထမအောင်မြေ၌ အလင်းတိုင်( ဖယောင်းတိုင် ) ကိုးတိုင်ပူဇော်ပြီးလျှင် “ ဗုဒ္ဓဂုဏောအနန္တော ” ကို ပုတီးတစ်လုံး တစ်ပိုဒ်ရွတ်ဆို၍ ပုတီး ၁၀၈ ပါတ်ကို တစ်ရက်တည်း နှင့်စိပ်ရမည်။ ဒုတိယအောင်မြေ၌  “ ဓမ္မဂူဏော အနန္တော ” ။ တတိယအောင်မြေ၌ “ သံဃ ဂုဏော အနန္တော ” ။ စတုတ္ထအောင်မြေ၌ “ ဗုဒ္ဓေါမေသရဏံ အညံနတ္ထိ ”  ။ ပဉ္စမအောင်မြေ၌ “ ဓမ္မောမေသရဏံ အညံနတ္ထိ ”။ ဆဌမအောင်မြေ၌ “ သံဃော မေသရဏံ အညံနတ္ထိ”  ။ သတ္တမအောင်မြေ၌ “ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ”  ။ အဌမအောင်မြေ၌ “ ဓမ္မံ သရဏံ ဂစ္ဆာမိ ” ။ နဝမအောင်မြေ၌ “ သံဃံ သရဏံ ဂစ္ဆာမိ ” ။ ဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်လည်း မှတ်စုစာအုပ်တွင် အောက်ပါအတိုင်း သေချာစွာ ရေးမှတ်ထားလိုက်လေတော့၏။


မှတ်ချက်။    ။ ပုတီးတစ်ပါတ်ပြီးတိုင်း ၊ “ ဧသာဥာတ္တိ ၊ ဂစ္ဆာအမုမှိ ၊ သြကာသေတိဌာဟိ ” ဟု တစ်ခေါက်ရွတ်ဆိုရမည်။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ၊မဟာချိုင်မြို့

0 comments :

Post a Comment

မရှင်းလင်း၍ မေးသည်များကို အီးမေးလ် ပေးပို့ပြီး မေးရင် ပိုပြီးထိရောက်စွာ ကူညီဖြေပေးပါမည်။ (sayaheintintzaw@gmail.com)

 

စာအုပ်များအမှတ်စဉ်(၁)အုပ်ရေ(၅၀၀)

စာအုပ်များ အမှတ်စဉ်(၃) အုပ်ရေ (၅၀၀)

စာအုပ်များအမှတ်စဉ် (၂) အုပ်ရေ (၅၀၀)